Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း (အခန်း ၁၊ အပိုင်း ၁)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း (အခန်း ၁၊ အပိုင်း ၁)
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၉

● ရှမ်းပြည်နယ်အရှေ့ပိုင်း သို့မဟုတ် ရှမ်းအရှေ့
ရှမ်းပြည်နယ်အား ရှမ်းမြောက်၊ ရှမ်းတောင်၊ ရှမ်းအရှေ့ဟူ၍ ယေဘုယျ ပိုင်းခြားခေါ်ဝေါ်ကြသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဟု ခေါ်ဆိုသတ်မှတ်သည့်ဧရိယာမှာ ရှမ်းပြည်နယ်တွင်း ဖြတ်သန်းစီးဆင်းနေသော သံလွင်မြစ်၏အရှေ့ခြမ်း ဖြစ်သည်။ သို့ သော် သံလွင်မြစ်၏ အရှေ့ခြမ်းတွင်ပင်ရှိသည့် မြောက်ဖက်ခြမ်းတွင်ရှိသော ဝ နယ်နှင့် ကိုးကန့်ဒေသအား ရှမ်းမြောက်တွင်ထည့်သွင်းသတ်မှတ်ထားသည်။ သို့ဖြစ်ရာ ယခုဆိုနေသည့် ရှမ်းအရှေ့ဆိုသည်ကိုးကန့်နှင့် ဝ နယ်မပါသော သံလွင်မြစ် အရှေ့ဖက်ခြမ်း၏ တောင်ဖက်ပိုင်းဖြစ်သည်။ ထို့ကြောင့်လည်း သံလွင်အရှေ့ဟုမဆိုဘဲ ရှမ်းအရှေ့ဟုဆိုခြင်း ဖြစ်ပုံရသည်။

တောင်ကြီးမှ အရှေ့စူးစူး သံလွင်မြစ်အရှေ့ဖက်ရှိ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီ လိတ်နယ်များသည် ရှမ်းအရှေ့တွင် ပါဝင်သည်။ သံလွင်မြစ်ကူးပြီးနောက် တွေ့ရသည့် မိုင်းပျဉ်းသည် ရှမ်းအရှေ့တွင် စတင်တွေ့ရသည့် ဖြစ်သည်။ သို့သော် မိုင်းပျဉ်း၏မြောက်ဖက်ရှိ မက်မန်းမြို့နယ်မှာမူ ရှမ်းအရှေ့တွင် ထည့်သွင်းမထားဘဲ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းတွင် ထည့်သွင်းထားသည်ကို တွေ့ရသည်။ သို့သော် ကျိုင်းတုံ၏ မြောက်ဖက်ရှိ မိုင်းခတ်၊ မိုင်းယန်းတို့အား ရှမ်းအရှေ့တွင် ထည့် သွင်းထားသည်သာမက လက်ရှိ UWSA (ဝ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့) က ကာလကြာမြင့်စွာကပင် ထိမ်းချုပ်ထား သည့် ဒေသတွင်ပါရှိသော မိုင်းယန်းမြောက်ဖက်ရှိ မိုင်းဖျန်၊ ဟိုတောင်း၊ မိုင်းပေါက်တို့အားလည်း လက်ရှိအစိုးရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံ၌ မိုင်းယန်းမြို့နယ်အတွင်းတွင် ထည့်သွင်းဖွဲ့စည်းထားသည်။

ကျိုင်းတုံ အရှေ့မြောက်ရှိ မိုင်းလား၊ မိုင်းယောင်း၊ မိုင်းယုတို့သည်လည်း ရှမ်းအရှေ့တွင်ပါဝင်သကဲ့သို့ ကျိုင်းတုံ - တာချီလိတ် တောင်ဖက်ခြမ်းရှိ မိုင်းဆတ်၊ မိုင်းတုံ၊ မုန်းထ၊ ပုံပါကျင်၊ မိုင်းခုတ် စသည့်နယ်များသည်လည်း ရှမ်းအရှေ့တွင်ပါဝင်ပါသည်။ ရှမ်းအရှေ့ဒေသသည် တရုတ်၊ လာအို၊ ထိုင်းတို့နှင့် နယ်နမိတ်ချင်း ရှည်လျားစွာဆက်စပ်နေသောဒေသလည်း ဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာနှင့် ဆက်စပ်ပတ်သက်မှုတွင် အရေးပါသည့်ဒေသဖြစ်သည်။ စီးပွါးရေးအရပတ်သက်မှု များစွာ ကို တွေ့မြင်ရသည်သာမက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင်လည်း ရွှေတြိဂံဒေသဟူ၍ ကမ္ဘာကျော်သည်။ အကောင်းအဆိုး တို့ ဒွန်တွဲနေသည့်ဒေသဖြစ်သည်။

တရုတ်၊ လာအို၊ ထိုင်းတို့နှင့်နယ်နမိတ်ချင်း ထိစပ်နေသော ထိုဒေသတွင် ၁၉၄၉ ခုနှစ် တရုတ်ပြည်၌ ကွန်မြူနစ်တို့အောင်ပွဲခံပြီးနောက်ပိုင်း၌ အရှေ့နှင့်အနောက်တို့၏ အားပြိုင်ရာဒေသတခုအဖြစ် တဖြေးဖြေးရောက်ရှိလာခဲ့သည်။ သို့ဖြစ်ရာ ရှမ်း အရှေ့၏ အနီးခေတ် နိုင်ငံရေးနှင့် စီးပွါးရေးပေါ်တွင်လည်း အရှေ့နှင့်အနောက်၏ အားပြိုင်မှု တိုက်ရိုက်သက်ရောက်နေသည်
ဟုဆိုရမည်။

ရှမ်းအရှေ့သည် ပေ ၅၀၀၀ ကျော်မှသည် ပေ ၈၀၀၀ ကျော်ထိမြင့်မားမတ်စောက်သော တောင်တန်းများ အထပ်ထပ် သွယ် တန်းနေသောဒေသဖြစ်သည်။ တောတောင်ထူထပ်သောဒေသဖြစ်သည်။ တောင်ကြား မြေပြန့်လွင်ပြင်များတွင် မြို့ပြတည် ဆောက်၍ထားကြသည်။ အစဉ်အဆက်အရ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည်။ ယခုခေတ်ကာလတွင် ရှမ်းအရှေ့ရှိမြို့ ပြအားလုံးသို့ ကားလမ်းပေါက်ပြီဖြစ်သော်လည်း အချို့လမ်းများကား လမ်းကြမ်းအဆင့်တွင်သာ ရှိသေးသည်။ တောင်ပေါ် ကျေးလက်ဒေသများတွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သည်။

မတ်စောက်သော မြင့်မားစသော တောင်တန်းများ ထူထပ်နေသော်လည်း တောင်ကြားလွင်ပြင်များ၌ စပါး၊ မြေပဲစသည်တို့ ကောင်းမွန်စွာ စိုက်ပျိုးနိုင်သည်။ သို့သော် မြေဧရိယာအများစုဖြစ်သည့် တောင်တန်းဒေသများတွင် တောင်ယာစပါးစိုက်ပျိုး ခြင်း၊ လှေခါးထစ် လယ်စိုက်ပျိုးခြင်းတို့အပြင် အမဲလိုက်ခြင်းသည် တောင်ပေါ်သားတို့၏ သဘာဝစီးပွါးရေးပင်ဖြစ်ခဲ့သည်။ ထို့အတူ ထိုတောင်တန်းများပေါ်တွင် တချိန်တခါက ဘိန်းစိုက်ပျိုးမှု ထွန်းကားခဲ့သည်။ ယခုအချိန်တွင်လည်း ဘိန်းစိုက်ပျို း မှု အမြစ်ပြတ်သွားပြီဟု ပြောဆိုရန် ခက်ခဲနေဆဲဖြစ်သည်။

ရှမ်းအရှေ့၏ အနောက်ဖက်အနားသတ်သည် သံလွင်မြစ်ဖြစ်သည်။ ရှမ်းအရှေ့ အရှေ့ဖက်အနားသတ် မြောက်ပိုင်းတွင် မဲခေါင်မြစ်စီးဆင်းလျက်ရှိသည်။ ထိုမြစ်နှစ်စင်းသည် ရှမ်းအရှေ့အတွက် အဓိက အရေးပါသော မြစ်နှစ်စင်းဖြစ်သည်။ တရုတ်ပြည်ထဲမှ မြစ်ဖျားခံစီးဆင်းလာသော သံလွင်သည် မြန်မာပြည်၏ အဓိကမြစ်ကြီး ၄ စင်းတွင်ပါဝင်သည်။ ထို့အတူ တရုတ်ပြည်မှပင် မြစ်ဖျားခံစီးဆင်းလာပြီး အရှေ့တောင်အာရှနိုင်ငံများကို ဖြတ်သန်းစီးဆင်းသွားသည့် မဲခေါင်မြစ်သည် အဆိုပါနိုင်ငံများ ကူးသန်းသွားလာမှုတွင် အရေးပါသည့် မြစ်တစင်းဖြစ်သည်။

ရှမ်းအရှေ့ကို ပတ်ချာဝိုင်းနေသောမြစ်ကြီးများသည် ယခုခေတ်အခါတွင် ကူးသန်းသွားလာရေးအတွက်၎င်း၊ ကုန်သွယ်ရေး အတွက်၎င်း၊ ရေအားလျပ်စစ်ထုတ်လုပ်ရေးအတွက်၎င်း အသီးသီး အသုံးဝင်သော်လည်း ရှေး ယခင်ခေတ်ကာလများကတော့ ကူးသန်းသွားလာရန် အခက်အခဲ အတားအဆီးများဖြစ်ခဲ့ပေသည်။

ရှမ်းအရှေ့တွင် အဓိကလူဦးရေ အများစုမှာ ရှမ်း၊ လားဟူ၊ အာခါလူမျိုးတို့ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်းစ၍ အစိုးရသဘောတူ ညီချက်ဖြင့် UWSA ဝတပ်ဖွဲ့များဝင်ရောက်လာခဲ့ပြီး ၁၉၉၉ ခုနှစ်နောက်ပိုင်း UWSA တပ်ဖွဲ့များထပ်မံဝင်ရောက်ခြင်းနှင့် အတူ ဝ တပ်ဖွဲ့မိသားစုဝင်များ၊ ဝ လူထုများ တသိန်းခန့် ပြောင်းရွှေ့အခြေချလာခဲ့ဖြစ်ရာ လက်ရှိရှမ်းအရှေ့တွင် လူဦးရေ အများစုရှိသော တိုင်းရင်းသားများမှာ ရှမ်း၊ လားဟူ၊ အာခါနှင့် ဝ လူမျိုးတို့ဖြစ်သည်ကို တွေ့ရသည်။ ထို့ပြင် အခြားတိုင်း ရင်းများဖြစ်သည့် လွယ်၊ အင်န်၊ ဖင်း၊ လီဆူး၊ အာခေး စသည့်တိုင်းရင်းသားလူနည်းစုများသည် ဒေသခံတိုင်းရင်းသား ဖြစ်ကြသည်။ ထို့ပြင် လက်ရှိအချိန်တွင် အခြားဒေသအသီးသီးမှ တိုင်းရင်းသားများလည်း အများအပြားပြောင်းရွှေ့အခြေချ နေထိုင်ကြသည်ကို တွေ့ရသည်။

၂၀၁၇ ခုနှစ်စက်တင်ဘာလ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ထားချက်များအရ ( မိုင်းလားဒေသမပါ) ရှမ်းအရှေ့တွင် ရှမ်း လူမျိုး ၂ သိန်း ၆ သောင်းခန်၊ လားဟူ ၁ သိန်း ၆ သောင်းခန့်၊ အာခါလူမျိုး ၁ သိန်းနီးပါးခန့်၊ ဝ လူမျို း ၈ သောင်းခွဲနီးပါးခန့်နှင့် အခြားလူမျိုးများရောရာ ၆ သောင်းခန့်ရှိပြီး စုစုပေါင်း အစိုးရထိမ်းချုပ်မှုအောက်ရှိ ရှမ်းအရှေ့တွင် လူဦးရေ ၆ သိန်း ၆ သောင်းခန့် ရှိသည်ဟုဆိုပါသည်။ သို့သော် မိုင်းဆတ်ခရိုင်အတွင်းရှိ ဝ လူဦးရေ ၈ သောင်းခွဲခန့်မှာ UWSA ၁၇၁ စစ်ဒေသ၏ ထိမ်းချုပ်မှုအောက်တွင်ရှိနေသည်။ အစိုးရထိမ်းချုပ်မှု အောက်တွင်မရှိသော မိုင်း လားဗဟိုပြုသည့် PSC/NDAA ထိမ်းချုပ်ရာအထူးဒေသ ၄ တွင် ဒေသခံတိုင်းရင်းသား တသိန်းခန့်ရှိသည်။ သို့ဖြစ်ရာ ရှမ်းအရှေ့ရှိ လူဦးရေစုစုပေါင်းမှာ ၇ သိန်း ၆ သောင်း (၇၆၀၀၀၀) ခန့်ဖြစ်ပါသည်။ အဓိကလူဦးရေအများဆုံးမှာ ရှမ်းဖြစ် သော်လည်း ကျန် လားဟူ၊ အာခါ၊ ဝ သုံးမျို းပေါင်းက ရှမ်းလူဦးရေ ထက်များနေသော ဒေသဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၅ ရာစုကစ၍ မြန်မာဘုရင်အမှုထမ်းများ စစ်သည်များ စတင်ရောက်ရှိလာခဲ့သော်လည်း ဗမာလူမျိုးတို့၏ ဇာတိဒေသ မဟုတ်ပေ။ သို့သော် ယခုအခါ ရှမ်းအရှေ့တွင် ပြောင်းရွှေ့အခြေချ ဗမာလူမျိုး ၄ သောင်းခွဲခန့်ရှိသည်။ မူလက ဗမာလူမျိုး များမှာ အစိုးရဝန်ထမ်းတာဝန်ထမ်းဆောင်သူများသာရှိသော်လည်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလမ်း ပွင့်ခြင်းကြောင့် ၎င်း၊ ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက်ကြောင့်၎င်း ဗမာလူမျိုးများ တဖြေးဖြေးတိုးတက်များပြားလာသည်ဟု ဆိုရမည်။ အခြားလူမျိုးများဖြစ်သည့် လွယ်၊ လီရှော၊ လီဆူး၊ မြောင်ဇီးအပါအဝင် အခြားလူမျိုး ၂၀ ခန့်မှာ စုစုပေါင်း လူဦးရေ ၂ သောင်း ၂ ထောင်ကျော်ခန့်ရှိသည်ကို တွေ့ရသည်။

ရှမ်းအရှေ့တွင် ကျိုင်းတုံကို ဗဟိုပြုသည့်အုပ်ချုပ်ရေးစနစ်ကို ထူထောင်ထားရှိသည်။ အဆိုပါ ကျိုင်းတုံကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ်သည် ယခုခေတ်မှသာမဟုတ် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ ခန့်ကစပြီး ရှမ်းအရှေ့တွင် ကျိုင်းတုံကို ဗဟိုပြု သည့် အုပ်ချုပ်ရေးဒေသတခု လူအဖွဲ့အစည်းအဝန်းအဝိုင်းတခု စတင်ခဲ့သည်ကို တွေ့ရသည်။ သမိုင်းတင်သောခေတ်တွင် ကျိုင်းတုံစော်ဘွားအုပ်ချုပ်ရေးစနစ်ကို မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ ကျိုင်းတုံစော်ဘွားအုပ်ချုပ်ရေးသည် လက် ရှိ ရှမ်းအရှေ့အား သြဇာသက်ရောက်သည်ကို တွေ့ရသည်။

အင်္ဂလိပ်တို့ ရှမ်းပြည်နယ်အားသိမ်းပိုက်ပြီးနောက် ရှမ်းစော်ဘွားစနစ်ကို မဖျက်သိမ်းသော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေးမြို့ များအား ရှမ်းမြောက်တွင် လားရှိုး၊ ရှမ်းတောင်/ အလယ်တွင် တောင်ကြီးနှင့် ရှမ်းအရှေ့တွင် လွယ်မွေတို့တွင် (ရှမ်းစော် ဘွားများ ရုံးမစိုက်သည့်နေရာများတွင်) ၎င်းတို့၏အုပ်ချုပ်ရေးမြို့ များတည်ထားခဲ့သည်။ ယနေ့ခေတ်ကာလတွင်လည်း ရှမ်း မြောက်နှင့်ရှမ်းတောင်တွင် လားရှိုး၊ တောင်ကြီးတို့သည် အစိုးရအုပ်ချုပ်ရေးမြို့များအဖြစ် ဆက်လက်တည်ရှိနေသော်လည်း ရှမ်းအရှေ့တွင် လွယ်မွေသည် အစိုးရုံးစိုက်ရာ အချက်အခြာနေရာဖြစ်မလာခဲ့ပေ။ ရှမ်းအရှေ့အတွက် အုပ်ချုပ်ရေးရုံးစိုက်ရာ သည် ကျိုင်းတုံသာဖြစ်ခဲ့ပြီး ရှမ်းအရှေ့တွင် ကျိုင်းတုံ၏ အချက်အခြာကျမှုကို ဖေါ်ပြခဲ့သည်။

ထို့ပြင် ကျိုင်းတုံဗဟိုပြုသည့် ရှမ်းအရှေ့ဒေသသည် ပြည်မအစိုးရ၏ထိမ်းချုပ်မှုအောက်တွင် အပြည့်အဝမရှိပေ။ ကျိုင်းတုံ အရှေ့မြောက်ရှိ မိုင်းလားမြို့နယ်၊ မိုင်းယုမြို့နယ်ခွဲနှင့် မိုင်းယန်းမြို့နယ်အတွင်းမှ ဆီလူးနယ်မြေတို့အား တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကောင်စီ/ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (PSC/NDAA) ၏ထိမ်းချုပ်မှုအောက်တွင်ရှိပြီး ၎င်းတပ်ဖွဲ့သည် အင်အား ၆၀၀၀ ခန့်ရှိသည်။

မိုင်းဆတ်ခရိုင်အရှေ့ဖက်၊ တောင်ဖက်နှင့်အရှေ့မြောက်ဖက်ရှိ ယောင်ခ၊ ဆီဟုတ်၊ မိုင်းယွန်း၊ ဟိုပန်ဟိုရွက်၊ မိုင်ထ စသည့် နယ်မြေများအား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၏ထိမ်းချုပ်မှုအောက်တွင်ရှိသည်။ ထိုဒေသကိုထိမ်းချုပ်ထားသည် UWSA တပ်ဖွဲ့အင်အားမှာ ၉၀၀၀ ခန့်ရှိသည်။

အလားတူ မိုင်းဆတ်ခရိုင် အရှေ့မြောက်၊ အရှေ့ဖက်၊ အနောက်ဖက်နှင့် တောင်ဖက်ရှိ မတ်ကော်ဝါး၊ လွယ်ဆမ်ဆစ်၊ လွယ်လန်၊ လွယ်တိုင်းလျံ၊ မိုင်းပုအွန်တို့သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည့် ရှမ်း ပြည်ပြန်လည်ထူထောင် ရေးကောင်စီ/ရှမ်းပြည်တပ်မတော်( RCSS/SSA) ၏ထိမ်းချုပ်မှု အောက်တွင်ရှိသည်။ ထို့ပြင် မိုင်းယောင်း၊ မိုင်ပျဉ်း၊ တာချီ လိတ်စသည့်နယ်များတွင် RCSS/SSA တပ်ဖွဲ့များ လှုပ်ရှားစိုးမိုးနေသည်ကိုတွေ့ရသည်။ ထိုဒေသရှိ RCSS/SSA ၏အင်အား သည် ၄၀၀၀ မှ ၆၀၀၀ ခန့်ထိရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါလက်နက်ကိုင်အင်အား တစုံတရာရှိသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၃ ဖွဲ့သည် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေးစာချုပ် biletral ထိုးပြီးဖြစ်သည်။ RCSS ကတော့ NCA လက်မှတ်ရေးထိုးထားပြီး နိုင်ငံရေးဆွေးနွေးမှု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်နေသော်လည်း UWSA နှင့် NDAA ကတော့ NCA ရေးထိုးထားခြင်းမရှိ သေးသကဲ့သို့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်ထဲ မပါဝင်နိုင်သေးပေ။ ထို့ပြင် ကျိုင်းတုံဗဟိုပြု ရှမ်းအရှေ့တွင် LDU သည် NCA ထိုးရာတွင် ပါဝင်ထားပြီး ယခင် မဒတ/ UNFC တို့တွင်ပါဝင်ခဲ့သော WNO သည် UNFC မှနှုတ်ထွက်ပြီးနောက် လှုပ် ရှားမှု မတွေ့ရတော့ပေ။

အထက်ပါ ကျိုင်းတုံဗဟိုပြု ရှမ်းအရှေ့တွင်နေထိုင်ခဲ့ကြသော တိုင်းရင်းသားများသည်၎င်း၊ ၎င်းတို့၏နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများသည်၎င်း ရှည်လျားသော သမိုင်းကြောင်းကို ဖြတ်သန်း၍လာခဲ့ကြသည်။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည်လည်း ရှည်လျားသောသမိုင်းကာလကို ဖြတ်သန်းဖြစ်တည်လာခဲ့ သည်။ ထို့ပြင် ထိုအချင်းအရာတို့သည် ပြည်တွင်း၌ အထီးတည်းဖြစ်တည်နေသည်မဟုတ်၊ လေးနိုင်ငံနယ်စပ်၌ရှိနေသော ဒေသဖြစ်ပေရာ ပတ်ဝန်းကျင်ဒေသများနှင့် ဆက်စပ်နေသည်။

ထို့ပြင် ရှမ်းအရှေ့တွင် တပ်မတော်မှလည်း ကျိုင်းတုံ၌အခြေစိုက်သော တြဂံတိုင်းစစ်ဌာနချုပ်နှင့် လက်အောက်ခံ စဗခ၊ စဗဟ၊ စကခများနှင့်အမြောက်တပ်မတခုရှိသည်။ အင်အားအနည်းဆုံး ၁၀၀၀၀ အထက်ရှိသည်။ ထို့ပြင် တပ်မတော်၏ ထိမ်းချုပ်မှုအောက်တွင် ပြည်သူ့စစ်အင်အား ထောင်အချို့ရှိသည်။ အနည်းဆုံး ၈၀၀၀ ခန့်ရှိနိုင်ဟု ခန့်မှန်းရသည်။ ပြည်သူ့ စစ်များနှင့်ပတ်သက်၍ထူးခြားသည်မှာ ထိုပြည်သူ့စစ်အများစုကြီးမှာ အာခါနှင့် လားဟူများဖြစ်ကြခြင်းဖြစ်သည်။ ထို့ပြင် အမည်နာမများစွာဖြင့် လက်နက်ကိုင်ထားကြသော ထိုလက်နက်ကိုင်အင်အားများသည် တဖွဲ့နှင့်တဖွဲ့ ရင်ဆိုင်ထားကြသည်။ အထူးသဖြင့် မိုင်းဆတ်ခရိုင်အတွင်း၌ တပ်မတော်၊ပြည်သူ့စစ်၊ UWSA နှင့် RCSS/SSA တို့၏ အခြေပြု နေရာယူထားမှု များသည် ရောယှက်နေသည်။ အချိန်မရွေးပေါက်ကွဲနိုင်သည့် မီးတောင်ရှင်တခုသဖွယ်ဖြစ်သည်။

ဤသို့သောအခြေအနေအောက်တွင် ကျိုင်းတုံအား ဗဟိုပြုသည့် ရှမ်းအရှေ့ဒေသရှိ တိုင်းရင်းသားလူမျိုးများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအခြေအနေအား၎င်း၊ အစိုးရ၊ တပ်မတော်၊ ပြည်သူ့စစ်များ၏အခြေအနေအား၎င်း၊ ၎င်းတို့ကြား ဆက်စပ်မှုများအား၎င်း လေ့လာဆန်းစစ်သုံးသပ်မှုတခုအား "ကျိုင်းတုံစစ်တမ်း" ဟု အမည်ပေးခဲ့ရပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး