Breaking News

လှကျော်ဇော ● ပိုးလမ်းမသစ်စီမံကိန်းကြီးက ပေးတဲ့သင်ခန်းစာများ - အပိုင်း (၇)

လှကျော်ဇော ● ပိုးလမ်းမသစ်စီမံကိန်းကြီးက ပေးတဲ့သင်ခန်းစာများ - အပိုင်း (၇)
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၉

● ဂျီ ၂၀ အစည်းအဝေးကြီး ကရရှိတဲ့ အောင်မြင်မှုများ
အပိုင်း (၆) ဆောင်းပါးအဆုံးသတ်မှာ တရုတ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမ ဘာလို့ဒီလိုအောင်မြင်လာရသလဲဆိုတာ အပိုင်း (၇) မှာ တင်ပြပါ့မယ်လို့ ရေးခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီအောက်မှာ အကောင်အထည် ဖော်ခဲ့တဲ့ အထုူးစီးပွားရေးဇုံနယ်မြေတွေ အကြောင်းများရေးဖို့လည်း ပြင်ဆင်ပြီးသားပါ။

ဒါပေမယ့် ၂၀၁၉ ဇွန်လ ၂၈-၂၉ ဂျပန် အိုဆာကာမှာကျင်းပတဲ့ ဂျီ ၂၀ အစည်းအဝေးကြီးအကြောင်း (အထူးသဖြင့်အစည်းအဝေးအပြီးထွက်လာတဲ့ ကြေညာချက်) လေ့လာပြီးနောက် ဒီအကြောင်းပဲရေးချင်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကနေ ပိုးလမ်းမသစ် စီမံကိန်းကြီးရဲ့ အခြေခံမူများရဲ့အကျိုးဆက်များနဲ့ အကျိုးကျေးဇူးများကိုတွေ့မြင်လိုက်ရလို့ပါပဲ။ အဲဒီ ကျေ ညာချက်ထဲမှာ အဓိကအောင်မြင်ချက်များကို ဒီလိုဖော်ပြထားပါတယ်။

၁။ ကမ္ဘာ့ကုန်သွယ်ရေး - လွတ်လပ်တဲ့ တရားမျှတမှုရှိတဲ့ ခွဲခြားမှုမရှိတဲ့ ကုန်သွယ်ရေးမူများကို ဂျီ ၂၀ အဖွဲ့ဝင်များက တောင်းဆိုတယ်။

၂။ လိုအပ်တဲ့ ကမ္ဘာကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ပြုပြင်ပြောင်းလဲရေးများကို အမြန်ဆုံးဖော်ဆောင်ရန် သဘောတူညီ ကြတယ်။

၃။ ရာသီဥတုပြောင်းလဲမှုကို ပူးတွဲစုပေါင်းဖြေရှင်းရန် (ဂျီ ၂၀ မှ အမေရိကန်မပါ ၁၉ နိုင်ငံ) က သဘောတူညီကြတယ်။ ပဲရစ် စာချုပ်ကိုထပ်မံ အတည်ပြုတယ်။

၄။ ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက် အပြန်အလှန်ဆွေးနွေးမှုအမျိုးမျိုးပြုလုပ်ဖို့ ဆုံးဖြတ်တယ်။

၅။ စက်မှုလက်မှုထွန်းကားပြီးနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဆင်းရဲချမ်းသာကွာခြားမှုကို ထိမ်းညှိမယ်။

၆။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အဆင့်မြင့် အခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့အချက်တွေ ပါပါတယ်။

အားလုံးလောက်နီးနီးဟာ တရုတ်က နေရာအမျိုးမျိုးမှာ တင်ပြပြောဆိုနေတဲ့ ကမ္ဘာ့အုပ်ချုပ်ရေး (Global Governance)စနစ်သစ် ကုလသမဂွရဲ့ဦးဆောင်မှုအောက်က နိုင်ငံတိုင်း ပြောရေးဆိုခွင့်ရှိတဲ့စနစ် (Multilateralism) အတွင်းမှာပါဝင်တဲ့ မူများပါ။

တရုတ်က ထုံးစံအတိုင်း ဒီလိုမျိုးနိုင်ငံတကာစင်မြင့်များကို ကောင်းကောင်းအသုံး ချတတ်ပါတယ်။ (လွန်ခဲ့တဲ့ ရာစုနှစ်ဝက် ကျော်က အင်ဒိုနီရှား ဘန်ဒေါင်းမှာကျင်းပခဲ့တဲ့ ဘက်မလိုက်နိုင်ငံများအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ချောင်အင်လေး (ထိုစဉ်က ဝန်ကြီးချုပ်) ရဲ့လုပ်ဆောင်ချက်များဟာ ကိုလိုနီဘဝကလွတ်မြောက်စနိုင်ငံများကို ဘယ်လိုစည်းရုံးနိုင်ခဲ့တယ် ဆိုတာ သမိုင်းက အထင်အရှားသက်သေပြပြီးသားပါ။ ဘန်ဒေါင်းမူကြီး (၅) ချက်ဆိုတာ အခုထိ နိုင်ငံတကာ သံခင်းတမန် ခင်းဆက်ဆံရေးများမှာ အသုံးတဲ့ဆဲပါ။) အခုလည်း ဒီလိုမျိုးအခွင့်အရေးကို တရုတ်သမတ ရှီကျင့်ဖင်က ရရှိခဲ့ပြန်ပါပြီ။

ဒီအစည်းအဝေးကြီးအတွင်းကဖြစ်စဉ်များကို ကြည့်ရအောင်ပါ။

၁။ တရုတ် - အမေရိကန် သမ္မတနှစ်ဦးရဲ့ဆွေးနွေးပွဲ
ဂျီ (၂၀) ဆွေးနွေးပွဲစဉ်တလျှောက် တကမ္ဘာလုံးက ဝိုင်းစိတ်ဝင်စားစောင့်မျှော်ခဲ့ရတဲ့ ဂျီ (၂၀) ဆွေးနွေးပွဲရဲ့ဘေးပန်းဆွေးနွေးပွဲတရပ်ပါ။ တရုတ်နဲ့ ဆွေးနွေးပွဲအဆင်မပြေရင် တရုတ်ရဲ့ သွင်းကုန် ဒေါ်လာဘီလီယံ ၃၀၀ အပေါ် အခွန် တွေထပ်တိုး ကောက်မယ်လို့ ထရောမ့်က ကြိမ်းထားတာပါ။ (ဒီလိုလုပ်ဖြစ်ရင် တရုတ်ရဲ့ အမေရိကန်ကိုတင်သွင်းတဲ့ကုန်ပစ္စည်းအားလုံးအပေါ်အခွန်တိုးကောက်တာဖြစ်သွားမှာပါ။ တရုတ်ကလည်း လက်တုန့်ပြန်မယ်လို့ဆိုထားပြန်တော့ တကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစနစ်ကြီးတခုလုံး ကမောက်ကမဖြစ်နိုင်ပါတယ်။)

ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံထုတ်ပြန်ချက်တွေထွက်လာတော့ ....

၁။ နောက်ထပ် အခွန်တွေထပ်မတိုးသေး။
၂။ နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲတွေပြန်စမယ်ဆိုတာတွေပါလာမှ တကမ္ဘာလုံး စိတ်သက်သာရာရပါတော့တယ်။

ဒါ့အပြင် ထရာမ့်က ဂျီ ၂၀ ပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ...

၁။ တရုတ်ကို သူတို့အမေရိကန်နိုင်ငံရဲ့ သေနင်္ဂဗျူဟာပါတနာ (Strategic partner) လို့ ခေါ်ဝေါ်သုံးစွဲသွားပါတယ်။ (ထရာမ့် ဘေးနားဝိုင်းနေတဲ့ လက်ယာအကြံပေးတချို့ တရုတ်ကို ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ သေနင်္ဂဗျူဟာပြိုင်ဖက်ဆိုတာထက် ပျော့ပျောင်း သွားပါတယ်။)

၂။ အမေရိကန်က အမဲစာရင်းသွင်းထားတဲ့ တရုတ်ဟွာဝေးကုမ္ပဏီကို အမေရိကန်က အဆင့်မြင့်ကုန်ပစ္စည်းများ ဝယ်ယူခွင့် ပြန်ပေးမယ်။

၃။ ပညာတော်သင် တရုတ်ကျောင်းသားများကို ပြန်လက်ခံမယ်လို့ ပြောသွားပါတယ်။

ဘာ့ကြောင့် ထရာမ့်က ဒီလောက်အလျှော့ပေးလိုက်ရတာလဲ။ ၂၀၂၀ ရွေးကောက်ပွဲ ပြန်အရွေးခံရရေးအတွက်က အဓိကဖြစ် ပေမယ့် တခြားအကြောင်းအရာတွေလည်း ရှိနေပါတယ်။

၁။ အရင်းရှင်စနစ်အကြပ်အတည်း
အမေရိကရဲ့ပြည်တွင်းနိုင်ငံရေးဟာ အဆောက်အအုံပြုပြင်ရေး (Institutional reforms) တွေလုပ်ဖို့လိုနေပေမယ့် ဒါကို မလုပ်နိုင်လို့ အခုလိုလူကြိုက်များတဲ့နည်း (Populist) လမ်းတွေသုံးနေရတာ။ ဒီမိုကရက်ပါတီပါတီဘက်ကလည်း ဗွက်ပေါက် နေတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ကြေညာထားတဲ့လူပေါင်းတောင် (၂၀) ကျော်ပါတယ်။ ဒါ့အပြင် ဒီမိုကရက်ပါတီရဲ့ ထိပ်ဆုံး ခေါင်းဆောင်များ (ဥပမာ နန်စီပေါလောစီ) က အရင်းရှင်ကြီးများဖက်ကရပ်တည်ဆဲ။ အလယ် အလတ်နောက်ပေါက် တွေက ဆိုရှယ်လစ်စံတွေ ဘက်ယိမ်းလာ။

အမေရိကန်ပြည်သူလူထုကလည်း အထွေထွေမကျေနပ်မှုတွေများလာ။ အထူးသဖြင့် ထရာမ့်ရဲ့ အမာခံလယ်သမားများ (တရုတ်က လယ်ယာထွက်ပစ္စည်းများမဝယ်တော့လို့) နစ်နာမှုက ထရာမ့်အတွက် အန္တရာယ်ကြီးလာပါတယ်။

၂။ တဘက်ကလည်း တရုတ်ရဲ့သေနင်္ဂဗျူဟာခြေလှမ်းများကို ကြည့်ရအောင်ပါ။
တကယ်တော့ တိန့်ရှောင်ပင်က ၁၉၇၈ ခုနှစ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစ် ချမှတ်စဉ်ကတည်းက အမေရိကန်နဲ့ ၂၀၂၀ နောက်ပိုင်းမှာ တရုတ်နဲ့စစ်ဖြစ်နိုင်တယ်။ အမေရိကန်အနေနဲ့ တရုတ်ကို လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးတိုးတက်ခွင့်ပေးမှာမဟုတ်ဘူး။ ဒါ့ကြောင့် ရသမျှအချိန်လေးမှာ နိုင်ငံတကာကိစ္စများမှာ တတ်နိုင်သမျှဘေးဖယ်နေ (Low profile)။ ပြည် တွင်း စီးပွားရေးအင်အားတောင့်လာအောင်ပဲ ကြိုးစားကြလို့ မှာထားတာပါ။

ဒါ့ကြောင့် တရုတ်ကအစကတည်းက သူ့စီးပွားရေးနဲ့ အမေရိကန်စီးပွားရေးကို ဆွဲစပ်ထားပါတယ်။

အခု ထရာမ့်ကို အိတ်ဖွင့်ပေးစာတွေရေးပြီး တရုတ်ကိုရန်သူလိုသဘောမထားဖို့ပြောနေကြတဲ့အုပ်စုတွေဟာ တရုတ်နဲ့ ပူးတွဲ စီးပွားရေးလုပ်နေကြတဲ့ အမေရိကန်စီးပွားရေးသမားများ ပါပါတယ်။

အခုနောက်ဆုံးပေါ်ထွက်လာတဲ့ ပိုးလမ်းမသစ်စီမံကိန်းကြီးထွက်လာတော့ တရုတ်ရဲ့ သေနင်္ဂဗျူဟာခြေလှမ်းများ တဖြည်း ဖြည်းပုံပါ်လာပါတယ်။ ၁၉၉၁ ခုနှစ် စစ်အေးခေတ် ပြီးသွားပြီးနောက် အမေရိကန်တဦးတည်း အင်အားကြီးနိုင်ငံအဖြစ်တည်ရှိနေမှုဟာ ခြိမ်းချောက်ခံနေရပြီး နိုင်ငံတိုင်းပြောရေးဆိုခွင့်ရှိတဲ့စနစ် (Multilateralism) ကို တရုတ်က ဦးဆောင်လုပ်ဆောင် လာနေပြီဆိုတဲ့အချက်ဟာ ပေါ်လွင်လာနေပါတယ်။

ဥပမာအချက်အချို့ ကြည့်ရအောင်ပါ။

တရုတ်ရဲ့ ပိုးလမ်းမသစ်မှာ အမေရိကန် အနာဆုံးအချက်များထဲမှာ ...

က။ Swap system လို့ခေါ်တဲ့ နိုင်ငံခြားကုန်သွယ်ရေးများမှာ ကြားငွေကြေးအဖြစ် (အရင်သုံးနေကျ) ဒေါ်လာကိုဘေးချိတ်ပြီး သက်ဆိုင်ရာတိုင်းပြည်များရဲ့ငွေကြေးကိုသာသုံးစွဲတဲ့နည်း။ (ဥပမာ ဗမာပြည်နဲ့ တရုတ်နဲ့ကုန်သွယ်ရာမှာ ဗမာကျပ်ငွေနဲ့ တရုတ်ယွင်ငွေတွေနဲ့ပဲသင့်ပြီး ပေးချေတဲ့ စနစ်ကျင့်သုံးတာ။)

ဒေါ်လာရိုက်ထုတ်ပြီး ဒေါ်လာငွေကြေးကို နိုင်ငံတကာငွေကြေးအဖြစ်ရောင်းစားပြီး စီးပွားဖြစ်နေတဲ့ အမေရိကန်အတွက် ဆတ်ဆတ်ခါစရာဖြစ်သွားတယ်။ (အီရာတ်က ဆဒ္ဒမ်ဟူစိန်က ရေနံရောင်းချရာမှာ ဒေါ်လာမသုံးပဲ ယူရိုသုံးဖို့ကြိုးစားခဲ့မှု ကြောင့် အမေရိကန်က တိုက်ပစ်တာလို့ သုံးသပ်မှုတွေကြားဖူးပါတယ်။) တရုတ်ကတော့ နိုင်ငံပေါင်း (၄၄) နိုင်ငံနဲ့ ဒီနည်း သုံးဖို့ သဘောတူညီချက်ရထားပြီလို့ ဆိုတယ်။ (တရုတ်ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အများဆုံးကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်ပါတယ်။)

ခ။ ပိုးလမ်းမသစ်စီမံကိန်းကြီးများထဲမှာ နောက်ဆုံးထုတ်ပြန်ပြောဆိုလာတဲ့ချိတ်ဆက်မှုက ...
(Connectivity)့ စွမ်းအင်လမ်းကြောင်းများ ချိတ်ဆက်မှုတဲ့။ အဲဒီအထဲ အရေးအကြီးဆုံးက ပြန်ပြည့်မြဲစွမ်းအင် (Renewable energy) ထုတ်လုပ်မှု အလွန်လျှင်မြန်လာမှုပါ။ ဒါက ကမ္ဘာ့စွမ်းအင်စနစ်ကို (Decarbonize ကာဗွန်ဓာတ်ထုတ်လွှင့်မှုလျှော့ပါး ရေး) လုပ်နိုင်ပါတယ်။

ကျောက်ဖြစ်ရုပ်ကျွင်းစွမ်းအင် (ဥပမာ ကျောက်မီးသွေး ရေနံ စသဖြင့်) ကို အစားထိုနိုင်မယ့်လမ်းများပါ။

အခု ပေကျင်းမှာလုပ်ဆောင်ပြသနေတဲ့ ဥပမာအချို့ကိုကြည့်ရအောင်ပါ။
.... ကမ္ဘာ ပန်းမာလ်ပြပွဲ မှာတည်ဆောက်ထားတဲ့ တရုတ်ပြခန်းအဆောင်ဆိုပါတော့။ ပြခန်းအားလုံးရဲ့စွမ်းအင်ကို ပြန်ပြည့်မြဲ စွမ်းအင်နဲ့ုဖြည့်စည်းထားတာပါ။ အမိုးအားလုံးဟာ နေရောင်ခြည်စွမ်းအင်ထုတ် ဆိုလာပြားများဖြစ်ပါတယ်။ ထူးခြားတာက အဲဒီထွက်လာတဲ့စွမ်းအင်တွေကို သိမ်းဆည်းသိုလှောင်ထားတဲ့ ဘက်ထရီပါ။ တရုတ်ရဲ့တီထွင်ဖန်တီးမှုပါ။ Hybrid battery (မျိုးစပ်ဘက်ထရီ)။ ထူးခြားချက် ကနေရှိရင်နေကထွက်တဲ့စွမ်းအင်ကို လှောင်ထားနိုင်တယ်။ မိုးရွာရင် မိုးရေစက်ကနေ စွမ်း အင်ထုတ်သိမ်းနိုင်တယ်။ (အမိုးရဲ့အစွန်တွေမှာ မိုးရေခံတဲ့ရေတလျောက်တွေပါ) တယ်။ နေရော မိုးရောမရှိရင် လေ (လေ ရဟတ်များတပ်ဆင်ထား) က စွမ်းအင်ထုတ်သိမ်းဆည်းထားတယ်။

သဘောက စွမ်းအင်မပြတ်လပ်အောင်စီမံထားတာပါ။နောက်တဆင့် ကတော့ အိမ်တွေမှာ အဲသလိုအမိုးမျိုးတပ်ဆင်ထားလို့ စွမ်းအင်တွေပိုရင် အစိုးရကို ရောင်းပေးလို့ရတယ်။ (Grid system မဟာဓာတ်အားလိုင်းစနစ်) အဲဒီစနစ်ကို တရုတ်ရဲ့နောက် ဆုံးမြို့တွေ၊ ရွာတွေ၊ ရပ်ကွက်သစ်တွေမှာ စလုပ်ဆောင်နေပါပြီ။

ဘက်ထရီနဲ့ သွားမယ့်ကားများကိုထုတ်လုပ်ခွင့် တရုတ်အစိုးရက အမေရိကန်ကုမွဏီ (Tesla) ကို ပေကျင်းမှာချပေးလိုက် တာပါ။ အခုဒီလျှပ်စစ်ကားတွေ တချို့နိုင်ငံတွေမှာ စသုံးနေပါပြီ။
ဒါတွေအောင်မြင်ပြီး ဒီလုပ်ငန်းတွေ နိုင်ငံတကာမှာပြန့်သွားရင် ကျောက်မီးသွေးကုမ္ပဏီတွေ၊ ရေနံလုပ်ငန်းတွေ ဘယ် လောက်ထိခိုက်ကုန်နိုင်မယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ အမေရိကန်နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ အမေရိကန်အစိုးရပေါ်မှာ ပဲဖြစ်ဖြစ်၊ ဒီလုပ်ငန်းကြီးများရဲ့သြဇာဘယ်လောက်ကြီးတယ်ဆိုတာ အားလုံးအသိပါ။

ဒီစီမံကိန်းများဟာ ကမ္ဘာကြီးရဲ့ ရာသီဥတုပူနွေးလာမှုကို လျှော့ချနိုင်မှာဖြစ်လို့ ရေလွှမ်းခံရနိုင်တဲ့ ကမ်းရိုးတန်းနိုင်ငံများက လည်း ဝိုင်းထောက်ခံလာနေပါတယ်။ ဒါ့ကြောင့် တရုတ်ရဲ့တပ်ပေါင်းစုကြီးဟာ ပိုမိုကျယ်ပြန့်လာနေတာပါ။
   
ဂ။ အမေရိကန်က တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တွေ( ၁၀% - ၂၅%) ပိုတိုးကောက်တော့ တရုတ်ကလည်းတန်ပြန် အမေရိကန်ကုန်ပစ္စည်းများကို အခွန်တိုးကောက်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံက (တူညီတဲ့) ကုန်ပစ္စည်းများအပေါ် အခွန် တွေ လျှော့ကောက်ပါတယ်။ ဂလိုဘယ်လာဇေးရှင်းခေတ်မှာ ကုန်ပစ္စည်းများရဲ့ပြိုင်ဆိုင်နိုင်မှုအားဟာ အလွန်အရေးပါတာ ကြောင့် အခွန်တိုးကောက်မှုကြောင့် ဈေးကြီးမားတဲ့ အမေရိကန်ကုန်ပစ္စည်းများ အရောင်းထိုင်းလာရပါတယ်။

ဒါတွေကအမေရိကန် ကိုဖိအားပေးနေတဲ့အချက်တွေဖြစ်လာပါတယ်။ ဒါတွေအပြင် တရုတ်ရဲ့ သံရေးတမန်ရေးအောင်မြင်မှုများကိုလည်း ဒီဂျီ (၂၀) အစည်းအဝေးရဲ့ဘေးပန်းဆွေးနွေးပွဲအမျိုးမျိုးမှာ ပေါ်ထွက်လာတာတွေလည်း တွေ့ရှိရပါတယ်။  ရန်သူတွေကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်တဲ့နေရာမှာ တရုတ်က အတော်အောင်မြင်တာတွေ့ရပါတယ်။ တရုတ်သမ္မတ ရှီက ဂျပန်ဝန်ကြီးချုပ်အာဘေးနဲ့တွေ့ဆုံဆွေးနွေးစဉ် ပိုးလမ်းမသစ်စီမံကိန်းများမှာ တတိယနိုင်ငံ (Third Party Participation) အဖြစ်ပါဝင်ပြီး ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်တွေ၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) မှာပါဝင်ဖို့ သဘောတူချက်တွေ ရလိုက်တာတွေ့ရပါတယ်။ (တရုတ်က အဲဒီဘဏ်ရဲ့ ဒုဥက္ကဌတနေရာ ဂျပန် တယောက်ကိုပေးထားပါတယ်။) ဂျပန်ကလည်း သူမှာပိုလျှံနေတဲ့ငွေကြေးအရင်းအနှီးတွေကို စိတ်ချရတဲ့နေရာတွေမှာ မြှုပ် နှံနေချင်တာပါ။

ဃ။ အိန္ဒိယဝန်ကြီးချုပ်နဲ့တော့ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံများ (BRICS) အစည်းအဝေးမှာရော၊ ရုရှားနဲ့အတူ သုံးနိုင်ငံ (Trilateral) ကျင်းပတဲ့အစည်းအဝေးမှာရော အတော်ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို ရရှိပါတယ်။ အိန္ဒိယဘက် က ပြောဆိုမှုကတော့ သူတို့နိုင်ငံအနေနဲ့ ဘယ်အင်အားကြီးနိုင်ငံနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံရေးများကို ထားရှိမှာဖြစ် တယ်။ ဘယ်နိုင်ငံကိုမှ ရန်ဘက်အဖြစ် သဘောမထားဘူး။ (ဥပမာပေးပြောကြားမှုကတော့) အိန္ဒိယအနေနဲ့ အမေရိကန်ရဲ့ အင်ဒို - ပစ္စဖိတ်စီမံကိန်းမှာပါဝင်မယ်။ အိန္ဒိယသမုဒ္ဒရာအတွင်းပြုလုပ်မယ့် အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှု တွေမှာပါဝင်မှာ ဖြစ်ပေမယ့် တောင်တရုတ်ပင်လယ်တွင်းလုပ်မယ့် စစ်ဆင်ရေးများမှာတော့ တရုတ်နဲ့ဆက်ဆံရေးထိခိုက်မှာစိုးလို့ သူတို့နိုင်ငံလုံခြုံရေးနဲ့မဆိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပါဝင်မှာမဟုတ်ဘူးတဲ့။)

● တူရကီနဲ့ဆက်ဆံရေး
တရုတ်ပြည်နယ်တခုဖြစ်တဲ့ ရှင်ကျန်းယူဂါလူမျိုးစုဒေသတွင်းပေါ်ပေါက်ခဲ့တဲ့ မွတ်ဆလင်အကြမ်းဖက်အရေးအခင်းများကို တရုတ်ဗဟိုအစိုးရကနှိမ်နှင်းရာမှာ ပြင်းထန်လွန်းတယ်ဆိုပြီး တူရကီအစိုးရကကန့်ကွက်လို့ တရုတ်နဲ့ ဆက်ဆံရေး တင်းမာဘူးပါတယ်။ တရုတ်က တူရကီသံတမန်များကို ရှင်ကျန်းဒေသအထိသွားရောက်လေ့လာတာတွေ လုပ်စေပါတယ်။ ဒါ့ကြောင့် ဒီ ဂျီ (၂၀) ဘေးမှာပြုလုပ်တဲ့ တူရကီသမ္မတနဲ့ဆွေးနွေးပွဲမှာ အဆင်ချောနေတာတွေ့ရပါတယ်။ (တူရကီကလည်း လောလောဆယ် အနောက်နိုင်ငံများရဲ့ဖိအားအမျိုးမျိုးခံနေရတာလည်း ပါပါတယ်။) ဒါ့အပြင် တူရကီသမ္မတက တရုတ်ပြည် လာလည်ပြီး တရုတ်ရဲ့ပိုးလမ်းမသစ်စီမံကိန်းနဲ့ သူ့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အလယ်စြင်္ကန်လမ်းတည်ဆောက်ရေး)နဲ့ဆက်စပ်တဲ့ စီမံကိန်းများအတွက် သဘောတူညီမှုတွေ လက်မှတ်ထိုးကြတာတွေ့ရပါတယ်။

ဒါတွေကတော့  ဂျီ (၂၀) နိုင်ငံတကာအစည်းအဝေးကြီးအတွင်း တရုတ်ရဲ့သံခင်းတမန်ခင်းအောင်မြင်မှုအချို့ကို ဥပမာ အဖြစ် တင်ပြတာပါပဲ။ ဒါတွေအားလုံးဟာ တရုတ်ရဲ့ ပိုးလမ်းမသစ်စီမံကိန်းကြီးအတွက် အားသစ်လောင်းပေးလိုက်သလို ဖြစ်နေပါတယ်။

 အပိုင်း (၈) မှာတော့ တရုတ်ရဲ့ ပုံသေနည်းတခုဖြစ်တဲ့ ရေရှည်စစ်အမြင်ကို တင်ပြပါ့မယ်။

လှကျော်ဇော
၇ - ၇ - ၂၀၁၇။