Breaking News

သားကြီးမောင်ဇေယျ - ဖေဖေ့လွယ်အိပ်ထဲက စာအုပ်တွေ



သားကြီးမောင်ဇေယျ - ဖေဖေ့လွယ်အိပ်ထဲက စာအုပ်တွေ

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၉

(၂၀၁၃)

ဖေဖေ နဲ့ ကျနော် စကား ပြောလေ့ပြောထ သိပ်မရှိ။

အထူးသဖြင့် နိုင်ငံရေးအကြောင်းကို ပိုမပြောဖြစ်ခဲ့ကြပါ။ ဒါပေမယ့်သူ အိမ်ပြန်လာလျှင် တော့ သူ့ရဲ့ အနီရောင် အင်းလေး လွယ်အိပ် ဖေါင်းဖေါင်းကြီးထဲမှာ ကျနော့်တို့အတွက် ဖတ်စရာစာအုပ် တွေပါလာလေ့ရှိပါတယ်။ ဆရာပါရဂူရဲ့ ညီတော်မင်းနန်၊ ဆရာ မြသန်းတင့်ရဲ့ ကျနော်ဆက် ရေးချင်သော ၀ထ္ထုတိုများ ၊ ဆရာဦးသော်ဇင်ရဲ့ မာဃဒေဝ၊ ဆွန်ဇူးရေးတဲ့ စစ်သေနင်္ဂဗျူဟာ စတဲ့ စတဲ့ ဖေဖေ မိတ်ဆွေတွေ လက်ဆောင်ပေးတဲ့ စာအုပ်တွေပါ။

ကျနော်ကလည်း ၈ တန်း ၉ တန်း စာဖတ်အားကောင်းနေတဲ့ အချိန်။

တနေ့ ဖေဖေ့ လွယ်အိပ်ထဲကို ကြည့်လိုက်တဲ့အခါ အနီရောင် အောက်ခံပေါ်မှာ စစ်ဝတ်စုံဝတ် ဗိုလ်ချုပ် မျက်နှာကိုယ်တပိုင်းပုံ မျက်နှာ ဖုံးနဲ့ စာအုပ်တအုပ်။

ပန်းချီမောင်ငွေထွန်းရဲ့လက်ရာပါ။

တစိမ့်တစိမ့်ကြည်လေလေ ဗိုလ်ချုပ်ရဲ့ ခန့်ညားပြတ်သားတဲ့ မေးရိုးတွေ က ပေါ်လွင် လေမို့ ကျနော် လက်က မချနိုင်ပါဘူး။

ဒီညတော့ ဖတ်စရာ စာအုပ်ကောင်း တအုပ်ရပြီမို့ ကျနော်စာကြည့်ခန်းထဲကို အပြေးဝင်သွားမိပါတယ်။ စာအုပ်ကိုလက်ကမချပဲ တညလုံးးဖတ်ဖြစ်ပါတယ်။ စာရေးသူက အောင်သန်း။ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းပါ။ စာအုပ်နာမည်က အောင်သန်းရဲ့ အောင်ဆန်း။

လက် နှစ်လုံးကျော်ကျော်ထူတဲ့ စာအုပ်ကို တညတည်း ကုန်အောင်ဖတ် မိလိုက်ပါတယ်။ စာရေးသူ ဦအောင်သန်းက လည်း ကျနော်နဲ့ မျက်နှာ မစိမ်းပါ။ သူရဲ့ ရန်ကင်းအိမ်ကို ပြန်တဲ့ အခါ တာမွေ အဝိုင်းထိပ်မှာ ရှိတဲ့ ကျနော်တို့ အိမ်ကို လမ်းကြုံတိုင်း ဝင်လာတတ်သူမို့ပါ။

နောက်နေ့ စကား မစပ် ဖေဖေကို ကျနော်က

‘ ဖေဖေ ဗိုလ်ချုပ်ကိုတွေ့ဖူးလား’ မေးမိပါတယ်။

ဖေဖေက ပက်လက်ကုလားထိုင်ပေါ်မှာ စာရေးနေရင်း ကျနော့်ဖက်ကိုလှမ်းကြည့်ပြီးတော့

‘ ဂျပန် တော်လှန်းရေးလုပ် စခါစမှာ ဗိုလ်ချုပ်ကို မုံရွာ ခိုးသန်းရွာ ဖက်မှာ တခါတွေ့ဖူးတယ်။ ဗိုလ်ချုပ်တို့ တောလမ်း အတိုင်းလာမယ်၊ လိုတာတွေ ကူညီဖို့ အကြောင်းကြားထားတော့ သွားတွေ့ရတယ်။ ဗိုလ်ချုပ် က စုတ်ပြတ်နေတာပဲကွာ။ သူ့နောက်ကပါလာတဲ့ ရဲဘော်တွေကလဲ မျက်လုံးတွေ ကြောင်တောင်တောင်နဲ့ ဝါးချွန်ကိုင် တဲ့ သူက ကိုင်၊ ဓါးမ ကိုင်တဲ့သူက ကိုင်နဲ့။ လူတွေကလည်း နှုံးချိ နေတဲ့ပုံ၊ အားပြတ်နေတဲ့ပုံပဲ။ ငါက ဗိုလ်ချုပ်နဲ့တွေ့တော့ တော်လှန်ရေး အကြောင်းတွေ ဆွေးနွေးမယ်၊ လူထု အခြေအနေတွေ၊ ရန်သူအခြေအနေတွေ မေးမယ်လို့ ထင်မိတာပေါ့။ ဒါပေမယ့် သူက

‘ ငါတို့ ထမင်းစားမယ် ‘ ဒါပဲသူပြောတယ်။

ငါလည်းသူတို့အတွက်ထမင်းထုတ် တွေ ပြင်ပေးရတယ်။ ဒီလို ဝါးချွန် တွေ၊ သံချေးတက် ဓါးတွေကိုင် တဲ့ တပ် နဲ့ အင်အားသိန်းချီရှိတဲ့ ခေတ်မီ ဂျပန် တပ်တော်ကြီးကို ဘယ်လိုအောင်မြင်အောင်တိုက်နိုင်မလဲ ဆိုတာ စဉ်းစားလို့မရဘူး”

ဖေဖေ က အဲဒီတုန်းက အသက် ၂၀ ဝန်းကျင်သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်။ လွပ်လပ်ရေး အတွက်ဆန္ဒပြင်းထန်နေတဲ့ လူငယ်မျှသာ။ ဗိုလ်ချုပ်ကလည်း အသက် ၃၀ ဝန်းကျင်၊ မြန်မာ့လွပ်လပ်ရေးကလွဲပြီး ဘာမှ မစဉ်းတဲ့ လူလတ်ပိုင်း မရှိတရှိ။ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ဖို့ သူတို့ အားကိုး မျှော်လင့်ထားတဲ့ ဂျပန် တွေက သူတို့ကိုလှည့်စားလိုက်ပြီလို့ သိရတဲ့ အခါ သူတို့ခေါင်းပေါ်ကို မိုးပြို ကျသလို သူတို့ ခံစားမိကြလိမ့်မယ်။

တဖက်က နေမဝင်အင်ပါရာ နယ်ချဲ့ စစ်တပ်၊ တဖက်က နေမျိုးနွယ် ဖက်စစ် တပ်။ နောက်တဖက်က အဲဒီတပ်နှစ်ခုစလုံးကို အာခံနေတဲ့ အလွန်အားနည်းနေတဲ့ မွေးကင်းစ မြန်မာ့တပ်(ဖက်စစ်တော်လှန်းရေး တပ်)။

နေမဝင် အင်ပါရာ တပ်က လေယျာဉ်တွေ၊ အမြောက်တွေ ၊ ပိုင်ဆိုင်ထားသလို၊ ဖက်စစ်တပ်ကလည်း သံချပ်ကာတွေ ၊ တိုက်သင်္ဘေံာတွေ အများအပြားကိုပိုင်ဆိုင်ထားကြပါတယ်။ ဖက်စစ်တော်လှန်ရေး တပ်ကတော့ သံချေးတက်ဓါးမနဲ့ ဝါးချွန်ကိုသာ ကိုင်ဆောင်ထားကြရတာပါ။

ရန်သူ့ရိက္ခာ ဒို့ရိက္ခာ။ ရန်သူ့လက်နက် ဒို့လက်နက် လို့ ကြွေးကြော်ရင်း သတိပြောင်ပြောင်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ သူတွေ အမြောက်အမြား ထွက်ပေါ်လာပေမယ့် ခိုင်မာတောင့်တင်းတဲ့ ရန်သူယန္တယားတပ်မတွေကို ခြေမှုန်းဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းလှပါတယ်။

ကျနော့်အဖိုး ဋ္ဌာနာအုပ် ရဲ့ ခြောက်လုံးပြူး သေနတ်ကိုသိမ်းပြီး နေမဝင် အင်ပါယာ တပ်မ နဲ့ နေမျိုးနွယ် ဖက်စစ်တပ် ကို ခြေမှုန်းဖို့ ကြိုးပမ်းခဲ့တဲ့ ဖေဖေဟာ ရန်သူနဲ့ လက်နက်ချင်း မယှဉ်နိုင်တာကို လက်တွေ့ကျကျသိလာပါတယ်။ ဒါဟာ တော်လှန်ရေးလူငယ်တွေ အတွက် တကယ့်အကြပ်အတည်းပါ။

ဒါပေမယ့် ဗိုလ်ချုပ်က ဒီလို အကြပ်အတည်းက လွတ်မြောက်အောင်ထွက်နိုင် ခဲ့ပါတာယ်။

သူက ကိုယ်ထက် အင်အားကြီး ရန်သူ ၂ ယောက်ထဲက စစ်နိုင်မယ့်ရန်သူကို ရွေးပြီး စေစပ်ဆွေးနွေးရေး လုပ်နိုင်ခဲ့တယ်။

ဒါပေမယ့် စေစပ်ဆွေးနွေးပွဲကို ဒူးထောက်ပြီးဝင်ခဲ့တာမဟုတ်ပါဘူး။ လူထုထောက်ခံမှုအပြည်နဲ့ ဂုဏ်သိက္ခာရှိရှိ ဆွေနွေးပွဲ စားပွဲဝိုင်းကို ထိုင်နိုင်ခဲ့တာဖြစ်တယ်။ တနည်းပြောရ ရင် သံသမန် စစ်မျက်နှာ ကိုအောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့တာပါ။

ဒါအပြင် ဗိုလ်ချုပ်က အမှုထမ်းပေါင်းစုံ အထွေထွေ သပိတ်ကြီးကိုပြင်ဆင် လိုက်ပြီး နယ်ချဲ့ အုပ်ချုပ်ရေးယန္တယားကို လူထုအားနဲ့ ဖြိုချနိုင်တယ်ဆိုတာ ပြသလိုက်ပါတယ်။

အုပ်ချုပ်ခံလူထုက လက်မခံရင် အုပ်ချုပ်သူ လူတန်းစား မရပ်တည်နိုင်ဘူး ဆိုတာကို ဗိုလ်ချုပ် ကောင်းကောင်းသိ သလို ကောင်းကောင်းအသုံချနိုင်တဲ့ အတွက် နယ်ချဲ့တွေရဲ့ လက်နက် အင်အားဟာ သင်္ကြန်အမြောက် ဖြစ်သွားခဲ့ရပါတယ်။

စေစပ်ဆွေးနွေးပွဲဆိုတာ ရန်သူကိုလက်နက်ချခိုင်းတာဖြစ်တယ် လို့ ပြောဆိုတဲ့ တောရိုင်းဥပဒေ စွဲကိုင်ထားသူတွေ ပါးစပ်ပိတ်သွားပါတယ်။

ငြိမ်းချမ်းရေးနဲ့ စေစပ်ဆွေးနွေးရေးဆိုတာ စစ်ရှုံးသူတွေ ပြောတဲ့စကားဖြစ်တယ် လိုဆိုသူ စစ်ဝါဒီတွေ ခေါင်းငုံ့သွားပါတယ်။

ဒါဟာအင်အားကို အမှန်တရားနဲ့ အနိုင်ယူလိုက်တာပါ။

ဒါဟာ ပညာဉာဏ်က အင်အားထက် ပိုအစွမ်းထက်ကြောင်းပြလိုက်တာပါ။

ဒီကနေ့ အင်အားကို အမှန်တရား လို ကိုးကွယ်နေသူတွေကို ကျနော်တို့ ဘယ်လို သင်္ခန်းစာ ပေးနိုင်မလဲ။

အာဏာဓါး တဝင့်ဝင့်နဲ့ ခိုးရာပါ၊ တိုက်ရာပါ ပစ္စည်းတွေ ဖက်တွယ်ထားသူတွေကို ကျနော်တို့ ဘယ်လို တရားပြနိုင်မလဲ။

ဖေဖေ့ ရဲ့ အင်းလေး လွယ်အိပ်ဖေါင်းဖေါင်း ထဲက ထွက်လာမယ့် စာအုပ်တွေက ကျနော့်ကိုပြောပြနိုင်မှာလား၊

ဒါမှ မဟုတ် . . . .။

သားကြီးမောင်ဇေယျ

(၂၀၁၉)


ဒီဆောင်းပါးကို ကျွန်တော့် ဟတ်ဒစ် အဟောင်းထဲက ပြန်တွေ့တာပါ။ မနေ့ညက ဖိုင်အဟောင်းတွေကို ရှင်းရင်းနဲ့ပေါ့။ အဲဒီဆောင်းပါးရေးချိန်မှာ ဦးသိန်စိန်ရဲ့ လူဝတ်လဲ အစိုးရ အားကောင်းနေချိန်ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမျိုးသားဒီမိုကရေစီ အစိုးရ အားကောင်းနေချိန်ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုအင်အားနဲ့အတူ ကြိုးပမ်းနေချိန်ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ တရုတ်နဲ့ အမေရိကန်တို့ စီးပွားရေး စစ်မျက်နှာဖွင့်ပြီး အကြိတ်အနယ် တိုက်ခိုက်နေချိန်ဖြစ်ပါတယ်။ သူတို့က ခေတ်မီယန္တယားတွေ ၊ ဓန အင်အားတွေ ပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ မီးပျက် ၊ မောင်းကျိုး သံချေးတက် ချစားနေတဲ့ ယန္တယားအို တွေသာ ပိုင်ဆိုင်ထားကြပါတယ်။ နိုင်ငံကြီးတွေရဲ့ စီးပွားရေးစစ်ပွဲကနေ ကျွန်တော်တို့ နိုင်ငံ ပြန်လည် နလံထူရေး အတွက် ဘာတွေ လုပ်ဆောင်နိုင်မလဲ လို့ စဉ်းစားရင် စိတ်ကူးယဉ် အိပ်မက် မက်သလိုများဖြစ်နေမလား ထင်မိတယ်။

ဒါပေမယ့် ဟိုတချိန်က ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းနဲ့ နိုးကြားတဲ့ မြန်မာ လူထုကြီးကြောင့် လွတ်လပ်ရေး ရခဲ့သလို လက်ရှိ အချိန်မှာလည်း ခေါင်း ဆောင်းကောင်းတွေရဲ့ ပညာဉာဏ်နဲ့ လူထုရဲ့ အသိမြင့်မားမှုကြောင့် ဒုတိယ လွတ်လပ်ရေးကို အရယူနိုင်မယ်လို့ ယုံကြည်လာပါတယ်။ ဒီဆောင်းပါး အဟောင်းကလေးကို ပြန်ဖတ်နေရင်းပေါ့။

သားကြီးမောင်ဇေယျ

(၁၅-၀၇-၂၀၁၉)