Breaking News

ကျော်မောင်(တိုင်းတာရေး) ● စာအုပ်လက်ဆောင်

ကျော်မောင်(တိုင်းတာရေး) ● စာအုပ်လက်ဆောင် 
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၉

“ရော့ဟေ့ ဒီစာအုပ်ယူထားလိုက်။ မင်းတို့ဖတ်ကြ”

ဒါကတော့ အဝေးနယ်မှာသီတင်းသုံးတဲ့ ဦးပဉ္ဇင်းကမိန့်ဆိုတာ။ ရန်ကုန်ရောက်တဲ့အခါ အိမ်မှာပဲတည်းခိုပြီး နယ်ကကျောင်းထိုင်ဆရာတော်ခိုင်းလိုက်တဲ့ ကိစ္စရေးရာအ၀၀ရှိရာ ဌာနတွေဆီ ကြွလေ့ရှိတယ်။ ဦးပဉ္ဇင်းလက်ထဲကနေ စားပွဲပေါ်ရောက် လာတဲ့ စာအုပ်ထူထူကို ကြည့်မိတဲ့အခါ “ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု (ပထမတွဲ)” ဖြစ်တာကို တွေ့ရတယ်။ “တင်ပါ့ဘုရား” လို့ ဝမ်းသာအားရဆိုလိုက်ပြီး စာအုပ်ထူကြီးကို စဖတ်ဖို့ ပြင်ဆင်ကြပါတယ်။ ဒီစာအုပ်ကိုဖတ်တဲ့အခါမှာ အစအဆုံး ပြီးဆုံးအောင် မဖတ်ဖြစ်ခဲ့ရပေမယ့် စာစီစာကုံးရေးနေရင်း ဇာတကအပိုင်းထဲကတချို့ကို ထည့်ရေးချင်တဲ့အခါ အဲဒီအထဲမှာများရှိမလားလို့ သွားသွားပြီး လှန်ကြည့်ရတဲ့စာအုပ်ဖြစ်ခဲ့တယ်။

“လိမ္မာသောလှည်းကုန်သည်နှင့် မိုက်သောလှည်းကုန်သည်” ဆိုတဲ့ ဇာတ်ဝတ္ထု၊ “နိဂြောဓသမင်” ဇာတ်ဝတ္ထု  စတာတို့ဆိုတာ ကျောင်းမှာမသင်ခင်ကတည်းက ရင်းနှီးပြီးသားဖြစ်နေတဲ့ ဇာတ်ဝတ္ထုတွေပေါ့။

အိမ်လာလည်တဲ့ ဘကြီးတယောက်က စာအုပ်ထူကြီးတအုပ် ယူလာတယ်။ “ဒါမျိုးက မင်းတို့ကလေးတွေနဲ့ ပိုသင့်လျော်တယ်” ဆိုပြီး ပေးသွားတာ။ “မြန်မာစကားပုံ” စာအုပ်တဲ့။ မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေတယ်လို့ တွေ့တယ်။ မြန်မာစကားပုံ အကြောင်းတွေ စုံစုံလင်လင်ပါတယ်။ ရည်ညွှန်းစာအုပ်အဖြစ် တောက်လျှောက်အသုံးဝင်ခဲ့တယ်။

မှတ်မှတ်ရရ ရခဲ့တဲ့ စာအုပ်လက်ဆောင်တအုပ်ကိုတော့ တခေါက်က ရန်ကုန်အိမ်အပြန်မှာ တူရာတူရာ စာအုပ်အမျိုးအစား အလိုက် စီထားပြီး စနစ်တကျရှိနေတဲ့ စာအုပ်ဗီရိုကို ပြန်ဖွကြည့်ရာကနေ ရှာဖွေတွေ့ရှိခဲ့ပြီး တကူးတက သယ်ယူလာခဲ့တယ်။ “မြန်မာစာ မြန်မာစကား” ဆိုတဲ့စာအုပ်ဖြစ်တယ်။ မြန်မာစာပြဆရာမကနေ ညီအစ်ကိုနှစ်ယောက်အတွက် ဆရာမရဲ့ လက်ဆောင်ဆိုပြီး စာအုပ်ရှေ့ဖုံးရဲ့ နောက်တမျက်နှာ စာရွက်ဖြူပေါ်မှာ နာမည်လေးတွေရေးပြီး ပေးခဲ့တဲ့စာအုပ်။ ဒါလည်း မကြာခဏ ပြန်ဖတ်ကြည့်ပြီး အသုံးဝင်နေဆဲစာအုပ်အဖြစ် ရှိနေလျက်ဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ကို ပေးတာဖြစ်တဲ့ အတွက် အစ်ကိုဖြစ်သူလည်း ပိုင်ဆိုင်သင့်တယ်လို့ အခုမှ တွေးကြည့်မိတယ်။

တရက်မှာ သူငယ်ချင်းတယောက်နဲ့ စာအကြောင်းပေအကြောင်းပြောဖြစ်ရင်း ကဗျာစပ်နည်းတွေအကြောင်း ရောက်သွားကြ တယ်။ ပြောနေတာက သူတို့ အိမ်ရှေ့လှေကားထစ်မှာ။ သူက သူ့အိမ်ထဲ ချက်ချင်းဝင်သွားရင်း ပြန်ထွက်လာတော့ လက် ထဲမှာ စာအုပ်တအုပ်ပါလာတယ်။

“ဟေ့ ဒီစာအုပ်ဖတ်ကြည့်၊ အဲဒီအထဲမှာ မင်းသိချင်တာလေးတွေ ရှိလိမ့်မယ်၊ ကဗျာစပ်နည်းတွေ ရေးထားတဲ့စာအုပ်ပဲ၊ ဒီထဲက နည်းတွေသုံးပြီး ကဗျာတွေ စပ်ကြည့်ပေါ့” ဆိုပြီး စာအုပ်တအုပ်ပေးပါတယ်။ သူပေးတာကတော့ လက်ဆောင်အဖြစ် ပေးတာမဟုတ်ဘဲ တပတ်နှစ်ပတ်လောက်ဖတ်ကြည့်ဖို့ ပေးတာဖြစ်ပါလိမ့်မယ်။ သူနဲ့တွေ့တဲ့အခါ စာအုပ်ပြန်မပေးဖြစ်သေးတဲ့အကြောင်း ပြောမိတယ်။ သူကလည်း “ပြန်ပေးမနေပါနဲ့ကွာ ငါ့မှာရှိလည်း ငါက ကဗျာဝါသနာပါတဲ့သူမှ မဟုတ်တော့ အသုံးဝင်မှာမဟုတ်ဘူး။ ငါ့လက်ဆောင်လို့ပဲ သဘောထားပေါ့”လို့ ဆိုပါတယ်။ ခဏဖတ်ကြည့်ဖို့ရတာကနေ လက်ဆောင် အဖြစ်ရခဲ့တဲ့ ကဗျာရေးနည်းစာအုပ်ပါပဲ။

ရန်ကုန်အလည်တခေါက်ပြန်တုန်းမှာ အစ်မတယောက်က စာအုပ်နှစ်အုပ် လက်ဆောင်ပေးပါတယ်။  ဆရာမင်းလူရဲ့ စာအုပ် တွေချည်း ဖြစ်ပါတယ်။ ဘယ်နှစ်ခေါက် ပြန်ဖတ်ဖတ် မရိုးနိုင်ပါ။

မိတ်ဆွေအစ်ကိုတယောက်က ရန်ကုန်အလည်ပြန်ရာကနေ ပြန်ရောက်လာတော့ ရွှေပြည်ကြီးထွက် စားစရာမုန့်တချို့နဲ့အတူ စာအုပ်တအုပ်လက်ဆောင်ပေးပါတယ်။ ဘာသာရေးစာအုပ်ဖြစ်ပြီး ဖတ်ကြည့်တဲ့အခါ သိစရာများ ကျင့်ကြံစရာများပါဝင်တဲ့ စာအုပ်ဖြစ်တဲ့အတွက် ထိုစာအုပ်ကို ဖတ်တိုင်းဖတ်တိုင်း သာဓုခေါ်ဆိုမိပါတယ်။

တမြန်နှစ်တုန်းကလည်း စာရေးဆရာလည်းဖြစ်တဲ့ စာပေမိတ်ဆွေတယောက်နဲ့  ကော်ဖီသောက်ရင်း တွေ့ဆုံစကားပြောဆိုကြ ရင်း ရန်ကုန်ပြန်လက်ဆောင်အဖြစ် စာအုပ်လက်ဆောင်ရပါတယ်။ ဆရာအေးကျော်မင်းရဲ့ “အလေးထားစရာ မြန်မာစာ” ဆိုတဲ့ စာအုပ်နဲ့ ဆရာမခင်လှိုင်ကြူရဲ့ “လှိုင်းပုတ်သည့်လှေနှင့် မဂ္ဂဇင်းဝတ္ထုရှည်များ” ဖြစ်ပါတယ်။ သူက ရန်ကုန် မသွားခင်က တည်းက ရန်ကုန်ကနေ ဘယ်စာအုပ်ဝယ်ခဲ့ရမလဲဆိုတာ အရင်မေးထားပါသေးတယ်။ စာအုပ်လက်ဆောင်ပေးဖို့ ရည်ရွယ် ထားပုံရတယ်။ လက်ဆောင်ပေးတဲ့စာအုပ်တွေကို ဖတ်ရှုပြီးတဲ့အခါမှာလည်း စာအုပ်တွေကပေးတဲ့ သုတနဲ့ရသတို့ကို ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။ ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ဆရာမ သော်တာအေးလဲ့ရဲ့ “မနက်ဖြန်မှ ပြုံးတော့မယ်” ဆိုတဲ့ ဝတ္ထုနှစ်အုပ်ကိုလည်း ဖတ်ကြည့်ပါဗျာလို့ ညွှန်းပြီး တအုပ်စီကို ရက်အတန်ကြာပေးဖတ်တဲ့အတွက် ဖတ်ကြည့်ရာမှာ လက်ကမချနိုင် ဖြစ်ခဲ့ရပါသေးတယ်။

တလတခါလောက် ပုံမှန်သွားဖြစ်တဲ့ စာကြည့်တိုက်တခုရှိတယ်။ အဲဒီတုန်းက အဲဒီတက္ကသိုလ်စာကြည့်တိုက်မှာ Engineering Librarian (Computer Science & Engineering) အဖြစ်လုပ်ကိုင်နေတဲ့ မိတ်ဆွေတဦးလည်းဖြစ် ကျောင်း တက်တုန်းမှာ စီနီယာလည်းဖြစ်တဲ့အစ်မက သူ့မှာ မြန်မာစာအုပ်တွေ ရှိတယ်၊ သူလည်း ဖတ်ပြီးသားဖြစ်လို့ သူများလည်း ပေးချင်နေတာဖြစ်တာကြောင့် လိုချင်တဲ့စာအုပ်တွေ လာကြည့်ပြီး ရွေးယူနိုင်တယ်လို့ အကြောင်းကြားပါတယ်။ သွားကြည့် တဲ့အခါ မဖတ်ဘူးသေးတဲ့စာအုပ်တွေချည်းဖြစ်တဲ့အတွက် သိပ်ရွေးမနေတော့ဘဲ သယ်နိုင်သလောက် များများယူခဲ့ပါတယ်။ ဆရာချစ်ဦးညိုတို့၊ ဆရာပါရဂူတို့ရဲ့ စာအုပ်တော်တော်များများရခဲ့ပါတယ်။ စာအုပ်လက်ဆောင်ရတဲ့အထဲမှာတော့ အဲဒီ အခါတုန်းက ရတဲ့လက်ဆောင်ဟာ ကျောပိုးအိတ်ထဲမှာရော လက်ဆွဲအိတ်ထဲမှာရော အပြည့်ထည့်ယူလာဖြစ်တဲ့အတွက် လေးလေးပင်ပင်ရှိခဲ့လှပါတယ်။

ယူလာတဲ့ စာအုပ်တွေထဲမှာ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ “ကိုယ်ကျင့်အဘိဓမ္မာ” ဆိုတဲ့ စာအုပ်လည်းပါဝင်ပြီး ယခုထက်တိုင် ဖတ်ရှုနေဆဲဖြစ်ပါတယ်။ ငယ်စဉ်က ကြားဖူးနားဝရှိခဲ့တဲ့ “ပဇာ သဗ္ဗာ” အစချီ ဂါထာကို စာအုပ်ရဲ့ အချီနိဒါန်းမှာ တွေ့ရ ဖတ်ရတဲ့အခါ အလွတ်ရအောင် ကျက်လိုက်ရင်း အခါအားလျော်စွာ ဆိုနေမိပါတယ်။ သူငယ် ချင်းတယောက်က အဘိဓမ္မာကို လေ့လာချင်တယ်၊ ဘယ်စာအုပ် အရင်လေ့လာရင် ကောင်းမလဲလို့မေးတဲ့အခါ ဆရာ တော်ကြီးရဲ့ အဲဒီစာအုပ်ကို ဝယ်ယူဖတ်ရှုပူဇော်ပါလို့ ညွှန်းဖြစ်ပါတယ်။

ဒါတွေကတော့ စာအုပ်လက်ဆောင်ရရှိခဲ့ဖူးတဲ့အထဲက တချို့သောအကြောင်းတွေပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကရော သူများ တွေကို စာအုပ်လက်ဆောင် ပေးဖူးသလားလို့ ပြန်မေးကြည့်မိတယ်။ လက်ဆောင်ရဖူးတာတွေရှိလာတဲ့အခါ ကိုယ်တိုင်က လည်း လက်ဆောင်ပြန်ပေးချင်လာတတ်တာ သဘာဝပါပဲ။

စာအုပ်လက်ဆောင်ဆိုတာ ဘယ်အခါမှာ ဘယ်သူတွေကို ပေးရင်ကောင်းမလဲ၊ ဘယ်လိုစာအုပ်တွေ ဝယ်ပေးရင်ကောင်း မလဲလို့ အားတိုင်း စဉ်းစားကြည့်တာ အဖြေမရခဲ့ပါ။ မင်္ဂလာဆောင်တခု တက်ရောက်ချီးမြင့်ဖို့ ဖိတ်ကြားထားတဲ့ ဖိတ်စာကို အီးမေးလ် (email) ကနေတဆင့်ရတဲ့အခါမှ အဖြေရခဲ့ပါတယ်။ မင်္ဂလာဆောင်အတွက် လက်ဖွဲ့တာလည်းဖြစ်အောင် စာအုပ် ပေးဖို့ အကြံရသွားပါတယ်။ ဘယ်စာအုပ်ကို ပေးမလဲဆိုတာကိုလည်း စီစဉ်ရပါသေးတယ်။ မင်္ဂလာဆောင်လက်ဖွဲ့အဖြစ် စာအုပ်ရယ် ငွေသားရယ် လက်ဖွဲ့ခြင်းဟာ အသင့်တော်ဆုံးလို့ သတ်မှတ်လိုက်ပါတယ်။

အစပိုင်းမှာတော့ လက်ဆောင်ပေးတဲ့အခါ လှလှပပစာရွက်လေးတွေ ဝယ်ပြီး ကိုယ်တိုင်ထုပ်ပါတယ်။ မထုပ်တတ်တဲ့အတွက် မလှမပပါပဲ။ နောက်တော့မှ စာအုပ်ဝယ်တဲ့ဆိုင်မှာ လက်ဆောင်ပစ္စည်းတွေကို ကျကျနနထုပ်ပိုးပေးတဲ့ ဝန်ဆောင်မှုရှိတယ် ဆိုတာ သိလာတဲ့အတွက် အဲဒီဝန်ဆောင်မှုကိုသုံးတဲ့အခါ လက်ဆောင်ထုပ်ဟာ သပ်သပ်ရပ်ရပ်လေး ဖြစ်သွားပါတယ်။ သူတို့ဆိုင်တွေမှာ လက်ဆောင်ပစ္စည်းထုပ်ပိုးဖို့အတွက် ဝန်ထမ်းသပ်သပ်ရှိပုံရပါတယ်။ စာရွက်နဲ့မထုပ်ဘဲ စက္ကူဘူးရှာ ဝယ် ပြီး အဲဒီဘူးတွေထဲထည့်ပေးလိုက်တာလည်း အချိန်ကုန်သက်သာပြီး ပိုမိုအဆင်ပြေတာဖြစ်ကြောင်းကို ကြုံရပါတယ်။

စာအုပ်လက်ဖွဲ့ဖို့ အကြံရသွားတဲ့အခါကနေစလို့ မင်္ဂလာဆောင်တွေ တက်တိုင်း စာအုပ်လက်ဆောင် ပေးဖြစ်ခဲ့ပါတယ်။ လက်ဖွဲ့အနေနဲ့ စာအုပ်လက်ဆောင်ပေးတာမှာ အချက်သုံးချက်နဲ့ ဆုံရပါတယ်။

ပထမအချက်အနေနဲ့က လက်ဖွဲ့လက်ခံတဲ့စားပွဲခုံမှာ လက်ဖွဲ့ထုပ်ကြီးတွေလက်ခံတာက သပ်သပ်၊ ငွေသားပါတဲ့ စာအိတ် လေးတွေလက်ခံတာက သပ်သပ်ဖြစ်ခဲ့ရင် စာအုပ်နဲ့ လက်ဖွဲ့ငွေဟာ တွဲပေးလို့မရဘဲ ခွဲပေးလိုက်ရတဲ့အခါ စာအုပ်ပေါ်မှာ ဘယ်သူကဖြင့် လက်ဖွဲ့ပါတယ်လို့ မရေးမိခဲ့တဲ့အခါမျိုး ရှိပါတယ်။ အဲဒီအခါ စာအုပ်ပေးလိုက်တာ သူတို့ သိရော သိပါလေစလို့ သောကဖြစ်မိတာပါပဲ။

ဒုတိယအချက်ကတော့ စာအုပ်လက်ဖွဲ့ပေးတာ ဘယ်သူဖြစ်ကြောင်း သိသိမသိသိ ကိစ္စမရှိပေမဲ့ အဲဒီမင်္ဂလာဦး ဇနီးမောင်နှံ ဟာ မင်္ဂလာလက်ဆောင်အဖြစ် ရလာတဲ့စာအုပ်ကို ဖတ်ရောဖတ်ပါ့မလား၊ စာဖတ်ဝါသနာရော ပါကြရဲ့လား၊ သူတို့နှစ်သက် တဲ့ စာအုပ်အမျိုးအစားရော ဖြစ်ပါ့မလားဆိုပြီး ပူပန်မိတာပါပဲ။ စာဖတ်များတဲ့သူတွေ ဖြစ်ရင်တော့ လက်ဆောင်ကို သဘော ကျပါလိမ့်မယ်လို့ ဖြည့်တွေးကြည့်ပါတယ်။ လက်ဖွဲ့အဖြစ် လက်ဆောင်ရတဲ့ စာအုပ်ဟာ ဖတ်လို့ကောင်းကြောင်း တကူးတက ပြန်ပြောတာမျိုး ကြုံရတဲ့အခါ ဝမ်းသာပီတိဖြစ်ရပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ အလွန်တရာရင်းနှီးသူတယောက်ရဲ့ သဘောထားကို တီးခေါက်ကြည့်တဲ့အခါမှာ သူက ဒီလိုပြောပြ ပါတယ်။

“စာအုပ်တွေကို မင်္ဂလာလက်ဖွဲ့အနေနဲ့ လက်ဆောင်ပေးတာတော့ ကောင်းပါတယ်။ စာဖတ်ဖြစ်တာပေါ့။ ဒါပေမဲ့ ဘယ်စာ အုပ်မျိုးကို လက်ဆောင်ပေးသလဲဆိုတာအပေါ်မူတည်ပြီး သူတို့ဖတ်တယ် မဖတ်ဘူးဆိုတာ ဖြစ်လာမှာပဲ။ စီးပွားရေးစိတ်ဝင် စားသူကို စီးပွားရေးနဲ့မဆိုင်တဲ့ စာကြီးပေကြီးစာအုပ်ကြီးတွေ သွားပြီးပေးလို့ သူတို့ဖတ်ချင်မှာမဟုတ်ဘူး။ အဲဒီလိုပဲ ခပ်မြင့် မြင့်စာအုပ်တွေကိုပဲ ရွေးဖတ်နေသူကို အပျော်ဖတ်စာအုပ်လိုမျိုးတွေ သွားပေးရင်လည်း မသင့်ပြန်ဘူး။ အဲဒါကြောင့် ဘယ် စာအုပ်ပေးမလဲဆိုတာ အရေးကြီးတယ်”

“ကျန်းမာရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ်။ လူတိုင်းဟာ ကျန်းမာဖို့ လိုလားတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ စာအုပ်တွေ ရှာဝယ် ပြီး ပေးနိုင်တယ်။ နောက်တခါ ရယ်မောခြင်းကို လူတိုင်းနှစ်သက်တယ်။ ဟာသစာအုပ်တွေ ပေးပေါ့။ ဂန္ထဝင်ဝတ္ထုစာအုပ်တွေ၊ သမိုင်းနောက်ခံစာအုပ်တွေ၊ စာပေဆိုင်ရာ စာအုပ်တွေတို့ဆိုတာ စာပေတန်ဖိုးရှိမှန်း သိကြတာတောင် ဒီကာလကလူတွေ မဖတ်ကြတော့ဘူး။ ဖတ်ဖို့လည်း အချိန်မပေးနိုင်ကြတော့ဘူး။ အားတာနဲ့ တမိသားစုလုံး ကလေးပါမကျန် ဖုန်းပဲပွတ်နေကြတဲ့ ကာလရောက်နေပြီလေ။ အဲဒီတော့ စာအုပ်လက်ဆောင်ပေးတိုင်း ကိုယ်ပေးတဲ့စာအုပ်ကို ဖတ်ကြမှာပဲလို့ မထင်ပါနဲ့လေ၊ စာအုပ်မပေးဘဲ တခြားအသုံးဝင်တဲ့ ပစ္စည်းလက်ဆောင်မျိုး စဉ်းစားကြည့်ပါလား”

သူပြောတော့လည်း ဟုတ်ပေသားဟု အစမှာ တွေဝေမိသွားပါတယ်။ နောက်တော့မှ စမိခဲ့တာလေးကို ဆက်လက်ပြုလုပ်သွားကြည့်ဖို့ဆုံးဖြတ်ပြီး မင်္ဂလာပွဲတက်တိုင်း စာအုပ်လက်ဆောင်တော့ ပေးဖြစ်မြဲပေးဖြစ်ခဲ့ပါတယ်။ တအုပ်ပေးနေကြကနေ တခါတလေမှာ နှစ်အုပ်သုံးအုပ်လောက် ပေးဖြစ်တာလည်း ရှိသွားပါတယ်။ ပုံမှန်အားဖြင့် စာအုပ်များကို မင်္ဂလာဆောင်ရက် မတိုင်မီ တပတ်လောက်ကတည်းက ဝယ်ထားနှင့်ပါတယ်။ အချိန်မရတဲ့အခါမျိုးမှာတော့ နှစ်ရက်အလို တရက်အလိုမှာမှ တက်သုတ်ရိုက်ပြီး မြန်မြန်ရှာဖွေဝယ်ရတာလည်း ရှိပါတယ်။ စာအုပ်မရှာနိုင်တဲ့အခါ စာအုပ်စင်ထဲက ခပ်လတ်လတ်စာအုပ်ကို ရွေးထုတ်ပြီး လက်ဖွဲ့ရတာပါပဲ။

တတိယအချက်ကတော့ စာအုပ်တန်ဖိုးပါ။ ဒီအချက်ဟာ မဆိုသလောက်လေးဒုက္ခပေးတဲ့အချက်လည်း ဖြစ်တယ်။ စာအုပ် ကို ကြိုက်တယ်၊ ဒါလေး လက်ဆောင်ပေးလိုက်ရင်တော့ သူတို့သဘောကျမှာပဲလို့ တွေးတယ်၊ ဒါပေမဲ့ စာအုပ်တန်ဖိုးဟာ မတန်တဆဖြစ်နေတယ်။ တခါကြတော့လည်း ရွေးလိုက်တဲ့ စာအုပ်ရဲ့ဈေးနှုန်းဟာ နည်းလွန်းနေပြန်တယ်။ ဒီလိုအခါမျိုးဆို စာအုပ်သုံးလေးအုပ်လောက် ဝယ်ရမလို ဖြစ်ပေမဲ့ တအုပ်လောက်ပဲ လက်ဖွဲ့ချင်တာဖြစ်လို့ ဝယ်ရအခက် ပေးရအခက် ဖြစ်နေတတ်တာပါပဲ။ နောက်တော့လည်း စာအုပ်တအုပ်လက်ဆောင်ပေးမယ်လို့ဆုံးဖြတ်ထားရင် ကြိုက်တဲ့စာအုပ်တွေလို့ အဖိုးသားနားကလည်း သင့်တော်တဲ့ဈေးနှုန်းဖြစ်ရင် ဝယ်လိုက်တာပါပဲ။

ဒီနှစ်သီတင်းကျွတ်တဲ့အခါ မိတ်ဆွေရောင်းရင်း အပေါင်းအသင်းထဲကနေ မင်္ဂလာဆောင်မယ့်သူတွေရှိလာပြီး တက်ရောက် ချီးမြှင့်ဖို့ ဖိတ်ရင်တော့ လက်ဆောင်ပေးဖို့ စာအုပ်စာရင်းကို အရင်ပြုစုထားဖို့  စဉ်းစားမိတယ်။ မင်္ဂလာဆောင်လက်ဖွဲ့တွေထဲမှာ စာအုပ်တအုပ်လက်ဖွဲ့ထားတာ ထူးထူးခြားခြားတွေ့ရတဲ့အခါ (လက်ဖွဲ့တွေထဲ စာအုပ်တွေပဲ တွေ့ကြပြီဆိုရင် ထူးခြားတော့မှာ မဟုတ်ပါ - စကားချပ်) သတို့သားနဲ့ သတို့သမီးတို့ ဘယ်လိုများ သဘောထားကြမှာပါလိမ့်။ သူတို့ဖတ်ရှုရုံမက သူတို့ရဲ့ သားသမီး မြေးမြစ်တွေအထိ ဖတ်ရှုကောင်း ဖတ်ရှုကြမယ့် စာအုပ်လေးဟာ အဲဒီကာလတွေအထိ တည်တံ့နေနိုင်ပါ့မလား။ “ဒါ အဖေနဲ့ အမေတို့ရဲ့မင်္ဂလာပွဲမှာ ဘယ်သူက ပေးခဲ့တဲ့ စာအုပ်လက်ဆောင်ပေါ့”လို့ ပြောပြကြလေမလား။

မင်္ဂလာဧည့်ခံပွဲတွေမှာတင် လက်ဆောင်ပေးတာမဟုတ်ဘဲနဲ့ ကိုယ့်အသိမိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ် သူတို့ရဲ့မျိုးဆက်သစ်လေးတွေအတွက်ပဲဖြစ်ဖြစ် လမ်းကြုံကြုံ မကြုံကြုံ စာအုပ်လက်ဆောင်ပေးဖြစ်ဖို့ ကြိုးစားရင်ကော မသင့်ပေဘူးလား။

ကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်တအုပ်ကို မင်္ဂလာလက်ဖွဲ့အဖြစ် စာအုပ်လက်ဆောင်ပေးနိုင်တဲ့ နေ့ရက်မျိုး တချိန်ချိန်မှာ ရှိလာနိုင်တာပဲလို့ မျှော်လင့်မိတယ်။ မင်္ဂလာလက်ဖွဲ့အဖြစ် သိမ်းထားချင် ဖတ်ချင်သူများအတွက်ကတော့ နေ့ကောင်းရက်သာ မရွေးကြသေးဘဲ စာအုပ်ထွက်မယ့်အချိန်ကို သည်းခံပြီးစောင့်နေကြဖို့ လိုပါလိမ့်မယ်။ စာအုပ်ကတော့ ရေးဖို့ စိတ်ကူးနေ တဲ့အဆင့်ကို ရောက်ရှိနေပါပြီ။

မကြာမီ လာမည် မျှော်ပေါ့။