Breaking News

ဌေးဝင်း (ဂျာမဏီ) ● ကျွန်တော်စကားပြန် စကားပြန်ကျွန်တော်

ဌေးဝင်း (ဂျာမဏီ) ● ကျွန်တော်စကားပြန် စကားပြန်ကျွန်တော်
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၉

စကားပြန် အလုပ်ကို ဘယ်လိုကဘယ်လို စိတ်ပါဝင်စားသွားတာလဲမသိ၊ တော်တော်စိတ်ပါဝင်စား မိတယ်။ ဝါသနာတခုလို ဖြစ်သွားတယ်။ ကျွန်တော့်အထင်တော့ ဘာသာစကား (Language) ကို စိတ်ပါဝင်စားလို့လဲဖြစ်နိုင်တယ်။ ကျွန်တော့်ရဲ့ မကြာလေးခင်က ထုတ်တဲ့စာအုပ်မှာ ဖိုးသံ (လူထု) ရေးပေးတဲ့ အမှာစာမှာပါသလို ကိုယ့်ကိုယ်ကို မဖြစ်မနေအခြေအနေအရ ဗမာပြည်တွင်းက ဆွဲထုတ်လာခဲ့ရပြီးနောက် (self-exiled) နိုင်ငံရပ်ခြားကို စတင်ရောက်လာပြီးကတဲက ဘာသာစကား၊ စကားပြန်၊ ဘာသာပြန် လုပ်ငန်းတွေကို စိတ်ပါဝင်စားလာတာ အလုပ်ကအနားယူပြီး ပင်စင်သွားရင် ဒီလုပ်ငန်းတွေကို စောက်ချလုပ်ကိုင်မယ်လို့ ရည်ရွယ်ထားတယ်။

၁၉၈၉ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို ရောက်ပြီးတဲ့နောက် အသိမိတ်ဆွေတွေရဲ့ သတင်းပေးမှု၊ တိုက်တွန်းမှုတို့ကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ ဒုက္ခသည် လျှောက်လို့ရတယ်ဆိုတာသိရပြီး ကိုအေးဝင်း၊ ကိုဖိုးကြူးနဲ့ ကျွန်တော်တို့ ၃ ယောက် ဒုက္ခသည်သွားလျှောက်ကြတယ်။ ဒီနေရာမှာ လုံးဝအသိအမှတ်ပြုရမဲ့သူ၊ အရမ်းသတိရ ဘို့ ကောင်းတဲ့သူတယောက်ကတော့ ကျွန်တော်တို့ကို အစွမ်းကုန်ကူညီခဲ့တဲ့ ကိုအေးဝင်းရဲ့ ငယ်သူငယ်ချင်းဖြစ် သူ ဒေါက်တာကျော်ဌေး (ကို Marcus) (ယခု Canada) ဖြစ်ပါတယ်။ သူက အဲဒီအချိန်က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထား ရြပြီး UN ရုံးလေးမှာ ဆရာဝန်အဖြစ်လုပ်ကိုင်နေပါ တယ်၊ UN ရုံးကြီးမှာ စကားပြန်လဲလုပ်ခဲ့ဘူးပါတယ်။ ဒုက္ခသည်လျှောက်ထား ရာမှာ လျှောက်ထားသူတိုင်း ကိုယ်ရေးရာဇဝင်၊ ကိုယ်ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပါဝင်ပတ် သက် ခဲ့ပုံတွေ၊ ဘာကြောင့် ဗမာပြည်ကထွက်ခွါလာရတာလဲ၊ ဘယ်ပုံဘယ်နည်းထွက်ခွါလာသလဲ စသဖြင့် ဗမာလို သို့မဟုတ် အင်္ဂလိပ်လို ရေးသားတင်သွင်းရပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ၃ယောက်က ကျွန်တော်တို့ရဲ့ဖြစ်စဉ်တွေကို ဗမာလိုရေး၊ ကိုMarcus က ဒိုင်ခံပြီး ညလုံးပေါက် အင်္ဂလိပ်လို ဘာသာပြန်ပေးပါတယ်။ ကျွန်တော်လဲ ကျွန်တော်တတ်နိုင်သလောက် အင်္ဂလိပ်လို ဘာသာပြန်ရာမှာ သူ့ကိုကူညီခဲ့ပါတယ်။ “ငါတို့ထွက်လာစတုန်းက မင်းလောက်တောင် ငါတို့ အင်္ဂလိပ်စာ မရေးနိုင်ဘူး” လို့ပြောြပြီး ကျွန်တော့်ကို အားပေးရှာပါတယ်။

နောက်တနေ့မှာ UNHCR ရုံးကြီးကိုသွားပြီး ကျွန်တော်တို့ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ကျွန်တော်တို့ကို အင်တာဗျူးမဲ့ UN အရာရှိတွေရဲ့လက်ထဲကို ကိုMarcusကိုယ်တိုင် ပေးခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူး ကြောင့်ဘဲ ပုံမှန် ၁ လ၂ လလောက် ခွာချိန်းတဲ့ အင်တာဗျူးကို ကျွန်တော်တို့အတွက် သဘက်ခါဆိုတဲ့ အင်တာဗျူးရက်ချိန်းကို ရရှိခဲ့ပါတယ်။ ကျွန်တော့်ကို အင်တာဗျူးမဲ့ သူက ထိုင်းလူမျိုး Mr. Sanit တဲ့။ ကျွန်တော်ကအင်တာဗျူးမှာ ကိုယ့်ဘာသာ အင်္ဂလိပ်လိုပြောမယ်လို့၊ စကားပြန်မလိုအပ်ပါ ဘူးလို့ သူတို့ကိုအသိပေးလိုက်ပါတယ်။ အင်တာဗျူးနေ့မှာ Mr. Sanit က သူကလဲသိချင်လို့၊ ကျွန်တော်တို့ဖြစ်စဉ်ကိစ္စကိုလဲ စိတ်ဝင်စားလို့ ၃ နာရီကြာလောက် စစ်စစ်ပေါက်ပေါက် မေးမြန်းပါတယ်။ ကျွန်တော်ကလည်း အဲဒီအချိန်က နိုင်ငံရေးအခြေ အနေတွေနဲ့တကွ သူ့ကိုရှင်းလင်းဖြေဆိုခဲ့ပါတယ်။ အင်တာဗျူးပြီးတာနဲ့ Mr. Sanit က “မင်း ငါတို့ဆီမှာ ဗမာဒုက္ခသည်လျှောက် ထားသူတွေအတွက် စကားပြန်လုပ်ပေးနိုင်မလား” လို့ ကျွန်တော့်ကိုမေးပါတယ်။ ကျွန်တော်ကလဲ  “လုပ်ပေးနိုင်ပါတယ်” လို့ချက်ခြင်းအဖြေပေးခဲ့ပါတယ်။ ဒါဆို သူတို့အကြောင်းပြန်မယ်လို့ ပြောခဲ့ပါတယ်။ ကို Marcus ရဲ့ ထောက်ခံချက်ကလဲ အထောက်အကူပြုလို့ မကြာခင်မှာဘဲ UN ရုံးကြီးမှာ လုပ်အားပေးစကားပြန်အဖြစ် ကျွန်တော်စတင်လုပ်ကိုင်ခဲ့ပါတယ်။

ကျွန်တော်စတင်လုပ်ကိုင်တဲ့အချိန်မှာ အဲဒီအချိန်လောက်အထိ စကားပြန်လုပ်ခဲ့တဲ့ ကိုတင်မောင်ဦး မလှမြိုင်တို့ရဲ့ညီမက Canada သွားဘို့လုပ်ကိုင်နေပီဖြစ်လို့ စကားပြန်မလုပ်တော့ပါဘူး။ အင်္ဂလိပ်စာမေဂျာက ကိုဇော်ဝင်း၊ ကိုရဲမြင့်တို့အပြင် ပီတာဝင်းနိုင်တို့နဲ့အတူတကွ တွဲဖက်လုပ်ကိုင်ခဲ့ကြပါတယ်။ နောက် ကိုတင်မောင်မောင်ထွေး (ဦးကပ်စေး)၊ ဒုက္ခသည် မဟုတ်တဲ့ ဦးစိုးမြင့်တို့ထပ်တိုးလာပါတယ်။ UN အရာရှိတွေကတော့ ဌာနမှူး အမေရိကန်လူမျိုး Mr. Chaponda၊ ဒိန်းမတ် လူမျိုး Mr. Jim Peterson၊ ထိုင်းလူမျိုး Mr. Sanit နဲ့ ဂျပန်အမျိုးသမီးတဦးတို့ ဖြစ်ကြပါတယ်။ ရုံးအဖွဲ့အနေနဲ့ ထိုင်းအမျိုး သမီးများ Ms. Kanita နဲ့နောက် ၂ ဦးလောက်ရှိကြပါတယ်။ ကျွန်တော်တို့စကားပြန်တွေရဲ့ လုပ်ငန်းစဉ်တွေကတော့ ဒုက္ခသည်လာရောက်လျှောက်ထားသူများကို မှတ်ပုံတင်စာရင်းပြုစုရပါတယ်။ လျှောက်ထားတဲ့သူတိုင်း NI နံပါတ်လို့ခေါ်တဲ့ မှတ်ပုံ တင်နံပါတ်တခုစီနဲ့ လူတွေ့စစ်မေးမဲ့ အင်တာဗျူးရက်ချိန်းနေ့တွေ ရကြပါတယ်။ သူတို့ရဲ့ကိုယ်ရေးရာဇဝင်များကို လက်ခံရ ယူပြီး ဗမာလိုရေးသားတင်သွင်းလာတဲ့ ကိုယ်ရေးရာဇဝင်များကို အင်္ဂလိပ်လိုဘာသာပြန်ပေးရပါတယ်။ ဒီ အင်္ဂလိပ်လို ကိုယ်ရေးရာဇဝင်များကိုအင်တာဗျူးမဲ့ UN အရာရှိတွေက မဗျူးခင်မှာအရင်ဖတ်ရှုလေ့ လာပြီး သက်ဆိုင်ရာလျှောက်ထားသူ အင်တာဗျူးမဲ့နေ့၊ အချိန်မှာ ကျွန်တော်တို့စကားပြန်တွေက အရာရှိနဲ့ လျှောက်ထားသူကြားမှာ စကားပြန်လုပ်ပေးရပါတယ်။ ကိုယ်ရေးရာဇဝင်တွေဘာသာပြန် တဲ့အလုပ်ကိုတော့ ကျွန်တော်တို့စကားပြန်တွေခွဲဝေယူပြီး အိမ်စာအဖြစ်လုပ်ကိုင်ကြရပါ တယ်။

ဘာသာပြန်၊ စကားပြန်တွေရဲ့ စောင့်ထိန်းရမဲ့စည်းမျဉ်းတခုကတော့ အရာရှိရဲ့မေးမြန်းချက်၊ လျှောက်ထားသူတွရဲ့ဖြေကြားချက်၊ ပြောဆိုချက်တွေကို တစ်အချိုးတစ် တိတိကျကျ ဘာသာပြန် ပေးရတာပါ။ ပိုလဲမပိုရ၊ လိုလဲမလိုစေရပါဘူး။ လျှောက်ထားသူတယောက်ကို Mr. Peterson နဲ့ အင်တာဗျူးမှာ ကျွန်တော်စကားပြန်ပေးရာမှာလျှောက်ထားသူကိုကူညီလိုဇောနဲ့ ကျွန်တော်က မြေနီကုန်းလို့ (၁၉၈၈ ဇွန်လ မြေနီကုန်းကိစ္စနဲ့ပတ်သက်ပြီး သူ့ကိုပြောစေချင်လို့) စကားကြောင်း ပေးလိုက်ရာမှာ Mr. Peterson က မြေနီကုန်းဆိုတဲ့စကားလုံးနဲ့ အကြောင်းအရာကိုသိထားတော့ ကျွန်တော့်ကိုဒီလိုစကားမကြောင်းပေးဘို့သတိပေးပြောဆိုခဲ့ပါတယ်။ ဒါမျိုးက စောင့်ထိန်းရမဲ့ ဝတ္တရားပါ။

ဒီတာဝန်နဲ့ဝတ္တရားတွေအတွက် ကျွန်တော်တို့စကားပြန်တွေက အသိအမှတ်ပြုခံဒုက္ခသည်တွေ ခံစားခွင့်ရရှိတဲ့လစဉ်ထောက်ပံ့ကြေးငွေ ဘတ်၃၀၀၀အပြင် ဘတ်၁၀၀၀အပိုရရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့စကားပြန်တွေကို ၄ထောင်စားတွေလို့ခေါ်ခဲ့သူတွေရှိခဲ့ပါတယ်။ ဒီ UNHCR ရုံးက ဘန်ကောက်၊ ရာ့ချ်ဒွန်မနွန်လမ်းက ESCAP ရုံးအဆောက်အဦထဲမှာရှိတာပါ။ ဒီရုံးထဲကိုဝင်ထွက် သွားလာဘို့ ကျွန်တော်တို့စကားပြန်တွေ ဓါတ်ပုံပါတဲ့ ဝန်ထမ်းကတ်ပြားတွေရရှိခဲ့ပါတယ်။ ကျွန်တော့်အတွက် အဖိုးထိုက်တန်တဲ့ အခွင့်အရေးတခုကတော့ ဒီရုံးစာကြည့်တိုက်ကို အသုံးပြုခွင့် ရခဲ့တာပါဘဲ။ အချိန်ရရင်ရသလို ကျွန်တော်စာကြည့်တိုက်ကိုသွားပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေဖတ်ရှုခဲ့ပါတယ်။ နောက်မမေ့နိုင်တဲ့ အခွင့်အရေးတခုကတော့ ရုံး canteen ပါ၊ အရသာရှိလှတဲ့ ထိုင်း၊ ဥရောပအစားအစာများကို ဈေးသက်သက်သာသာနဲ့ နေ့လည်စာစားသုံးနိုင်တဲ့ အခွင့်အရေး ပါဘဲ။

ကျွန်တော်ဒီလိုစကားပြန်အလုပ်ကိုလုပ်ကိုင်နေရာမှာ ၁၉၈၉၊ ၁၉၉၀ နှစ်ပိုင်းတွေလောက်က ဒုက္ခသည်လျှောက်ထားသူများမှာ အများစုက ၁၉၈၈ ကျောင်းသားအရေးတော်ပုံ၊ လူထုအရေး တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့ကြပြီး ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ခွါလာခဲ့ကြရာက ဘန်ကောက်ထိ ရောက်လာကြပြီး UNHCR မှာဒုက္ခသည်အဖြစ် လျှောက်ထားကြသူများဖြစ်ပါတယ်။ သူတို့တတွေ ဟာ ဗမာပြည်အနယ်နယ်အရပ်ရပ်ကသူတွေဖြစ်ကြတော့ ဒေသအသီးသီးကလူထုအရေးတော်ပုံ ကြီးမှုာ သူတို့ပါဝင်ပတ်သက်ခဲ့ကြပုံတွေက စိတ်ဝင်စားစရာ၊ ဂုဏ်ယူစရာကောင်းလှပါတယ်။ ဒေသ အသီးသီးရဲ့လူထုအရေးတော်ပုံကြီး ဖြစ်စဉ်သမိုင်းတစိတ်တဒေသကိုလဲ ကျွန်တော်သိရှိခွင့်ရခဲ့ပါ တယ်။ သူတို့တတွေကို ကျွန်တော်အတတ်နိုင်ဆုံးကူညီခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်ကုန်ပိုင်းလောက် ရောက်လာတော့ နယ်စပ် (မဲဆောက်၊ မဲဟောင်ဆောင်၊ ဘုရားသုံးဆူ၊ ကန်ချနဘူရီ စသဖြင့်) က ဗမာပြည်သူတိုင်းရင်းသားများ (မွန်၊ ကရင်၊ ရှမ်း စသဖြင့်) အပါအဝင်ဒုက္ခသည်လျှောက်ထားသူများ ပိုမိုများပြားလာပါတယ်။ မွန်တိုင်းရင်းသားလျှောက်ထားသူများအတွက် မွန်စကားပြန် ၃ ဦးလောက် သီးသန့်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာတာကတကြောင်း၊ ကျွန်တော်လဲ နောက်အဆင် ပြေတဲ့အလုပ်အကိုင်တခု ရရှိခဲ့တာကလဲတကြောင်းကြောင့် ဒီ UNHCR လုပ်အားပေးစကားပြန် အလုပ်ကို ကျွန်တော်ရပ်နားခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၁ နှစ်ကုန်ပိုင်းလောက်မှာကျွန်တော်ဂျာမနီကိုရောက်ရှိလာပြီး ကိုလုံးမြို့မှာဒုက္ခသည် အဖြစ်လျှောက်ထားခဲ့ပါတယ်။ ဂျာမနီမှာတော့ ဒီဒုက္ခသည် (ရွှေ့ပြောင်းအခြေချနေထိုင်သူများ) ဆိုင်ရာကိစ္စများကို ဂျာမန်လို BAMF (Bundesamt fuer Migration und Fluechtlinge) ဌာနက တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီဌာနကို ကျွန်တော့်ရဲ့အထောက်အကူပြုစာရွက်စာတမ်းများ၊ အင်္ဂလိပ်လိုရေးသားထားတဲ့ကိုယ်ရေးရာဇဝင်စတဲ့စာရွက်စာတမ်း အပြည့်အစုံတင်သွင်းပြီး ဒုက္ခ သည်လျှောက်ထားခဲ့ပါတယ်။ လျှောက်ထားတဲ့နေ့မှာဘဲ ချက်ခြင်းကျွန်တော့်ကို အကြိုလူတွေ့ စစ်မေးအင်တာဗျူးလုပ်ခဲ့ပါတယ်။ ကျွန်တော့်ကိုအင်္ဂလိပ်လိုဖြေဆိုမလားလို့လာမေးပြီး ရုံးသုံးစကား ကဂျာမန်ဘာသာဆိုတော့ အင်္ဂလိပ်စကားပြန်နဲ့ လူတွေ့စစ်မေးခြင်းပြုလုပ်ခဲ့ပါတယ်။ ၁၉၉၂ နှစ် လယ်ပိုင်းလောက်မှ BAMF ရုံးချုပ်တည်ရှိရာနျုရင်ဘတ်မြို့မှာ လူတွေ့စစ်မေးဘို့အင်တာဗျူး ရက်ချိန်းစာရရှိခဲ့ပါတယ်။ အင်တာဗျူးရက်ချိန်းမတိုင်ခင်မှာ ဒီအင်တာဗျူးကို မြန်မာ၊ အင်္ဂလိပ်၊ ဂျာမန်တွေထဲက ဘယ်ဘာသာနဲ့ဖြေဆိုမလဲလို့ မေးတဲ့စာရောက်လာလို့ အရိုးသားဆုံး မြန်မာ ဘာသာနဲ့ဘဲဖြေဆိုမယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ ဒီတော့အင်တာဗျူးမှာ မြန်မာစကားပြန်နဲ့ ဖြေဆိုပြောကြားခဲ့ပါတယ်။ ၁၉၉၃ ခုမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

ဂျာမနီမှာနေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး အလုပ်အကိုင်လေးအတည်တကျလုပ်နေပြီးတဲ့ နောက် ဂျာမန်ဘာသာနဲ့စကားပြန်လုပ်ချင်တဲ့ပိုးက ပြန်ထလာပါတယ်။ ဝါသနာအထုံလို့ပြောလို့ ရပါတယ်။ ဒါနဲ့ BAMF ရုံးချုပ်၊ ပုဂ္ဂလိကဘာသာပြန်၊ စကားပြန်ရုံးတွေကို မြန်မာဘာသာအတွက် စကားပြန်အလုပ်လုပ်လိုကြောင်း လျှောက်လွှာတွေပေးပို့လျှောက်ထားရာမှာ ကျွန်တော့်ရဲ့ ဘန်ကောက် UNHCR မှာစကားပြန်လုပ်ခဲ့တဲ့ အတွေ့အကြုံအထောက်အထား၊ ရန်ကုန် IFL မှာ ဂျာမန်ဘာသာဒီပလိုမာရရှိခဲ့တဲ့ အထောက်အထားတွေကြောင့် သူတို့ကျွန်တော့်ကိုလက်ခံအသုံးပြု ကြပါတယ်။ BAMF ရုံးခွဲတွေက ဂျာမနီနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့အတွက် ဂျာမနီအလယ်ပိုင်း၊ တောင်ပိုင်း မြို့နေရာတော်တော်များများကိုစကားပြန်လုပ်ဘို့ကျွန်တော်သွားရောက်ခဲ့ရပါတယ်။ မြန်မာဘာသာအတွက်စကားပြန်တယောက်အဖြစ် ကျွန်တော့်ရဲ့ကိုယ်ရေးအချက်အလက်တွေဟာ BAMF ကတဆင့် ဂျာမန်ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ တရားရေးဌာန၊ တရားရုံးများကိုပြန့်နှံ့ရောက်ရှိ သွားပြီး သူတို့လိုအပ်ရင်လိုအပ်သလို ကျွန်တော့်ကိုဆက်သွယ်အသုံးပြုကြပါတယ်။ Austria နိုင်ငံ ထိလဲကျွန်တော်သွားရောက်ပြီး စကားပြန်လုပ်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ဂျာမန်အမျိုးသမီးက သူတို့ ဒီအသက်အရွယ်ထိဂျာမနီမှာနေလာတာ၊ ကျွန်တော့်လောက်ဂျာမနီကမြို့နေရာတွေ မရောက်ဖူး ဘူးလို့ကျွန်တော့်ကိုပြောပါတယ်။

Hamburg မြို့ကသူငယ်ချင်းတယောက်က သူကိုယ်တိုင်စကားပြန်လုပ်ချင်လို့လား၊ သူ့တူမ တယောက်လုပ်ချင်လို့လားမသိ၊ စကားပြန်တယောက်ဖြစ်ဘို့အတွက် ဘာတွေလိုအပ်သလဲ၊ ဘာတွေသိထားသင့်သလဲလို့ ကျွန်တော့်ကိုမေးဘူးပါတယ်။ ကျွန်တော့်ရဲ့အဖြေကတော့ ဂျာမန် ဘာသာ၊ ဂျာမန်စကား၊ မြန်မာစာ၊ မြန်မာစကား၊ ဘာသာရပ် ၂ ခုလုံးကို ပိုင်နိုင်ကျွမ်းကျင်ရမယ်၊ မြန်မာ့သမိုင်း၊ ဗမာပြည်ရဲ့နိုင်ငံရေးသမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေး စီးပွါးရေး လူမှုရေး အခြေအနေ၊ ဗမာပြည်ရဲ့ပထဝီဝင်အနေအထားစသည်တို့ကို သိသင့်သလောက်သိထားရမယ်လို့ ဖြေကြား ခဲ့ပါတယ်။ သိပ်သိလွန်းရင်လဲ မကောင်းပြန်ဘူး။ စကားပြန်အလုပ်ဟာ ထင်သလောက်မလွယ်ဘူး ဆိုတဲ့သာဓကတခုရှိခဲ့ပါတယ်။ ဒီဂျာမနီမှာနေထိုင်တာကြာလှပီဖြစ်တဲ့၊ ဂျာမန်စကားကောင်း ကောင်းပြောနိုင်တဲ့၊ ကျွန်တော်တို့ထက်အသက်နဲနဲကြီးသူတယောက် ဂျာမန်တရားရုံးတခုမှာ ဗမာ တယောက်အတွက်စကားပြန်လုပ်ပေးရာမှာ တရားရုံးစစ်ဆေးမေးမြန်းမှုကို ရပ်ဆိုင်းလိုက်ရတဲ့ အဖြစ်မျိုးရှိခဲ့ဘူးပါတယ်။ အကြောင်းကတော့ ဒီစကားပြန်လုပ်ပေးသူက ဗမာလူမျိုးနဲ့ တရားသူကြီး ကြားမှာ ကောင်းမွန်အဆင်ပြေစွာစကားပြန်လုပ်မပေးနိုင်ခဲ့တဲ့အတွက်ကြောင့်ပါ။ တရားရုံးစစ်ဆေး မေးမြန်းမှုမစခင်မှာ ကျွန်တော်တို့စကားပြန်တွေဟာ မှန်မှန်ကန်ကန်တိတိကျကျ ဘာသာပြန်ဆိုပါ မယ်လို့ အမြဲတန်းကျမ်းကျိန်ရပါတယ်။ ကျွန်တော်တို့ဗမာလူမျိုးတွေနဲ့ ဂျာမန်စစ်ဆေးမေးမြန်းသူ တွေကြား ခဏခဏကြုံရတဲ့ပြသနာတခုကတော့ တိတိကျကျမဖြေဆိုနိုင်ကြတာပါဘဲ။ ဖြေဆိုသူ တွေက နေ့လည်၂နာရီ၃နာရီလောက်လို့ဖြေဆိုတဲ့အခါ မေးမြန်းသူက မဟုတ်ဘူး ၂နာရီလား ၃နာရီ လား တိကျတဲ့အချိန်ကိုဘဲသိချင်တဲ့အဖြစ်မျိုးပါ။ ဖြေဆိုသူတွေက အိမ်ကိုလာတာ လူလေးငါးဆယ် ယောက်လောက်လို့ဖြေပါတယ်။ မေးမြန်းသူခေါင်းခါတယ်၊ ၄ယောက်လား၊ ၅ယောက်လား၊ ၁၀ယောက်လားလို့ တိတိကျကျဖြေဘို့ထပ်မေးပါတယ်။

ဂျာမနီကိုရောက်ရှိလာတဲ့ ဗမာပြည်သူဦးရေကလဲ ရာခိုင်နှုန်းအားဖြင့်သိပ်မရှိလှပါဘူး။ ရောက်ရှိလာ သူတွေထဲကဦးရေတော်တော်များများကလဲ အမှန်တကယ်တော့ နိုင်ငံရေးနဲ့ပါဝင်ပတ်သက်ခဲ့ခြင်း မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ ခိုလှုံခွင့်လျှောက်ထားသူတိုင်းမှာ နိုင်ငံရေး လူမျိုးရေး ဘာသာရေး အကြောင်းတရားတခုခုကြောင့် ပြသနာတစုံတရာရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုခုနဲ့ ခိုလှုံခွင့် လျှောက်ထားခွင့်ရှိကြပါတယ်။ ကျွန်တော့်ရဲ့ခံယူချက်ကတော့ ဗမာပြည်ကနေမည်သည့်အကြောင်း ကြောင့်ထွက်လာသည်ဖြစ်စေ၊ ဗမာပြည်သူကျွန်တော့်ညီအကိုမောင်နှမတွေကို ကျွန်တော်အတတ် နိုင်ဆုံးကူညီမယ်ဆိုတာ ကျွန်တော့်ခံယူချက်ပါဘဲ။ ဗမာပြည်သူတွေ ဗမာပြည်ကနေ ဘာကြောင့် ထွက်လာရသလဲဆိုတာ ကျွန်တော်အပါအဝင်အားလုံးအသိဘဲမဟုတ်ပါလား။ ဘယ်သူ့ကိုတော့ ဘယ်တော့မှ စကားပြန်လုပ်မပေးဘူးဆိုတဲ့ ချွင်းချက်တခုတော့ ကျွန်တော့်မှာရှိပါတယ်။

ကျွန်တော့်ရဲ့စကားပြန်လုပ်သက်တလျှောက်မှာ ကြမ္မာဆိုးဝင်ခဲ့တဲ့အချိန်ကာလတခုလဲရှိခဲ့ပါတယ်။ ဗမာပြည်မှာ သံဃာတော်တွေနဲ့ပြည်သူလူထုရဲ့ ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးဖြစ်နေတဲ့ အချိန်မှာ ဂျာမနီမှာလဲ ရွှေ့ပြောင်းအခြေချလာသူ၊ ခိုလှုံခွင့်လျှောက်ထားသူဆယ်ဂဏန်းခန့်ရှိနေခဲ့ ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်ပြီးနောက် ဗမာပြည် စစ်အစိုးရကို တရုပ်အစိုးရက အထောက်အကူပြုနေတာကိုအကြောင်းပြုပြီး နိုင်ငံတော်တော်များ များမှာ နိုင်ငံခြားရောက်ဗမာများက နိုင်ငံအသီးသီးရဲ့ တရုပ်သံရုံး၊ တရုပ်ကောင်စစ်ဝန်ရုံးများမှာ တရုပ်အစိုးရကနေ ဗမာစစ်အစိုးရကို အထောက်အကူမပြုဘို့၊ အထောက်အကူပြုနေတာတွေကို ကန့်ကွက်ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ဂျာမနီ Frankfurt မြို့မှာလဲ Frankfurt၊ ကိုလုံးအစရှိတဲ့ မြို့တွေကဗမာတွေက တရုပ်ကောင်စစ်ဝန်ရုံးမှာကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဂျာမနီ တောင်ပိုင်း မြူးနစ်မြို့မှာရှိနေတဲ့ခိုလှုံခွင့်လျှောက်ထားသူဆယ်ဂဏန်းတချို့ကလဲ မြူးနစ်မြို့က တရုပ်ကောင်စစ်ဝန်ရုံးမှာ ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်ချင်ကြတယ်၊ ကျွန်တော့်ကိုဦးဆောင်မှုပေးပါလို့ တောင်းဆိုလာကြပါတယ်။ ဆန္ဒပြပွဲဆိုတဲ့အသံကြားလိုက်တဲ့ကျွန်တော်ကလဲ ဗေထိဆိုတဲ့ဆိုင်းသံ ကြားလိုက်ရင် ထ ကချင်တဲ့သူလိုချက်ခြင်းဘဲလက်ခံလိုက်ပါတယ်။ တကယ့်ကိုအချိန်တိုပိုင်းလေး အတွင်းမှာ စီစဉ်ရမှာပါ။

ကနဦးဆုံးအလုပ်ကတော့ မြူးနစ်ကသက်ဆိုင်ရာရဲဌာနမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဆန္ဒပြပွဲလုပ်ချင်ပါတယ်၊ လူဦးရေဘယ်နှစ်ယောက်လောက်ဆိုတာ အကြောင်းကြားခွင့်ပြုချက် ယူရပါတယ်။ တနင်္လာနေ့လိုမျိုးမှာဆန္ဒပြပွဲလုပ်မဲ့အစီအစဉ်ကို သောကြာနေ့နေ့လည်မှာ ကျွန်တော် နဲ့ကျွန်တော့်ဇနီးသည်တို့ ရဲဌာနမှာခွင့်ပြုချက်သွားတောင်းတာ ချက်ခြင်းဘဲရခဲ့ပါတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်မှာ လောက်စပီကာ၊ ပိုစတာစတဲ့လိုအပ်တာတွေ ဆန္ဒပြချင်တဲ့သူတွေနဲ့အတူ ပြင်ဆင်စီစဉ်ရပါတယ်။ အမှန်တကယ်တော့ စကားပြန်တွေဟာ ကိုယ်စကားပြန်ပေးရမဲ့ခိုလှုံခွင့် လျှောက်ထားသူတွေနဲ့ အဆက်အသွယ်မရှိရပါဘူး၊ မပြုလုပ်ပါဘူးဆိုတဲ့ စည်းမျဉ်းရှိပါတယ်။ အင်တာဗျူးမတိုင်ခင်၊ တရားရုံးစစ်ဆေးမေးမြန်းမှုမစခင်တွေမှာတောင် စကားပြောခွင့်မရှိပါဘူး။ ဒါတွေကို ကျွန်တော်မသိလို့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန္ဒပြပွဲလေ၊ ဗမာပြည်အတွက် ဆန္ဒပြပွဲလေ၊ ရွှေဝါရောင်တော်လှန်ရေးကိုအထောက်အကူပြုတဲ့ ဆန္ဒပြပွဲလေ၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲလေ။ ဒီပိုးကကျွန်တော့်ခန္တာကိုယ်အတွင်းမှာ ယခုထိရှင်သန်တုန်း၊ ပြန့်နှံ့တုန်းပါဘဲ။ ခိုလှုံခွင့် လျှောက်ထားသူ၊ ဆန္ဒပြလိုသူများမှာလဲ ဒီစိတ်ဓါတ်ရှိကြမှာ မလွဲမသွေပါဘဲ။ ဒါ့အပြင်သူတို့အတွက် ဒီဆန္ဒပြပွဲမှာပါဝင်ပတ်သက်ပုံမှတ်တမ်းတွေကို သူတို့ရဲ့အင်တာဗျူးမှာတင်ပြရင် သူတို့ရဲ့လျှောက် ထားမှုကိစ္စတွေအတွက် အထောက်အကူအများကြီးရပါတယ်။

ဆန္ဒပြပွဲနေ့မှာဂျာမန်ရဲရဲ့အစောင့်အရှောက်နဲ့ မြူးနစ်ကတရုပ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျွန်တော့်ရဲ့ ဦးဆောင်မှုနဲ့ဗမာခိုလှုံခွင့်လျှောက်ထားသူတွေ၊ ဂျာမန်လူမျိုးအချို့တို့နဲ့ အောင်မြင်စွာဆန္ဒပြခဲ့ကြပါ တယ်။ တရုပ်ကောင်စစ်ဝန်ရုံးကနေ ဓါတ်ပုံ၊ဗီဒီယိုမှတ်တမ်းတင်တာတွေ ပြုလုပ်ခဲ့ကြတဲ့အပြင် တာဝန်ရှိသူတဦးက အပြင်ထွက်လာကြည့်ရှုပြီးစောင့်ရှောက်မှုပေးတဲ့ရဲတွေနဲ့စကားပြောဆိုနေတာ တွေတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ဆန္ဒပြပွဲကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်ကာလ ဗမာပြည်စစ်အစိုးရဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် နိုင်ငံရပ် ခြားရောက်ဗမာနိုင်ငံသားတွေ လုပ်နိုင်သမျှအတိုင်းအတာတွေထဲက အတိုင်းအတာတခုကို စွမ်းဆောင်ပေးခဲ့တာပါ။

ဒီလုပ်ဆောင်ချက်ရဲ့အကျိုးဆက်၊ ကျွန်တော့်အတွက်ကြမ္မာဆိုးတခုကို ၂၀၀၈ ခုနှစ်မှာကျွန်တော်ကြုံ တွေ့ခဲ့ရပါတယ်။ မြူးနစ် BAMF ရုံးကနေကျွန်တော်သိရတဲ့အကျိုးအကြောင်းကတော့ကျွန်တော့်ကို စကားပြန်အဖြစ်၊ စကားပြန်အလုပ်ကနေ ရပ်ဆိုင်းထားတယ်ဆိုတဲ့အကြောင်းပါ။ ဘယ်လို၊ဘာ ကြောင့်ရပ်ဆိုင်းထားရသလဲဆိုတာ လိုက်လံစုံစမ်းတဲ့အခါမှာ နျုရင်ဘတ် BAMF ရုံးချုပ်ကနေ ရပ်ဆိုင်းထားတယ်ဆိုတဲ့အကြောင်းသိရပါတယ်။ မကြာခင်မှာကျွန်တော်အလုပ်လုပ်ကိုင်တဲ့ မြို့နယ် အုပ်ချုပ်ရေးရုံး၊ ဝန်ထမ်းရေးရာဌာနမှူးက ကျွန်တော့်ကိုခေါ်ယူမေးမြန်းတာခံခဲ့ရပါတယ်။ ဂျာမန် အစိုးရရှေ့နေရုံးကနေ ကျွန်တော့်ကိုတိုင်ကြားစာတစောင်ကို ဝန်ထမ်းရေးရာဌာနကရရှိခဲ့တယ်။ ကျွန်တော်ဆန္ဒပြပွဲတွေ ဘာတွေမှာပါဝင်ဆန္ဒပြတာတွေရှိခဲ့သလား၊ ကျွန်တော့်ရဲ့စကားပြန်အလုပ် ရပ်ဆိုင်းခံထားရတယ်ဆိုတာဟုတ်သလား၊ ဘာအကြောင်းကြောင့်လဲစတဲ့မေးခွန်းတွေကို ကျွန်တော်ဖြေဆိုခဲ့ရပါတယ်။ ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တော်ဗမာပြည်စစ်အစိုးရ၊ စစ်အာ ဏာရှင်စနစ်ကိုဆန့်ကျင်လို့ ဗမာပြည်ကထွက်လာတာ၊ ဗမာပြည်စစ်အစိုးရဆန့်ကျင်ရေး၊ စစ်အာ ဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ကျွန်တော်အမြဲပါဝင်ပတ်သက်နေမှာဘဲ၊ ဒါကြောင့် ကျွန်တော်ဆန္ဒပြပွဲမှာပါဝင်ခဲ့ပါတယ်။ စကားပြန်အလုပ်ကိစ္စမှာတော့ ကံကောင်းထောက်မစွာ အဲဒီ အချိန်မှာ BAMF ကကျွန်တော့်ကိုရပ်ဆိုင်းထားပေမဲ့ ဂျာမန်ရဲ၊ တရားရုံးတွေမှာကျွန်တော် စကားပြန် အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါဘဲ။ ဒီမှာ ဝန်ထမ်းရေးရာဌာနမှူးကကျွန်တော့်ရဲ့ တရားရုံး တွေမှာ စကားပြန်လုပ်ကိုင်နေဆဲ အထောက်အထားကိုရယူပြီးအစိုးရရှေ့နေရုံးကို အကြောင်းပြန် ကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့အလုပ်အကိုင်အထိ ဝင်ရောက်နှောင့်ယှက်လိုတဲ့ထိုးနှက်ချက်ပါဘဲ။ ဒါဘယ်သူ့လက်ချက်လဲ။ ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီးဦးအောင်မင်းရဲ့လုံးဝလက်မခံနိုင် တဲ့ စကားတခွန်းရှိခဲ့ပါတယ်။ “တရုပ်ကို ကြောက်နေရတယ်” ဆိုတဲ့စကားတခွန်းပါဘဲ။ ကျွန်တော့ အတွေ့အကြုံအရ၊ ကျွန်တော့ရဲ့ဖြစ်စဉ်မှာ ကျွန်တော်ပြောချင်တာကတော့ တရုပ်အမျိုးသမီး ခြေတို တွေသာရှိခဲ့ဘူးတယ်၊ တရုပ်အစိုးရသံရုံးကတော့ လက်တံရှည်တယ် (ဂျာမန်အသုံးအနှုန်းတခုပါ) ဆိုတဲ့သာဓကလဲ ရှိခဲ့ဘူးတယ်ဆိုတာပါဘဲ။

ယခုအချိန်မှာတော့ကျွန်တော်စကားပြန်အလုပ်၊ ဘာသာပြန်အလုပ်ကို စိတ်ပါဝင်စားစွာ၊ ပျော်ရွှင် စွာဆက်လက်လုပ်ကိုင်နေပြီး၊ အလုပ်ကအနားယူပြီး ပင်စင်သွားရင် ဒီလုပ်ငန်းတွေကို စောက်ချ လုပ်ကိုင် မယ်လို့

ရည်ရွယ်ထားလျက်…..

ဌေးဝင်း (ဂျာမနီ)
၂၈.၀၉.၂၀၁၈