Breaking News

ဇင်လင်း ● စစ်ဘောင်ကျယ်၍ စစ်စရိတ်ကြီးလေးနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခွင့် ဆက်လက်ဆုံးရှုံးနေမည်

ဇင်လင်း ● စစ်ဘောင်ကျယ်၍ စစ်စရိတ်ကြီးလေးနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခွင့် ဆက်လက်ဆုံးရှုံးနေမည် 
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၉

လက်ရှိ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကိစ္စတွင် ငြိမ်းချမ်းရေးရရန်မဆိုထားနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ် ရှေ့တလှမ်းတိုးရေးအတွက်မှာပင် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဆက်လက်ကျင်းပရန်ကိစ္စသည်လည်း ရက်အတိအကျ မသတ်မှတ်နိုင်သေးဘဲ ရှိသည်။ လက်နက်ကိုင်အဖွဲ့အသီးသီးသည် ကိုယ့်ရည်မှန်းချက်နှင့် ကိုယ့်ဆုံးဖြတ် ဆောင်ရွက်နေကြ သဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရာနှုန်းပြည့်မလုပ်နိုင်ကြဘဲ  ဖြစ်နေသည်။ အနည်းဆုံး စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူလူထု၏ဆင်းရဲဒုက္ခများကို ထောက်ထားဖို့ တော့လိုသည်။ ၎င်းတို့၏ နေရပ်ပြန်ရေး၊ တပ်များပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် မြေမြှုပ်မိုင်းများ ရှင်းလင်းရေး၊ နှစ်ဖက်တပ်များ အကြား စစ်ရေးပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေး စသည်တို့အတွက် တွေ့ဆုံညှိနှိုင်းမှုများ အမြန်ဆုံးလုပ်ရန် လိုအပ်နေ သည်။

သို့ရာတွင် တနိုင်ငံလုံးပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လုပ်ငန်းစဉ်သည် မူလရည်မှန်းချက်များ ဖေါ်ဆောင်ရာ၌ ထိရောက်မှုမရှိသောကြောင့် လာမည့် ၂၁ ရာစုပင်လုံ အစည်းအဝေးကို ဆိုင်းငံထားစေလိုသည်ဟု  ပြောဆိုဝေဖန်သံများ ဖြစ်ပေါ်လျှက်ရှိသည်။ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာကိစ္စများအပါအဝင် နိုင်ငံရေးကဏ္ဍကို အထူးဦးစားပေးဆွေးနွေးမည်ဟု ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေး နွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ထားခဲ့သည်။ အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် UPDJC အစည်းအဝေးကို ၂၀၁၈ အောက်တိုဘာ ၃၀၊ ၃၁ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု စသည်တို့အပါအဝင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို ၂၀၁၈ အတွင်း အပြီးသတ်ချမှတ်ကြရန် တိုက်တွန်းခဲ့သည်။ သို့သော် ယခု ၂၀၁၉ ခုနှစ်ပင် နှစ်ဝက်ကျိုးခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံသုံးကြိမ်အတွင်း အခြေခံမူများကို အကြေအလည်ဆွေးနွေး ပြီးပြတ်ခဲ့ပါက ဖက်ဒရယ် မူဆိုင်ရာ ခိုင်မာသည့်အုတ်မြစ်တခု ချမှတ်နိုင်ရေးကိုရည်မှန်းကာ ကြိုးပမ်းကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖေါ်ရာ၌ NCA စာချုပ်၏ ရည်ရွယ်ချက်နှင့်အညီ လုပ်ဆောင် သင့်သည်ကို အဖွဲ့အသီးသီး၏ တာဝန်ခံခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များအားလုံး သတိပြုသင့်သည်။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖေါ်ရာတွင် တဖက်၌ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေစဉ် အခြားတဖက်၌ ထိုးစစ် ဆင်တိုက်ခိုက်ခြင်းများမလုပ်သင့်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။ ဆွေးနွေးပြုလုပ်နေခိုက် စစ်ဆင်တိုက်ခိုက်ခြင်း သည် ငြိမ်းချမ်းရေးမလိုလားသောသဘောကို ပြသရာရောက်သည်။ ထိုသို့ရှေ့နောက်မညီ လုပ်ဆောင်နေပါက ပြည်တွင်းစစ် ရပ်စဲရန် မဖြစ်နိုင်ဟု သုံးသပ်ကြသည်။ NCA စာချုပ်တွင် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ၊ နိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းမည်ဟု လက်မှတ်ရေးထိုးထားသည့်အတိုင်း လက်တွေ့ကျင့်သုံးသင့်သည်။  မှားပြီးသား အမှားများကို သင်္ခန်းစာမယူဘဲ ထပ်မံအမှားလုပ်နေကြပါက၊ ဆိုးသွမ်းသံသရာ ဆက်လည်နေလိမ့်မည်။

သို့ဖြစ်၍ လက်ငင်းရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မရှင်းသမျှ စစ်ပွဲများရပ်စဲသွားစေမည့်  အဖြေထွက်လာမည်မဟုတ်ပါ။ မည်သည့်ဘက်ကမျှ စစ်အင်အားဖြင့် အပြတ်တိုက်ခိုက် အနိုင်ယူရန် မဖြစ်နိုင်ပါ။ ဆယ်စု နှစ်ပေါင်းများစွာ စစ်ဒဏ်ကြောင့် သေကျေ အနာတရဖြစ်ကာ တိုင်းပြည်ဆင်းရဲမွဲတေခြင်းသာ အဖတ်တင်ခဲ့သော သင်္ခန်းစာ ကို ဘက်အသီးသီးက နှလုံးသွင်းချိန်တန်ပြီ ဖြစ်သည်။ ဆင်းရဲမွဲတေမှုအောက်တွင် အပြန်အလှန် ရန်လိုတိုက်ခိုက်နေကြ လျှင် ဆင်းရဲမွဲတေခြင်း ဆိုးသွမ်းသံသရာမှ ရုန်းထွက်၍မရဘဲ ဖြစ်နေမည်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ တာဝန်ရှိသူများ ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်ကြဖို့ လိုသည်။

အထူးဆင်ခြင်ရမည့်ကိစ္စမှာ စစ်ပွဲတပွဲဖြစ်လာပြီဆိုပါက မိမိစစ်သားများအား စည်းကမ်းသေဝပ်အောင် မထိန်းသိမ်းနိုင် သည့် ပြဿနာဖြစ်သည်။ အထက်အဆင့်က မည်မျှပင် မိမိတို့တပ်ဖွဲ့များသည် စစ်မြေပြင်တွင် ဂျီနီဗာသဘောတူညီချက် များကို လိုက်နာနေပါသည်ဟု ပြောဆိုနေသော်လည်း၊ လက်တွေ့အောက်ခြေမြေပြင်၌ စစ်စည်းကမ်းဖေါက်ဖျက်သည့် အဓမ္မအမှုများကို တပ်ဖွဲ့ဝင်များ ကျူးလွန်တတ်ကြသည်။  ဥပမာအားဖြင့် ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်ဟု သံသယရှိ သဖြင့် မြောက်ဦးဒေသခံ ကိုဇော်ဝင်းလှိုင် (၂၈ နှစ်)ကို  တပ်မတော်က ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ဇူ လိုင် ၂ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖေါ်ပြခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ရွှေထွန်း ဖြူရွာသား ကိုဇော်ဝင်းလှိုင်၏ရုပ်အလောင်းကို မိသားစုက စစ်တွေဆေးရုံမှ နေရပ်သို့ ပြန်လည်သယ်ဆောင်သွားခဲ့ပြီးနောက်၊ သေဆုံးမှုသည်  စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့်ဒဏ်ရာများကြောင့်ဖြစ်ကြောင်း သူ၏အစ်ကို ဦးဝင်းနိုင်က ဆို သည်။ ကိုဇော်ဝင်းလှိုင်သည် ဝေသာလီဘုရားပြုပြင်ရေးတွင် လက်သမားအဖြစ်လုပ်ကိုင်နေစဉ် အခြားလုပ်ဖော်ကိုင်ဖက် များနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။

ကိုဇော်ဝင်းလှိုင်သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်မတော်အရာရှိက မည်သို့ပင်ငြင်းဆိုသော်လည်း လူထုအမြင်ကို မူ လွယ်လွယ်နှင့် ပယ်ဖျက်မရတော့ပေ။ ဇွန် ၂၄ တွင် တပ်က ကိုဇော်ဝင်းလှိုင်ကို ကျောက်တော်ရဲစခန်းသို့ လွှဲပြောင်း၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲခဲ့သည်။ စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့်ဒဏ်ရာများကိုကုသရန် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ ဇူလိုင်လ ၁ ရက်နေ့တွင်ရောက်ရှိခဲ့သည်ဟု Myanmar Now သတင်းအရ သိရ သည်။ ဖမ်းဆီးခံရစဉ် ရိုက်ပုတ်ခံရသည့်အတွက် ဒဏ်ရာများပြင်းထန်သောကြောင့် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေ ဆေးရုံကြီးသို့ ဇွန်လ ၃၀ ရက်တွင်  ယူဆောင်လာခဲ့သည်ဟု ဇော်ဝင်းလှိုင်၏မိခင် ဒေါ်သိန်းနုစိန်က ပြောသည်။ ဆေးရုံ၌ ကိုဇော်ဝင်းလှိုင်ကို အကူအညီပေးနေသည့် အလင်းတံတား အရပ်ဖက်အဖွဲ့အစည်းမှ ဒေါ်ကျော့မေက ကျောက်တော်ဆေးရုံ တွင် ရိုက်ကူးခဲ့သည့် ဓာတ်မှန်မှတ်တမ်းအရ သေဆုံးသူ၏ အဆုတ်နှင့်အတွင်းကလီစာများ အပြင်းအထန် ထိခိုက်သည် ဟူသော ဆရာဝန်၏မှတ်ချက်ဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အောက်စီဂျင်သွင်းနေစဉ် သွေး များ အတုံးအခဲလိုက် အန်ပြီးနောက် ခြောက်နာရီကျော်လောက်တွင် အသက်ဆုံးသွားခဲ့သည်ဟု ဒေါ်ကျော့မေက မြင်တွေ့ သည်များကို ပြန်ပြောပြခဲ့ကြောင်း သတင်းတွင်ဖေါ်ပြသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီက သံသယရှိသူများကို  နှိပ်စက်ညှဉ်းပန်းရန် ခွင့်ပြု ထား ခြင်းမရှိဟု စစ်တွေအခြေစိုက် DMG သတင်းဌာန်အား ပြောကြားခဲ့သည်ဟု ဆိုသည်။ အသေးစိတ်အခြေအနေကို မြေပြင် တပ်ဖွဲ့ဝင်များကိုမေးမြန်းရန် ၎င်းက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ သို့ရာတွင် အောက်ခြေရှိတပ်ရင်း တပ်ဖွဲ့များ အနေဖြင့် သတင်းထောက်များ၏ မေမြန်းချက်များကို တာဝန်ခံဖြေကြားသော အလေ့လအထ အားနည်းနေဆဲ ဖြစ်သည်ကို အထက်ဆင့် အရာရှိတို့ သတိပြုသင့်သည်။ ယခု ကိုဇော်ဝင်းလှိုင်ဖြစ်စဉ်တွင် ပြည်တွင်းပြည်ပက လူ့အခွင့် အရေးချိုးဖေါက် မှုဟု မြင်ကြပေမည်။ ထို့ကြောင့် ယခုဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် တာဝန်ရှိသူအဆင့်ဆင့် သတိပြုသင့်သည်။ ယခုကိစ္စ မျိုးတွင် လူပုဂ္ဂိုလ်တဦးတယောက်ကိုသာ ထိခိုက်မည်မဟုတ်ဘဲ နိုင်ငံ၏ပုံရိပ်ကိုပါ ထိခိုက်စေနိုင်၍ ဖြစ်သည်။

ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် AA နှင့်ဆက်နွှယ်သည်ဟုယူဆပြီး ဖမ်းဆီးခဲ့သူ ၉၀ ကျော်ရပြီး၊ စစ် ဆေးဆဲ ၃၆ ဦး၊ အမှုဖွင့်အရေးယူထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးရှိသည်ဟု ဇွန်လ ၂၂ ရက်နေ့ကပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (RNC) မှ အတွင်း ရေးမှူး ကိုဇော်ဇော်ထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်စစ်ပွဲများကြောင့် ရခိုင်ဒေသခံ  ၆၀ ကျော် သေဆုံးခဲ့ပြီး၊ ဒဏ် ရာရသူ ၁၈၀ ကျော်နှင့် ဖမ်းဆီးခံထားရသူ ၂၂၀ ကျော်ခန့်ရှိနေပြီဖြစ်သည်ဟု အဖွဲ့က ကောက်ယူထားသည့် အချက် အလက်များပေါ် မူတည်ခန့်မှန်းထားကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလဆန်းမှစတင်၍ တပ်မတော်နှင့် ရက္ခိုင့် တပ်ဖွဲ့ AA တို့ တိုက်ပွဲများဖြစ်လာခဲ့သည်မှာ ယခုဆိုလျှင် ၇ လ နီးပါးကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအထိ စစ်ရှိန် ကျဆင်းမ သွားဘဲ၊ ပိုမို မြင့်တက်လာနေသည်။ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၅ သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလည်း အရေးပေါ်လိုအပ်နေကြောင်း မီဒီယာသတင်း များအရ ကြားသိနေရသည်။

၂၀၁၉ ဇန်နဝါရီ ၄ ရက်က ရွှေဂုံတိုင်ရှိ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော (၇၁) နှစ်မြောက် အခမ်းအနား၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု၏ ယုံကြည်မှု၊ မျှော်လင့်ကိုးစားမှု၊ တခဲနက် ထောက်ခံမှုဖြင့် နိုင်ငံတော်အား တာဝန်ယူ၊ တာဝန်ခံခွင့်ကို ရရှိပြီးချိန်နှင့် တဆက်တည်းမှာပင် ဘက်ပေါင်းစုံ ဖိအားများ၊ စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ရင်ဆိုင်ရုန်းကန်နေရဆဲဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပါတီ ထုတ်ပြန်ချက် ဖတ်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းအပြင် အခြားတဖက်၌လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအကြပ်အတည်း၏ ဗဟိုချက်ဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အရှည်ကြာဆုံး နေ့ရက်များကို ချုပ်ငြိမ်းစေလျက် ထာဝရငြိမ်းချမ်းရေး ရရှိရေး အထူးအလေးအနက်ထား လုံ့လပြုနေကြောင်း NLD ပါတီထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းကြေညာချက်ပါ သဘောထားများကို ပါတီအနေဖြင့် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြဖို့လိုသည်။ ယနေ့ ရခိုင်ပြ ဿနာသည် နိုင်ငံရေးပြဿနာဖြစ်သည့်အလျောက် တွေ့ဆုံဆွေးနွေး အဖြေရှာရမည်သာ ဖြစ်သည်။

ထို့ပြင် တပ်မတော်၏ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ထုတ်ပြန်ချက်တွင် စစ်တိုင်း (၅) ခု၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းမည်ဟု ဖော်ပြခဲ့သော်လည်း  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါဝင်ဘဲ တပ်မတော်နှင့် AA အကြားတိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။ နောက်ထပ် မေ-ဇွန် အပစ်ရပ် ၂ လ ထပ်တိုးရာ၌လည်းကောင်း၊ ဇူလိုင်-သြဂုတ် ၂ လ ထပ်တိုးရာ၌လည်းကောင်း  အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်ကို ထည့်သွင်းပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တပ်မတော်ဘက်က အင်အားသုံးပြီး ထိုးစစ်ဆင်မှုအပေါ် တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူက မီဒီယာများအား ပြောကြားခဲ့ဖူးသည်။ အမှန်ဆို လျှင် တပ်မတော်ကလည်း အစိုးရမူဝါဒနှင့်ဆီလျော်စွာ တွေ့ဆုံဆွေးနွေးရေးတံခါးကို ကျယ်ကျယ်ဖွင့်ပေးထားသင့်သည်။  AA ၏တည်ရှိမှုကို ရခိုင်ဒေသ၌ ခွင့်မပြုနိုင်ဟု တရားသေဆုပ်ကိုင်မထားဘဲ၊ တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ပေးသည့် သ ဘောဖြင့် ညှိနှိုင်းကာ အလျော့အတင်းပြုသင့်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဆွေးနွေးညှိနှိုင်း အဖြေရှာ မည် ဟုဆိုထားပြီးကာမှ၊ AA က ရဲကင်းများကို အလစ်အခိုက်တိုက်ခိုက်ခဲ့ခြင်းသည်လည်း အမြော်အမြင်မဲ့သောလုပ်ရပ်ဟု ဝေဖန်စရာ ဖြစ်ခဲ့ရသည်။ အကျိုးနှင့်အပြစ်ကို မချိန်ဆဘဲ စစ်ဘောင်ချဲ့ထွင်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ယင်းအကျိုး ဆက်အဖြစ် ယခုအခါ ရခိုင်ပြည်သူများ ဒုက္ခအထွေထွေ ရင်ဆိုင်ခံစားနေကြရသည်။

ငြိမ်းချမ်းရေးအတွက် အဖြေထုတ်ရာ၌ အဆုံးအဖြတ်ပေးကြရမည့် ခေါင်းဆောင်ပိုင်းအနေဖြင့် စစ်ဘောင်ကို တဖြေးဖြေး ကျဉ်းနိုင်သမျှ ကျဉ်းအောင် ညှိနှိုင်းဆောင်ရွက်ကြဖို့ လိုသည်။ သို့မှသာ တည်ငြိမ်အေးချမ်းရေးဘောင် ကျယ်လာမည်။ တည်ငြိမ်အေးချမ်းရေးဘောင် ကျယ်ဝန်းမှသာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သိပ္ပံနှင့်နည်း ပညာ အစရှိသော ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းရနိုင်သည်။ စစ်ဘောင်ကို မကျဉ်းနိုင်သမျှ စစ်စရိတ်ကြီးလေး သည့်ဒဏ် ပြည်သူတို့ ခံနေရမည်။ စစ်စရိတ်ကြီးလေးနေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခွင့် ဆက်လက်ဆုံးရှုံးနေမည်။

လက်ရှိ ကမ္ဘာနိုင်ငံပေါင်း ၁၃၇ နိုင်ငံ၏ စစ်အင်အားများကို နှိုင်းယှဉ်ဖော်ပြထားသော Global Fire Power (GFP) ၏ ၂၀၁၉ ခုနှစ်စာရင်းအရ မြန်မာတပ်မတော်တွင် စစ်သား ၄၀၆,၀၀၀ ယောက်၊ တင့်ကား ၄၃၄ စီး၊ သံချပ်ကာယာဉ် ၁,၃၀၀ စီး၊ အမြောက်လက်နက် ၁,၅၈၂ ခန့်၊ ဒုန်းလက်နက်ပစ်ခတ်နိုင်သည့်ယာဉ် ၁၁၄ စီး၊ တိုက်လေယာဉ် ၅၉ စီးနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၉ စီးအပါအဝင် စစ်ဖက်သုံးလေယာဉ် ၂၇၆ စီးနှင့် စစ်ရေယာဉ်မျိုးစုံ ၁၅၅ စီးရှိကြောင်း သုတေသနပြု ခန့်မှန်း ထားသည်။ မြန်မာ့ကာကွယ်ရေး အသုံးစရိတ် GFP ညွှန်းကိန်းအရ ဒေါ်လာသန်းပေါင်း ၂,၄၀၀ ရှိသည်။ တချိန်တည်း၌ နိုင်ငံတကာကြွေးမြီ ဒေါ်လာ ၆,၅၉၄ သန်း ရှိကြောင်း GFP က ဖေါ်ပြသည်။ ယင်းအခင်းအကျင်းကို လေ့လာလျှင် မြန်မာ နိုင်ငံသည် ပြည်ပရန်မရှိဘဲ စစ်အင်အား ကြီးမားလွန်းနေကြောင်း တွေ့နိုင်သည်။ ဖြစ်သင့်သည်မှာ လေးလံလှသော စစ်စရိတ်များကို လျော့ချရန် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခိုင်မာအောင် တည်ဆောက်သင့်သည်။ ငြိမ်းချမ်းရေးသို့ ရှေးရှု၍ အပြုသဘောဆောင် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရမည်။ နိုင်ငံနှင့် ပြည်သူ အပေါ် အမှန်တကယ် စေတနာထားလျှင် စစ်ပွဲများ အမြန်ရပ်ရေးအတွက် ပုဂ္ဂလဒိဋ္ဌာန် မာန်မာနများကို လျှော့ချနိုင်ရမည်။ တိုင်းပြည် ဆင်းရဲမွဲ တေနေရခြင်းသည် စစ်စရိတ် အဆမတန် ကျခံနေရသောကြောင့် ဖြစ်သည်ဆိုခြင်းကို တပ်မတော်မှ တာဝန်ရှိသူများက ပို၍ သိရှိကြမည်ဟု ယူဆသည်။ ပြည်သူအများ လူတန်းစေ့ နေထိုင်စားသောက်နိုင်ရေးအတွက် စစ်စရိတ် ဝန်ထုပ်ဝန်ပိုး လျှော့ခ နိုင်ရေးကို ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းစဉ်းစားကြရန် အရေးတကြီး လိုအပ်နေပြီဟု သုံးသပ်မိ ပါသည်။

၁၃ ဇူလိုင်၊ ၂၀၁၉ , တနင်္ဂနွေနေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး။