Breaking News

သစ်ကောင်းအိမ် ● အရေမရ အဖတ်မရ ... ရေး တဲ့ စာ (၁)

သစ်ကောင်းအိမ် ● အရေမရ အဖတ်မရ ... ရေး တဲ့ စာ (၁)
(မိုးမခ) ဇူလိုင် ၂၂၊ ၂၀၁၉

(၁)
တနေ့ညနေက ဘဲငန်းတကောင်အား ညစာချက်ပြုတ်ရန် ခုတ်ထစ်ပြင်ဆင်နေစဉ် တခုသောကာလက နေထိုင်ခဲ့ဘူးသော တောင်ပေါ်ရွာလေးကို သတိရမိသွားလေသည်။

အထူးသဖြင့် ထိုရွာလေးတွင် အလေ့ကျပေါက်လေ့ရှိသော ငြိမ်းချမ်းရေးပန်းပင်များကို သတိရမိသွားခြင်းပင်ဖြစ်သည်။

ယခုကဲ့သို့ ဟင်းလျာမျိုး ချက်မည်ဆိုလျှင် ကျနော်တို့ တဲလေး၏ မီးဖိုဆောင် သက်ကယ်မိုးကြားတွင် ဒီအတိုင်း ကြုံသလို ပလပ်စတစ်အိတ်ဖြင့် ထိုးညှပ် သိမ်းထားတတ်သည့် ရွာထဲမှ လူငယ်များ ကြုံရင်ကြုံသလို ခူးပြီး လာပေးထားလေ့ရှိသော ငြိမ်းချမ်းရေး ပန်းပွင့်ခြောက်များအား အဆင့်သင့် ထည့်ခပ် ချက်ပြုတ်လိုက်ယုံပင်။

ထို့မျှမက တခြားဟင်းလျာများကို ချက်ပြုတ်လျှင်လည်း စိတ်ကူးပေါက်ရင် ပေါက်သလို ပစ်ထည့် ချက်ပြုတ်နိုင်သေး၏။

တချို့ဆိုလျှင် ထိုငြိမ်းချမ်းရေးပန်းပင်များအား သူတို့တဲများရှေ့မှာပင် အလှအပအနေဖြင့် တန်ဆာဆင် စိုက်ပျိုးထားလိုက် သေးသည်။

(၂)
ဘဲသားမြင်၍ ထိုငြိမ်းချမ်းရေးပန်းပင်များအား သတိရနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် ကျနော်ဆီသို့ ဖုန်းတလုံး ဝင်လာ လေသည်။

ကောက်ကိုင်လိုက်တော့ နယူးယောက်ပြည်နယ် ကျွဲမြို့တော်တွင် ခေတ္တရောက်ရှိနေသည့် မြောင်းမြသား အကိုကြီး တ ယောက်ထံမှ ဖြစ်နေ၏။ (သူသည်လည်း ကာလတခုတုန်းက သမုဒ္ဒရာဆီသို့ အပျင်းပြေခရီးထွက်ရင်း အပျော်စီး သင်္ဘောကြီးပေါ်တွင် တွေ့ဆုံခင်မင်ခဲ့သူပင် 😅🤣😂🤪) ။

ဖုန်းစပြောပြောချင်းပင် မင်းအားရဲ့လား.. လို့ တခွန်းမေးပြီးသည်နှင့် ...

"မင်းတို့ဆီမှာ ငြိမ်းချမ်းရေးပန်းပင်တွေ တရားဝင်ပြီလား" ဆိုကာ မေးလေ၏။

ကျနော်က သေချာမသိကြောင်းပြောတော့ သေချာစုံစမ်းကြည့်ဖို့ တရားဝင်ခွင့်ပြုထားသော ၂၉ ပြည်နယ်ထဲတွင် ကျနော်တို့ ပြည်နယ်အမည်ကို သူတွေ့မိကြောင်း သူလည်း ငြိမ်းချမ်းရေးပန်းပွင့်ခြောက်များကို သတိတရဖြစ်နေကြောင်း တိုက်ဆိုင်စွာ စကားဆိုမိကြလေသည်။

(၃)
မနေ့ညကတော့ မြောင်းမြသားအကိုကြီး စကားကို ပြန်သတိရရင်း အင်တာနက်ထဲ ရှာဖွေကြည့်မိရာ မိမိတို့မြို့ကလေး၏ တည်ဆဲဥပဒေတွင် ပမာဏအနည်းငယ် လက်ဝယ်တွေ့ရှိလျှင်ပင် ပြစ်မှုမြောက်ပြီး ဒဏ်ငွေတပ်မည်ဆိုပါကလည်း အနည်း ဆုံး ဒေါ်လာ ၅၀၀၀ ဖြစ်လေသည်။

ကျနော်တို့နေထိုင်ရာပြည်နယ်ကား ရှေးရိုးစွဲ ရီပတ်ပလစ်ကင်တွေကြီးစိုးရာဖြစ်ပြီး ကေသုံးလုံးဟု နာမည်ဆိုးနှင့် ကျော်ကြား သည့် လူဖြူအစွန်းရောက်ဂိုဏ်းသားများ အခြေစိုက် ကျက်စားရာနယ်မြေလည်း ဖြစ်သည့်အလျောက် အရက်သေစာ ကိုပင်လျှင် သူတို့ ဘုရားသွားကျောင်းတက်လုပ်သည့် တနင်္ဂနွေနေ့တွင် ရောင်းချခွင့်ပြုသည်မှာ လအနည်းငယ်မျှသာ ရှိ သေးသည်။ ဒါသည်ပင် အချိန်အကန့်အသတ်ဖြင့်။

(၄)
ကျနော်လည်း ကျနော်တို့မြို့လေး၏ ငြိမ်းချမ်းရေးပန်းပွင့် ဥပဒေကို စူးစမ်းရင်း အားမလို အားမရဖြင့် (ညဘက် အိပ်မပျော်ဘဲ အတော်လေးလည်း အားယားနေသည်ဖြစ်ရာ) တမြို့တည်းရှိ ပညာဗဟုသုတဖြင့် စေ့စုံနှံစပ်သည့် တခါကရွာကလေး တွင်လည်း တတဲတည်း အတူနေခဲ့ဖူးသူ သူငယ်ချင်းဆီ လှမ်း၍ ကျနော်တို့ ပြည်နယ်၏ ငြိမ်းချမ်းရေးပန်းပင်များပေါ်တွင်ထားသောသဘောထားနှင့် အနာဂတ်အလားအလာကို တီးခေါက်ကြည့်မိလေသည်။

(၅)
ကျနော် အိပ်ရာက နိုးသည်နှင့် ကျနော့်သူငယ်ချင်း ပြန်ပို့ထားသော မက်ဆေ့ချ်သည် ကျနော့အား ဖုန်းထဲတွင် အသင့်စောင့် ဆိုင်းလျက်။

လောလောဆယ် တရားမဝင်သေးပေမယ့် လွှတ်တော်ထဲတွင်တော့ ဦးစားပေးဆွေးနွေးနေပြီဖြစ်ကြောင်း မကြာမီ ခွင့်ပြု တော့မည့် အရိပ်အခြည် ရောင်နီသမ်းနေပြီဖြစ်ကြောင်းနှင့် တခြားပြည်နယ်များမှာလို စီးပွားဖြစ် စိုက်ပျိုး ရောင်းချခြင်းကိုတော့ ချက်ချင်း ခွင့်ပြုလိမ့်ဦးမည် မထင်ကြောင်း စသဖြင့် သူ့လေ့လာတွေ့ရှိချက်များကို ပြန်လည် ဝေငထားလေသည်။

(၆)
ကျနော်သည် သူ့မက်ဆေ့ချ်ကိုဖတ်ပြီး ချိုးငှက်တို့ သံလွင်ခက်တို့သည် ကလီရှေး ဖြစ်နေပြီဖြစ်၍ အနာဂတ် ငြိမ်းချမ်းရေး အလံတော်သစ်အား ငြိမ်းချမ်းရေးပန်းပင်မှ ပန်းခက်များဖြင့် ရေးဆွဲလွှင့်ထူသင့်ကြောင်း မက်ဆေ့ချ် ပြန်ပို့လိုက်လျှင် သူသည် ချက်ချင်းပင် ချိုးငှက်ကို ပီကာဆိုလက်သို့ ပြန်အပ်ပြီး သံလွင်ခက်ကိုလည်း ဓမ္မဟောင်းကျမ်းထဲတွင်သာ ထားရစ်ခဲ့ရန် ဝမ်း သာအားရဖြင့် သဘောတူထောက်ခံကြောင်း အကြောင်းပြန်လေတော့သည်။ ထိုမျှသာမကသေး ကျနော်တို့၏ ငြိမ်းချမ်းရေး အလံတော်သစ် ရေးဆွဲရေး အစီအစဉ်ကို သူ့ဖဘ စာမျက်နှာပေါ်တွင်ပင် ချက်ချင်းရေးသား ထောက်ခံ ဖြန့်ဝေလေ၏။

(၇)
ကျနော်သည် ကျနော့်သူငယ်ချင်း သူ့ဖဘစာမျက်နှာတွင် ရေးသားဖြန့်ဝေထားသည်ကိုဖတ်မိရင်း အနာဂတ်တွင် ငြိမ်းအေး တိတ်ဆိတ်စွာ တလူလူလွှင့်နေသော ငြိမ်းချမ်းရေးအလံတော်သစ်ကို မြင်ယောင်လာပြီး လေထဲတွင် ငြိမ်းချမ်းရေးပန်းပင်မှ ပန်းပွင့်ရနံ့များနှင့် ရှုရှိုက်ဆွတ်ပျံ့ကာ ဘော့မာလီ၏ ရက် (ဂ်) ဂေး သီချင်းသံများကို ကြားယောင်လာမိလေသည်။

မြောင်းမြသား အကိုကြီးထံသို့လည်း ဖုန်းဆက်ပြီး အလံတော်သစ်ပေါ် ထားရှိသည့် သူ့သဘောထားကို မေးမြန်းကြည့်ရ ပေဦးမည်။