Breaking News

ဇင်လင်း ● ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖက်ဒရယ်အခြေခံမူများရရှိရေးဆီ ဦးတည်နိုင်မည်လား






ဇင်လင်း ● ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဖက်ဒရယ်အခြေခံမူများရရှိရေးဆီ ဦးတည်နိုင်မည်လား

(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၉

ယခု ဇူလိုင်လဆန်း သတင်းများအရ မြန်မာ့ စစ်ရေး နိုင်ငံရေး အခြေအနေများကို သတင်းမီဒီယာများမှတဆင့် ရင်မောဖွယ် စိတ်မသက်သာဖွယ် ကြားသိနေရသည်။ မီဒီယာသတင်းများအရ မြေပြင်အခြေအနေသည် ငြိမ်းချမ်းရေးဆီသို့ ဦးတည်ရ မည့်အစား စစ်ရေးပဋိပက္ခ ကျယ်ပြန့်ရေးဆီသို့ ဦးတည်နေသည်။ ငြိမ်းချမ်းရေးရောင်ခြည်မှေးမှိန်ကာ၊ စစ်ရေးပဋိပက္ခ အမှောင်ရိပ်က ဆက်လက် ကျယ်ပြန့်လာနေသည်။ အစိုးရက ငြိမ်းချမ်းရေးဆီသို့ ဦးတည်ကာ မူဝါဒချမှတ်ကြိုးပမ်းနေ သော်လည်း တပ်မတော်၏ စစ်မြေပြင်ဗျူဟာများက ငြိမ်းချမ်းရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက် သကဲ့သို့ မြင်နေရသည်။ နိုင်ငံ၏ စီးပွားရေး ရှေ့တစ်လှမ်း တက်လှမ်းနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ဦးဆောင်သည့် အစိုးရက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေး ကြိုးပမ်းနေစဉ် ကာကွယ်ရေးအသုံးစရိတ်များ မြင့်တက်လာခြင်း ကလည်း အတိုင်အဖေါက် မညီသလိုဖြစ်နေသည်။ အခင်းအကျင်းမှာ အမျိုးသားရင်ကြားစေ့ရေးအား စစ်ဘောင်ကျယ်လာ ခြင်းက ခြိမ်းခြောက်လျှက် ရှိသည်။ သို့ဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍ ရှေ့တစ်လှမ်း တိုးရေးမှာ အခက်ကြုံနေရပေသည်။

လက်ရှိတွင် အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ပုံမှန်အစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ကြိုးပမ်းနေသည်။ ၂၀၁၉ ခုနှစ် အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေး ပြုလုပ်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းနေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေးကဆိုသည်။ ယင်းသို့ ကြိုးပမ်းရာတွင် NCA အကောင်အထည်ဖော်မှုကို အားလုံးလက်ခံနိုင်သည့် အနေအထားရရှိအောင် ဆောင်ရွက် ရန်၊ ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများတတ်နိုင်သမျှရရှိရေး ဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်တွင် အဆင့်လိုက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်များရရှိရေး ဆောင် ရွက်ရန်၊ ငြိမ်းချမ်းရေးအသီးအပွင့်များကို ဒေသခံများ အမှန်တကယ်ခံစားနိုင်ရေး လုပ်ဆောင်ရန်ကိစ္စ တို့ကို NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့များထံ အဆိုပြုထားသည်ဟု ဦးဇော်ဌေးက ရှင်းပြကြောင်း ၇ ရက်နေ့စဉ်သတင်း က ဖေါ်ပြခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခုနှစ်အတွင်း ကျင်းပပြီး ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ချုပ်ဆို နိုင်ရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်ကလည်း ကြိုးပမ်းနေသည်ဟု ပအိုဝ်းအမျိုးသားလွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။ လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ နှင့် လက်ရှိ အစိုးရအနေဖြင့် ရွေးကောက်ပွဲတွင် ပြန်လည်အနိုင်ရရှိရေး လှုပ်ရှားဆောင်ရွက်ကြမည်ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အချိန်ပေးနိုင်မှု လျော့နည်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးနိုင်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် ပြောကြားထားသည့် ‘ဖက်ဒရယ်အခြေခံမူများ ရရှိရေး’ ကြိုးပမ်းသင့်ကြောင်း ၎င်းကဆိုသည်။

မကြာသေးမီက ၂၁ရာစုပင်လုံညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း တစ်နှစ်ကြာလာသည် အထိ မကျင်းပနိုင်သေးခြင်း အပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာနှင့် မူးယစ်တိုက်ဖျက်ရေးကိစ္စ များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS တို့ ဇူလိုင် ၁၁ရက်နေ့က နေပြည်တော်၌ တွေ့ဆုံညှိနှိုင်းခဲ့သည်။ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ယခုနှစ် အတွင်း ကျင်းပနိုင်ရေး ကြိုးပမ်းရန် NRPC နှင့် RCSS တို့ဆွေးနွေးသဘောတူညီခဲ့ကြောင်း ၇ ရက်နေ့စဉ်သတင်းက ဆိုသည်။ RCSS အနေဖြင့် ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်ကို ၂၀၁၇ နှစ်ကုန် ပိုင်းကတည်း က ရရှိခဲ့သော်လည်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထု တွေ့ဆုံပွဲများကို တပ်မတော်က တားမြစ်ခဲ့သော ကြောင့် ရှမ်းလူမျိုးအလိုက်ဆွေးနွေးပွဲ ကျင်းပမည့်အစီအစဉ်ကို RCSS ဘက်က ရပ်ဆိုင်းထားခဲ့ရပြီး၊ ယခုပြန်လည် ကျင်းပ ရန် ဆွေးနွေးနိုင်ခြင်းဖြစ်သည်ဟု သိရသည်။

အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး၊ တရားဝင်ဆွေးနွေးပွဲများ ပြန် လည် စတင်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေး၊ စာသင် ကျောင်းနှင့် ကျေးလက်ဆေးပေးခန်းအပါအဝင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်ကိစ္စ၊ မူးယစ်ဆေးဝါးနှင့် ပြန်လည်ထူထောင် ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ အကျဉ်းကျခံနေရသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးကိစ္စတို့ကို ဆွေး နွေးခဲ့သည်ဟု ဆိုသည်။ နှစ်ဦးနှစ်ဖက်အကြား ၂၁ ရာစုပင်လုံ၏ အခြေခံဖြစ်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံမတိုင်မီ ကျင်းပပြုလုပ်ရန် သဘောတူညီချက်ရရှိခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ ရလဒ် အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။

ဤအတောအတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၉ ရက်နေ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံး၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သိရသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများ၌ ပါဝင်မှု ယာယီရပ်ဆိုင်း ကြောင်း KNU က ၂၀၁၈ နိုဝင်ဘာတွင် ကြေညာခဲ့သည်။ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် စတင်နိုင်ရေး အလွတ်သဘော ဆွေးနွေးခဲ့ရာ ယခု တွေ့ဆုံမှုသည် ရှစ်ကြိမ်မြောက် ဖြစ်သည်ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် KNU ဘက်မှ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ် ဦးဆောင်ပြီး ယခင် ဧပြီလ ၁၁ ရက် နေ့က NRPC နှင့် KNU အကြား အလွတ်သဘောတွေ့ဆုံမှုမှ ရရှိလာသည့် သဘောထားများအရ ကြားကာလ ဆိုင်ရာ ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရန် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခြင်းဖြစ်သည်ဟု KNU တွဲဖက် အတွင်းရေးမှူး(၂)ဖြစ်သူ ပဒို စောလှထွန်းက ပြောသည်။ အဓိကအားဖြင့် NCA ထိုးပြီးကတည်းက သုံးနှစ်ကျော်သည်အထိ အစိုးရနှင့် ကြားကာလ ဆိုင်ရာကိစ္စများ မဆွေးနွေးဖြစ်ခဲ့ဘဲ၊ ယခုမှ စတင်ဆွေးနွေးရမည့် အခြေအနေဖြစ်သည်ဟု ပဒို စောလှထွန်းက ကေအိုင်စီ သတင်းဌာနသို့ ပြောသည်။

NCA အကောင်အထည်ဖော်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရေး ကြားကာလဆိုင်ရာနှင့် လုံခြုံရေဆိုင်ရာများ ဆွေးနွေးရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဖက်ဒရယ်အခြေခံမူများရရှိရေး ဆောင်ရွက်ရန်၊ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန် ကာလတွင် ဆောင်ရွက်မည့် အစီအမံများဆွေးနွေးရန်၊ NCA လက်မှတ်ထိုးပြီးသည့်တိုင်းရင်းသားဒေသများရှိ ပြည်သူလူထု အနေဖြင့် ငြိမ်းချမ်းရေးအသီးအပွင့်များ လက်တွေ့မြေပြင်တွင် ခံစားနိုင်ရေး ဆိုင်ရာစီမံကိန်းများ ဆောင်ရွက်ရန် စသည့် အဆိုပြုချက်များကို ရှင်းပြခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

ရန်ကုန် အလွတ်သဘောဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU ကလည်း သတင်းထုတ်ပြန်ခဲ့သည်။ NCA စာချုပ်တွင် ပါဝင်သည့် ကြားကာလဆိုင်ရာ အယူအဆ၊ အမြင်သဘောထားများနှင့် ယုံကြည်မှု တည်ဆောက်ရေး အားကောင်းလာစေရေးအတွက် ‘ဆောင်ရန်၊ ရှောင်ရန်အချက်များ’ ကို ဆွေးနွေးခဲ့ကြောင်း KNU က ဖော်ပြထားသည်ဟု သိရသည်။ သြဂုတ်တွင် အစိုးရနှင့် KNU ကိုယ်စားလှယ်အဖွဲ့ ထပ်မံတွေ့ဆုံရန် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့မှာပင် သတင်းမီဒီယာ များနှင့် NRPC ရုံး၌ တွေ့ဆုံစဉ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် အင်အားအကြီးဆုံး ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) က NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ရေးဆိုင်ရာ အဆိုပြုချက်ကို အစိုးရထံ ပေးပို့ထားကြောင်း ပြောကြားခဲ့သည်ဟု 7 Day Daily သတင်း၌ ဖေါ်ပြသည်။

‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တ အာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့သည် “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ”(FPNCC) အဖွဲ့ဝင်များဖြစ်၍ နိုင်ငံရေးသဘောတူညီမှုအရ NCA လက်မှတ်ထိုးမည်ဆိုပါက အတူထိုးမည်ဟု ထုတ်ဖော်ပြောဆိုထားခဲ့ဖူးသည်။ ‘ဝ’ အဖွဲ့ ၏ အဆိုပြုချက်များကို ဦးဇော်ဌေးက အသေးစိတ် မပြောသော်လည်း NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ရေး အဆိုပြုချက် နှင့် ပတ်သက်၍ အစိုးရ၏ သဘေားထားများ ပါဝင်မည့် အဆိုပြုချက်ကို ‘ဝ’ အဖွဲ့ထံ ပြန်လည်ပေးပို့ပြီးနောက် နှစ်ဖက်တွေ့ ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်ဟု သိရသည်။ ထို့ပြင် FPNCC ခုနစ်ဖွဲ့အနက် KIA၊ TNLA၊ MNDAA၊ AA တို့သည် အစိုးရနှင့် Bilateral နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရေး ညှိနှိုင်းလျှက် ရှိပြီး၊ အပစ်ရပ်စာချုပ်မူကြမ်းများ အပြန်အလှန် ပေးပို့ညှိနှိုင်းလျှက်ရှိသည်ဟု ဆိုသည်။

တချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ဘေဂျင်းခရီးစဉ်အပြီး တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းသည် ဇူလိုင် ၉ ရက်နေ့တွင် နေပြည်တော်၌ အစိုးရတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အရေး ဆွေးနွေး ခဲ့သည်ဟု သတင်းများအရ သိရသည်။ ဇူလိုင်လဆန်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ငါးရက်ကြာ ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် သမ္မတစီကျင်းပင်၊ ဝန်ကြီးချုပ်လီခချန်း၊ အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း အပါအဝင် တရုတ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ထိုခရီးစဉ်အတွင်း သမ္မတစီကျင်းပင်နှင့် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာတို့အကြား ဘင်္ဂါလီဒုက္ခသည်များကိစ္စ အမြန်ဆုံးဖြေရှင်းရေးသဘောတူခဲ့သည်ဟု ဒါကာ အခြေစိုက် သတင်းဌာန များက ဖော်ပြခဲ့ကြသည်ဟု ဆိုသည်။ ယင်းကိစ္စသည်လည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဆက်နွယ်လျှက်ရှိသည်။

ဤအတောအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာ သီတင်း ၄ ပတ်နီးပါး ရှိနေပြီ ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခဖြစ်နေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ အင်တာနက်ဖြတ်တောက်ခဲ့သဖြင့် အခက်အခဲများဖြစ်နေသည်ဟု ဒေသခံနိုင်ငံရေး အသိုင်းအဝန်း နှင့် အကူအညီပေးနေသူများက ဆိုသည်။ ထိုသို့ အင်တာနက် ဖြတ်တောက်မှုကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲကို မတင်ပြနိုင်ဘဲ ဖြစ်နေရပြီး၊ သတင်းအတုအယောင်များ ပြန့်နှံ့မည်ကို စိုးရိမ်နေရကြောင်း ဗွီအိုအေသတင်း အရသိရသည်။ ရခိုင်ပြည်နယ် လွှတ်တော်တွင် အရေးကြီးအဆိုတရပ် တင်သွင်းဆုံးဖြတ်ပြီး အစိုးရအနေဖြင့် အင်တာနက် ဆက်သွယ်မှု ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုထားသော်လည်း ယခုအထိ ပြန်ကြားချက် မရသေးကြောင်း မင်းပြားမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဗွီအိုအေကို ပြောသည်ဟုဆိုသည်။

မြန်မာအစိုးရက လုံခြုံရေးလိုအပ်ချက်အရ အင်တာနက် ဆက်သွယ်မှု ဖြတ်တောက်ထားကြောင်း ပြောဆိုထားသော်လည်း ယခုကဲ့သို့အင်တာနက်ကို ဖြတ်တောက်ခံထားရခြင်းကြောင့် ဒေသခံ ပြည်သူများ လတ်တလောတွင် ဆိုးကျိုးများ ခံစားနေ ကြရသည်ဟု ဆိုသည်။ ဒေသခံပြည်သူများ အနေဖြင့် သူတို့ ခံစားနေရချက်ကို ဖော်ထုတ်ခွင့်မရကြကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောကြားသည်။ ပြည်သူများအနေဖြင့် တစုံတရာ တုံ့ပြန်နိုင်စွမ်း မရှိအောင် လုပ်ပေး သလိုဖြစ်သဖြင့် ညှင်းပန်းနှိပ်စက်မှုများ၊ အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည်ဟု သူကဆိုသည်။ အင်တာနက် ပိတ်ခြင်း သည် အကြမ်းဖက်မှုများကိုလည်း အချိန်နှင့်တပြေးညီ အများပြည်သူ သိရှိအောင်တင်ပြခွင့်ကို ပိတ်ပင်ရာရောက်သည်။ ထို့ကြောင့် ပြည်သူအား ဒုက္ခတွင်းထဲ တွန်းထည့်လိုက်သည်ဟု သုံးသပ်ကြောင်း ဦးလှသိန်းအောင်က ဆိုသည်။

လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသတွင် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း စိုးရိမ်လျှက်ရှိကြောင်း သဘောထားများ ထုတ်ဖေါ်ပြောဆိုနေကြသည်။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေသော ဒေသ များတွင် အခြေခံ ဆက်သွယ်မှုများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း မလုပ်ရန်လည်း တိုက်တွန်းထားကြ သည်ဟု သတင်းများကဆိုသည်။

ဤပုံ အတိုင်းဆိုလျှင် တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင် အထည်ဖေါ်ရေး လုပ်ငန်းစဉ်နှင့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံဖြစ်မြောက်ရေးကိုပင် ထိခိုက်နိုင်သည်။ ၂၀၂၀ မတိုင်မီ EAOs အားလုံး NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စကိုလည်း ထိခိုက်နိုင်သည်။ တပ်မတော်က ရခိုင်စစ်မျက်နှာတိုက်ပွဲများကို ရပ်စဲမပေးပါက FPNCC ခုနစ်ဖွဲ့အနက် KIA၊ TNLA၊ MNDAA၊ AA တို့သည် အစိုးရနှင့် Bilateral နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရေးလည်း ပျက်ပြားနိုင်ဖွယ်ရှိသည်။ အရေးအကြီးဆုံးမှာ ‘NCA စာချုပ်’ အောင်မြင်ရန် ရိုးသားစွာ အလျော့အတင်း လုပ်ကြရမည်။ သို့မှသာ ပြည်သူလူထု၏ နေ့စဉ်ဘဝ အေးချမ်းလုံခြုံရေးအတွက် အထောက်အကူဖြစ်နိုင်သည်။ စစ်ရှောင် ဒုက္ခသည် ပြည်သူများ နေရပ်ပြန်နိုင်မည်။ ကျေးရွာများပတ်ဝန်းကျင်ရှိ မြေမြှုပ်မိုင်းများ ရှင်းနိုင်မည်။ ၂၁ ရာစုပင်လုံ၏ အခြေခံဖြစ်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ တစ်နိုင်ငံလုံးအပစ်ရပ်ထားနိုင်မှသာ စတုတ္ထ အကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်မည့် ရေခံမြေခံပေါ်ထွန်းနိုင်မည်။ ထို့ကြောင့် စစ်မျက်နှာအသီးသီးရှိ တိုက်ပွဲများ ကို အမြန်ဆုံး ရပ်စေလိုသည်။ စစ်ပွဲများရပ်မှသာ ၂၀၂၀ မတိုင်မီ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ၌ ‘ဖက်ဒရယ်အခြေခံမူများ ရရှိရေး’ ဆီသို့ ဦးတည်နိုင်မည်ဟု သုံးသပ်မိပါသည်။

20 July 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။