Breaking News

ကိုသန်းလွင် ● အန္တရာယ်များလှသောကမ္ဘာ

ကိုသန်းလွင် ● အန္တရာယ်များလှသောကမ္ဘာ
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၉

(၁)
ကုလသမဂ္ဂကိုထူထောင်ခဲ့ကြသော ခေါင်းဆောင်ကြီးများ၏ရည်မှန်းချက်မှာ နိုင်ငံအချင်းချင်း အင်အားကြီးသူက အင်အား နည်းသူကို အနိုင်မကျင့်ကြစေရန်၊ လူ့အခွင့်အရေးကို ထိခိုက်ခြင်းမရှိဘဲ ကမ္ဘာ့လူသားတိုင်း  အေးငြိမ်းချမ်းသာစွာ အတူယှဉ် တွဲနေထိုင်နိုင်ရန်တို့ဖြစ်ပါသည်။ ကုလသမဂ္ဂကို တကမ္ဘာလုံးကအားထား၍ မျှော်မှန်းချက်ကြီးမားစွာထားခဲ့ကြပါသည်။ ယခုအခါ ကုလသမဂ္ဂသည်လည်း အသံမထွက်နိုင်။ ဝေဖန်သံဟူ၍လည်း မကြားရဘဲ တိတ်ဆိတ်ငြိမ်သက်သည့် အစည်း အရုံးကြီး တစ်ခုဖြစ်နေပါပြီ။

ကမ္ဘာ့ပြဿနာအများအပြားသည် ကုလသမဂ္ဂသို့ရောက်မလာတော့ဘဲ အစည်းအရုံး၏ ပြင်ပမှာပင် နှစ်နိုင်ငံ ထိပ်တိုက် တွေ့ဆုံ ဖြေရှင်းနေကြပါသည်။ နယ်နိမိတ်အချင်းများသည့် ပြဿနာ၊ ငါးဖမ်းရာနယ်မြေခွဲဝေခြင်းပြဿနာကဲ့သို့ အရေးမကြီး သည့်ကိစ္စများကိုသာ လူသံမကြား တိတ်တိတ်ဆိတ်ဆိတ် ရောက်လာနေကြပါသည်။ ကမ္ဘာကြီးမှာ နေထိုင်ရသူများအဖို့ ပြဿနာဖြစ်မှာကို တစ်နေ့တစ်ခြား ကြောက်စရာကောင်းလာနေပါသည်။

(၂)
ယနေ့ ကမ္ဘာကြီးတွင် တရုတ်ပြည်၏ စီးပွားရေးနှင့် စက်မှုစွမ်းအားတိုးတက်လာမှုကို တွေ့မြင်နေရပါသည်။ တရုတ်တို့၏ကဏ္ဍ အရေးပါအရာရောက်သည့်နည်းတူ စူပါ ပါဝါတို့၏ ယှဉ်ပြိုင်မှု၊ အငြင်းပွားမှုများမှာလည်း များပြားလာသည်။ ဤသို့ယှဉ်ပြိုင်မှုများပြားလာခြင်းမှာ ကမ္ဘာကြီးတွင်နေထိုင်ရန် အန္တာရာယ်များပြားလာခြင်းနှင့် ထပ်တူကျလျက်ရှိသည်။

ကမာကြီးတွင်စည်ကမ်းလိုက်နာမှု၊ အစီအစဉ်တကျရှိမှုတို့ရှိရမည့်အစား၊ စည်းကမ်းဖောက်ဖျက်မှု၊ အစီအစဉ် မကျမှုတို့က ဦးဆောင်နေပါသည်။ ပြဿနာတခုဖြစ်လာပြီဆိုသည်နှင့် ထိုပြဿနာသည် တစတစ ကြီးထွားလာဘို့ဘဲရှိပါသည်။ ဆီးရီး ယား ပြဿနာကိုကြည့်ပါ။  အဖြေပေါ်ဘို့မရှိသေး။ ယခု အီရန်၊ မြောက်ကိုရီးယားနှင့် တောင်တရုတ်ပင်လယ်တို့တွင် ပြဿ နာဖြစ်ရန် တာစူလျက်ရှိပါသည်။

နိုင်ငံပေါင်းစုံပါဝင်သည့်ဖြန်ဖြေရေးစနစ်ပျောက်ကွယ်နေပြီး၊ နေရာအသီးသီး၌မိမိ သြဇာသက်ရောက်ရာနေရာဟူ၍ တခုစီ သီးခြားစီ ဖြစ်နေသော ကမာကြီးတွင် နိုင်ငံတို့မှာ သူ့နေရာနှင့်သူ တွင်ကျယ်လျက်ရှိ ကြပါသည်။ ဥရောပတွင် သမိုင်းအဆက်ဆက်ကဖြစ်ပေါ်ခဲ့သည့်အတိုင်းအချင်းချင်း ပဋိပက္ခများဖြစ်ပေါ်လျက်ရှိကြပါသည်။ ထိုပြဿနာများပေါ်တွင် ထပ်ဆင့်၍ အမေရိကန်နှင့် တရုတ်တို့၏ ဒီဂျစ်တယ်စစ်ပွဲကလည်း ရှိနေပါသည်။

ဒုတိယကမာစစ်အပြီးဥရောပနိုင်ငံများရွေးချယ်ရသကဲ့သို့ယခုအခါတွင်လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများ အနေဖြင့် ရွေးချယ်စရာပေါ်ပေါက်လာပါသည်။

ဥရောပနိုင်ငံများအဖို့ မိမိတို့၏ရပ်တည်မှုဆိုင်ရာ(Existential)ရွေးချယ်ရမှုဖြစ်ပါသည်။ မိမိသည်ကမာရေးရာများတွင် ပါဝင် ပတ်သက်၍ မိမိတို့အမြင်အယူအဆများနှင့် မိမိရပ်တည်ချက်ကိုဖေါ်ပြရမည်လား၊ သို့မဟုတ် အမေရိကန်နှင့် တရုတ်တို့၏ ပဋိပက္ခစစ်ပွဲတွင်ကြားနေပြီး ဝေဖန်ရုံသက်သက်ရှိနေမည်လား၊ အထူးသဖြင့် ထိုပြိုင်ဘက်နှစ်ဦးကြားက ယှဉ်ပြိုင်စရာနေရာ များအဖြစ် (Play Ground) ပါဝင်ရမည်လားဟူ၍ဖြစ်ပါသည်။

ဥရောပတိုက်သားတို့အဖို့ ရာဇဝင်ရှိသည့်အတိုင်း အဓိကပါဝင်သူနေဖြင့် သြဇာအာဏာရှိသည့်  နေရာကပါဝင်ရပါမည်။ အစွမ်းထက်သောဘက်အားလုံးရှိနေသည့် (Multi Polar World) တွင် ဥရောပတိုက်သားတို့၏တာဝန်မှာ တဖက်နှင့်တဖက် ဆက်စပ်ပေးခါ၊ အင်အားကို ညီမျှအောင်ချိန်ညှိပေးသော နေရာကပါဝင်ရပါမည်။ အမေရိကန်တို့အနေဖြင့် ပိုမိုအင်အား ကောင်းသော ဥရောပကိုသာမြင်လိုပြီး အင်အားမချိနဲ့စေလို။ အတလန္တိတိတ်သမုဒ္ဒရာ တဖက်တချက်တွင် အင်အားကောင်း သောနိုင်ငံများသာ ရှိစေချင်မှာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ဥရောပကောင်စီအနေဖြင့် စည်းလုံးညီညွှတ်မှုကိုသာဖြစ်စေချင်သည်။ ကွဲပြားနေသော အစိပ်စိပ်အမွှာမွှာဖြစ်နေသော ဥရောပတိုက်ကို မမြင်လိုပါ။

ဆက်လက်ချီတက်ရမည့် ကမာကြီးတွင် အမေရိကန်တို့အနေဖြင့်မည်သို့ ပါဝင်ပါတ်သက်မှာလဲဆိုသည်ကို ရွေးချယ်ရပါမည်။ “Middle Kingdom” ကဲ့သို့မည်သူနှင့်မျှမပါတ်သက်၊ တစ်ကိုယ်တည်း အထီးကျန်အဖြစ် နေမှာလား၊ သို့မဟုတ် ကမ္ဘာ့ ရေးရာများတွင် ပါဝင်ပတ်သက်ပြီး လူတို့၏ အနာဂတ်ရေးရာများကို ပုံဖေါ်ပေးသောနိုင်ငံအဖြစ် ရပ်တည်မှာလားဆိုသည်ကို ရွေးချယ်ရပါမည်။

အမေရိကန်ပြည်တွင်းရေးကို ထည့်သွင်းမစဉ်းစားဘဲ ပြင်ပနိုင်ငံခြားဆက်ဆံရေးကိုသာ စဉ်းစားပါက အရေးကြီးသော အချက် (၃) ချက်ကိုမြင်တွေ့နိုင်ပါသည်။

(၁) မော်စကိုနှင့် ဘေဂျင်းတို့ကို မိတ်ဆွေဖြစ်ပြီး အင်အားတစ်ခုအဖြစ်ထွက်ပေါ်မလာရေးကို ဦးစားပေးရပါမည်။ ထိုအင်အား ၂ ခုကို ပူးပေါင်းသွားလျှင်အင်အားကြီးနိုင်ငံတို့၏ အစီအစဉ်သည် ကမောက်ကမဖြစ်သွားနိုင်ပါသည်။ စက်မှုနှင့် စီးပွားရေး တွင် တရုတ်တို့က အားသာနေမှုကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်လျှင်လည်း တကမ္ဘာလုံး၏အရေးဖြစ်လာပါမည်။ လွန်ခဲ့သော ၅ နှစ်အတွင်း တရုတ်တို့၏ သြဇာအာဏာကြီးထွားလာပုံမှာ ဖေါ်ပြရန်ပင်ခက်ခဲလှပါသည်။

(၂) အမေရိကန်အများစုက ယုံကြည်ကြသည့်အတိုင်း ကမ္ဘာကြီးနှင့်ကူးလူးဆက်ဆံရေးတွင် ငွေကြေးအရ အမြတ်ရရှိမည်ဟု မမျှော်လင့်နိုင်ပါ။ ငွေကုန်သည်နှင့်အတူ လူတို့အသက် သေဆုံးရမှုများမှာ ပြောစရာမလို လောက်အောင်ဆုံးရှုံးနစ်နာရပါသည်။ ထို့ကြောင့် နိုင်ငံပေါင်းစုံနှင့်ပါတ်သက်သော အရေးအခင်းများတွင် နိုင်ငံတကာထက် နိုင်ငံအချင်းချင်းဆက်ဆံရသည်က အကျိုးဖြစ်ထွန်းဖွယ်ရှိပါသည်။ အချို့က  အမေရိကန်တို့အဖို့ ဤနည်းက ပို၍အကျိုးရှိနိုင်မည်ဟု ယူဆကြပါသည်။

(၃) (Jacksonian Impulse) ခေါ်သမ္မတဂျက်ဆင် ( Andrew Jackson) ၏ ဝါဒက  တကိုယ်ကောင်းဝါဒ (သို့) အထီးကျန်ဝါဒ ကိုထူထောင်မည်ဟု တချိန်ကကြွေးကျော်ခဲ့ကြဘူးပါသည်။

အမေရိကန်တို့သည် ဤလမ်းကြောင်းအတိုင်း လျှောက်နေကြပါသည်။ ယနေ့လက်ရှိအစိုးအဖွဲ့သည် စဦးကတည်းက ဤဝါဒကိုလက်ကိုင်ပြုလျက်ရှိပါသည်။

ထို့ကြောင့် ဆော်ဒီအာရေးဗီးယားက ဂျာနယ်လစ် ခါရှောက်ဂျီ အသတ်ခံရခြင်းကိစ္စ၊ ယီမင်တွင်ပြည်တွင်းစစ်ပွဲ၌ နိုင်ငံခြားစစ် သားများပါဝင်နေခြင်းကိစ္စ၊ ဆီးရီးယားအစိုးရက သူ့ပြည်သူများကို သတ်ဖြတ်နေခြင်းကိစ္စ၊ ဖိလိပိုင်တွင် ဆေးကိစ္စကို အ ကြောင်းပြု၍ လူအများအသတ်ခံနေရခြင်းကိစ္စ၊ ဟောင်ကောင်တွင် လူအများဆန္ဒပြနေခြင်းကိစ္စ၊ ထိုကိစ္စများတွင်ကြားနေကျ အမေရိကန်တို့၏ အသံသည် တိတ်ဆိတ်နေပါသည်။

ထိုအရာများမှာ ဝမ်းနည်းဖွယ်ဖြစ်ပါသည်။ တည်ငြိမ်သောကမ္ဘာ၊ အေးချမ်းငြိမ်သက်သောကမ္ဘာကြီးဖြစ်ဖို့ အမေရိကန်တို့ သည် ကမ္ဘာ့အရေးအခင်းများတွင် စိတ်ဝင်တစားရှိဖို့လိုပါသည်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေး၊ မပြန့်ပွားရေး၊ အပြည်ပြည်ဆိုင်ရာအခက်အခဲများကို ဖြေရှင်းရေး၊ ကလေးငယ်များကို ပတ်ဝန်းကျင်ကြောင့် ဝမ်းနည်းဘွယ်ဖြစ်ရပ်များဖြစ်ပွားခြင်းမှ ကွယ်ပေးရေးတို့တွင် အမေရိကန်၏အင်အားရှိသောပါဝင်မှုတို့ လိုအပ်ပါသည်။ အမေရိကန်တို့တစ်ဦးတည်း ဤကိစ္စများကိုမတတ်နိုင်ပါ။ ကမ္ဘာကြီးကလည်း အမေရိကန်မပါဘဲ မလုပ်နိုင်ပါ။

(၃)
၁၈၇၁ ခုနှစ်က ပြင်သစ်တို့သည် အုပ်ချုပ်သောအစိုးရ၏ ဖိနှိပ်ခြင်းကိုခံရချိန်တွင် အမေရိကန်ပြည်သူများအပေါ် လက်ဆောင် အနေဖြင့် မီးရှုးပန်းတိုင်ကိုင်ဆောင်ထားသော (Statue of Liberty) ရုပ်တုကို ပေးခဲ့ပါသည်။ မိမိတို့ကိုယ်တိုင်က မလွတ လပ်သော်လည်း လူသားအချင်းချင်း မဖိနှိပ်မချုပ်ချယ်ကြစေရေးအတွက် အမေရိကန်တို့ကို ဆောင်ရွက်ပေးပါဟု ယုံယုံ ကြည်ကြည် အပ်နှံတာဝန်ပေးခြင်းလည်းဖြစ်ပါသည်။ အမေရိကန်သမ္မတအဆက်ဆက်က ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ကြပါသော်လည်း ယခုလက်ရှိ သမ္မတက မိမိတာဝန်မဟုတ်ဟု ငြင်းဆိုနေပါသည်။
အမေရိကန်အစိုးရ၏ ငြင်းပယ်မှုမှာ တစ်ကမ္ဘာလုံး အကျိုးသက်ရောက်လျက်ရှိပါသည်။

Ref: The Worl grows More Dangerous by the day, by Francois Delattre New York Times June 13 2019