Breaking News

အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ တပ်ကိုယ်စားလှယ်များ သဘောထားမပါ

အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာ တပ်ကိုယ်စားလှယ်များ သဘောထားမပါ

ဖြိုးသီဟချို (Myanmar NOW) 
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၉


အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အပြီးသတ်အစီရင်ခံစာကို ယနေ့ (ဇူလိုင်လ ၁၅ ရက်နေ့) နေ့လယ်ပိုင်းကကော်မတီအတွင်းရေးမှူးဖြစ်သူ NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားခဲ့ပြီး အစီရင်ခံစာအပေါ် တပ်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်ကိုလည်း ထည့်သွင်း ဖတ်ကြားခဲ့သည်။

ယင်းအစီရင်ခံစာတွင် နိုင်ငံရေးပါတီ ၁၄ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့က ပေးပို့ထားသည့် အခြေခံဥပဒေပြင်ဆင်ရန် အကြံပြုသည့် အချက်ပေါင်း ၃၇၆၅ ချက် ပါရှိကြောင်း သိရှိရသော်လည်း အသေးစိတ်အချက်များကို သိရှိရခြင်း မရှိသေးပေ။

ပူးပေါင်းကော်မတီဝင်များဖြစ်သည့် တပ်ကိုယ်စားလှယ်များက အစီရင်ခံစာကို သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သော်လည်း ၎င်းတို့၏ သဘောထားကွဲလွဲချက်များကို အချက်(၃)ချက်ဖြင့် အစီရင်ခံစာတွင် ပူးတွဲဖော်ပြခဲ့ကြောင်း အစီရင်ခံစာကို ဖတ်ကြားရာတွင် ၎င်းကပြောသည်။

တပ်ကိုယ်စားလှယ်အစုအဖွဲ့၏ သဘောထားမှတ်ချက်တွင် ခြေဥ ပြင်ရေး ပူးပေါင်းကော်မတီမှာ ၂၀၀၈ အခြေခံဥပဒေ အခန်း (၁၂) နှင့်မကိုက်ညီ၍ ကော်မတီဖွဲ့စည်းရန် အဆိုတင်စဉ်ကပင် တပ်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြောင်း၊ သို့ရာတွင်ပြည်ထောင်စုလွှတ်တော်က မဲခွဲအတည်ပြုပြီး ကော်မတီ ဖွဲ့စည်းခဲ့ခြင်းဖြစ်၍ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာသောအားဖြင့် ပါဝင်တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

ထိုသို့တက်ရောက်ရာတွင် တပ်ကိုယ်စားလှယ်များက ပြင်ဆင်ရန် အဆိုပြုချက်တင်သွင်းခြင်း၊ သဘောထားမှတ်ချက်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခုပူပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်းလည်း တပ်ကိုယ်စားလှယ်များက သဘောထားမှတ်ချက်ပြုခဲ့သည်။
ထိုအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီးနောက် လွှတ်တော်မှအကြံပြုချက်များကို ထပ်မံရယူပြီး ပူးပေါင်းကော်မတီအတွင်း ထပ်မံ ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုအစီရင်ခံစာပါ အချက်များကို အခြေခံကာ အခြေခံဥပဒေပြင်ဆင်ရန်အတွက် ဥပဒေမူကြမ်းတစ်ခု ရေးဆွဲရမည်ဖြစ်သည်။

“အစီရင်ခံစာတင်ပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို ဥပဒေမူကြမ်းတစ်ခုကို ရေးဆွဲ၊ပြုစုရမယ်။ မူကြမ်း ပြုစုပြီးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)မှာ ပါတဲ့ ပုံစံမျိုးနဲ့ လွှတ်တော်ကို တင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်း အဲဒီကျတော့မှ တက်လာမှာ” ဟု

ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဇူလိုင်လ ၁၂ ရက်နေ့က ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) အခြေခံဥပဒေပြင်ဆင်ခြင်းအခန်း ပုဒ်မ ၄၃၄ အရ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမည်ဖြစ်ပြီး ပုဒ်မ ၄၃၅ အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက တင်ပြလာပါက ထိုဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဖြစ်သည်။

ဦးအောင်ကြည်ညွန့်က အခြေခံဥပဒေပြင်ဆင်ရာတွင် အခြေခံဥပဒေမူဘောင်အတွင်းကသာ ပြင်ဆင်သွားမည်ဖြစ်ပြီးကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း၏ လက်မှတ်ဖြင့် အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင်ဆက်လက် တင်သွင်းသွားမည် ဖြစ်သည်ဟု ပြောသည်။

“နောက်တစ်ဆင့်ကြရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ဥပဒေကြမ်းနဲ့သာ ပြင်ဆင်ရမယ်လေ။ ကျွန်တော်တို့(ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည့်) ဥပဒေမူကြမ်းကို ပြုစုကြမယ်။ ဥပဒေမူကြမ်းကို ပြုစုပြီးသွားရင် ကျွန်တော်တို့ ၄၅ ဦးကော်မတီရဲ့ အခန်းက ကဏ္ဍက ပြီးသွားပြီ” ဟု ၎င်းက ဆိုသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အရမူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူမှသာ ပြင်ဆင်ခွင့်ရှိမည်ဟု ဖော်ပြထားရာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေသည့်အတွက် တပ်မတော်က သဘောမတူပါက ပြင်ဆင်နိုင်မည့် အခြေအနေမရှိ ဖြစ်နေသည်။

ယခုနှစ်ဆန်းပိုင်းက ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် ဆွေးနွေးသည့်အချိန်တွင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်များက အခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။

ယခုနှစ် ဇန်နဝါရီလက ပူးပေါင်းကော်မတီ ဖွဲ့သင့်၊မသင့် ဆွေးနွေးရန် အဆိုပြုသည့် အချိန်တွင်လည်း တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က မတ်တပ်ရပ် ကန့်ကွက်ခဲ့ပြီး လွှတ်တော်ကို ဆန္ဒပြခဲ့ကြသည်။ သို့သော် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထိုကော်မတီကို NLD ကိုယ်စားလှယ် ၁၈ ဦး၊ တပ်ကိုယ်စားလှယ် ၈ဦး၊ လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ၄၅ ဦးဖြင့် ဖွဲ့စည်းထားသည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အဆိုပြုချက်များ တင်သွင်းရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်စေရန် ပိတ်ပင်ထားသည့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရန်၊ တပ်မတော်က နေရာအများစု ရယူထားသည့် ကာ/လုံ ပယ်ဖျက်ပေးရန်၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်ခွာပေးရန် စသည့် အချက်များကို တင်သွင်းခဲ့ကြသည်။

ထိုအချက်များမှာ ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းမည် အစီရင်ခံစာနှင့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် ဆက်လက်ပါရှိ၊မရှိ ဆိုသည့် မေးခွန်းကို ဦးအောင်ကြည်ညွန့်က ဖြေကြားရန် ငြင်းဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်သင့်၊ပြင်ဆင်ထိုက်သည့် ပုဒ်မများကို ပြင်ဆင်နိုင်ရန် ကြိုးစားနေပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊မရှိမှာ ပါဝင်ဆောင်ရွက်ကြသည့် အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်နေသည်ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

“ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်မလာဘူးဆိုရင်တော့ ပါဝင်ဆောင်ရွက်ကြတဲ့ အင်အားစုအဖွဲ့အစည်းတွေ ပူပေါင်းပါဝင်မှု အားနည်းခဲ့ကြတယ်ဆိုတာ သမိုင်းမှာ ပေါ်မှာပေါ့။ အဖြေက ဒါပါပဲ” ဟု ၎င်းကပြောသည်။

တပ်မတော်က ခွင့်ပြုသလောက်သာ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့်အချိန်တွင် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အခြေခံမူများကို အခြေခံဥပဒေပြင်ဆင်ရာတွင် မထည့်သွင်းနိုင်ပါက နောက်ပိုင်းတွင် ပိုမိုခက်ခဲသွားနိုင်သည်ဟု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးဇန်ဇမုန်က သုံးသပ်သည်။

“ဖက်ဒရယ်မူစစ်စစ်နဲ့ မသွားနိုင်သေးရင်တောင်မှ ဖက်ဒရယ်မျိုးစေ့ကို နောင်လာမယ့်လူငယ်တွေ နောင်လာမယ့်မျိုးဆက်တွေအတွက် ထားခဲ့သင့်တယ်။ ဒါကို ဆက်လက်ပြီးတော့ အကောင်အထည် ဖော်ဖို့တော့ ကောင်းတယ်လေ။ တိုင်းပြည်က ဖက်ဒရယ်နိုင်ငံ မတည်ထောင်နိုင်လို့ပဲ တိုက်ပွဲတွေဖြစ်နေတာပဲ” ဟု ၎င်းကပြောသည်။