Breaking News

မာန်သီဟထွန်း – စစ်မှန်သော ယုံကြည်သူများ


မာန်သီဟထွန်း –  စစ်မှန်သော ယုံကြည်သူများ

Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇူလိုင် ၂၇ ၊ ၂၀၁၉ 
စာရေးသူခွင့်ပြုချက်နဲ့ ကူးယူဖော်ပြပါသည်

၄၂

စစ်မှန်သော ယုံကြည်သူများ
စောစောက စာပိုဒ်တွေဖတ်ပြီးတော့ ကိုယ့်ခုံမှာထိုင်ရင်းနဲ့ စိတ်မသက်မသာဖြစ်နေကြတဲ့ စာဖတ်သူတွေ တော်တော်များများရှိနိုင်ပါတယ်။ ဒီခေတ်ပညာရေးက ကျွန်တော်တို့ကို အဲဒီလိုခံစားရအောင် သင်ပေးထားတာကိုး။ ဟမ်မူရာဘီရဲ့ ကိုဓဥပဒေကို စိတ်ကူးယဉ်သက်သက်လို့ လက်ခံလိုက်ရတာ လွယ်ပါတယ်။ ဒါပေမယ့် လူအခွင့်အရေးဆိုတာဟာလည်း လူတွေရဲ့စိတ်ကူးယဉ်မှုပါဆိုတာတော့ ကျွန်တော်တို့မကြားချင်ဘူး။ တကယ်လို့ လူ့အခွင့်အရေးဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ်ထဲမှာပဲရှိတဲ့အရာ ဖြစ်တယ်ဆိုရင် ဒါဟာ လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံး ပြိုလဲသွားနိုင်တဲ့အန္တရာယ် မဟုတ်ဘူးလား။ ဗော်လတဲ က ဘုရားသခင်နဲ့ပတ်သက်ပြီး ပြောဖူးတယ်လေ။ ‘ဘုရားသခင်ဆိုတာ မရှိဘူးကွ။ ဒါပေမယ့် ငါ့အစေခံကိုတော့ အဲဒါသွားမပြောနဲ့။ မဟုတ်ရင်.. ညကျ သူ ငါ့ကိုသတ်ရင်သတ်မှာ’ တဲ့။ ဟမ်မူရာဘီလည်း သူ့ရဲ့ အထက်အောက်လူ့အဆင့်အတန်းခွဲခြားခြင်းနဲ့ ပတ်သက်ပြီး ဗော်လတဲ ပြောသလို ပြောနိုင်သလို၊ သောမတ်မ် ဂျက်ဖာဆင် ပြောတဲ့ လူ့အခွင့်အရေးဆိုတာလည်း အတူတူပါပဲ။ ဟိုမို ဆေပီယန်စ်တွေမှာ သဘာဝလူ့အခွင့်အရေးဆိုတာ မရှိသလိုပဲ ချင်ပန်ဇီ၊ ဟိုင်အီးနားကောင်၊ ပင့်ကူ စတဲ့တိရိစ္ဆာန်တွေမှာလည်း သဘာဝအခွင့်အရေးဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဒါတွေကို ကျွန်တော်တို့ရဲ့ လက်အောက်ခံ တိရိစ္ဆာန်တွေကို သွားမပြောပြပါနဲ့.. မဟုတ်ရင် ညကျ ကျွန်တော်တို့ကို သူတို့ သတ်ရင်သတ်မှာ။

ခုလိုမျိုး ကြောက်ရွံ့စိုးရိမ်မှုတွေဟာ သဘာဝတော့ကျပါတယ်။ သဘာဝအတိုင်းဖြစ်တည်နေတဲ့အရာတွေဟာ သူ့ဟာသူတည်မြဲကြတာကိုး။ ကမ္ဘာ့ဆွဲအားကို လူတွေက မယုံကြတော့ဘူးဆိုရင်တောင်မှ မနက်ဖြန်ကစပြီး ကမ္ဘာ့ဆွဲအား အလုပ်လုပ်တာရပ်သွားမှာ မဟုတ်ပါဘူး။ သို့ပေမယ့် စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတစ်ခုဟာ ပြိုပျက်သွားနိုင်တဲ့အန္တရာယ် အမြဲရှိပါတယ်။ ဘာကြောင့်လဲဆိုတာ အဲဒါဟာ လူတွေရဲ့ စိတ်ကူးယဉ်အကြောင်းအရာပေါ်မှာ အခြေပြုပြီး တည်ရှိကြတာကိုး။ စိတ်ကူးယဉ် အကြောင်းအရာတွေဆိုတာ လူတွေက သူတို့ကို မယုံကြည်ကြတော့ဘူးဆိုတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားတာပဲ။ ဒါကြောင့် စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတစ်ခုကို ထိန်းသိမ်းကာကွယ်ဖို့အတွက် သူအခြေခံထားတဲ့ စိတ်ကူးယဉ်အကြောင်းတရားတွေ အမြဲတည်တံ့ခိုင်မြဲနေဖို့ မလုပ်မဖြစ် မနားတမ်းအားသွန်ခွန်စိုက် လုပ်ရတာပဲ။ တစ်ချို့သောလုပ်ရပ်တွေဆိုရင် အကြမ်းဖက်တာ၊ အတင်းအကျပ်ခိုင်းစေတာတွေတောင် ပါ ပါတယ်။ စစ်တပ်တွေ၊ ရဲအဖွဲ့တွေ၊ တရားရုံးတွေ၊ အကျဉ်းထောင်တွေဟာ နိုင်ငံသားတွေကို စိတ်ကူးယဉ် လူ့အဖွ့ဲအစည်းတစ်ခုနဲ့အညီ ပြုမူနေထိုင်အောင် ဖိအားပေးပြီး မနားတမ်း အလုပ်လုပ်ကြတာပါ။ ရှေးခေတ် ဘေဘီလုံသားတစ်ယောက်က သူ့အိမ်နီးချင်းတစ်ယောက်ကို မျက်စိကန်းစေခဲ့တယ်ဆိုရင် ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး’ ဆိုတဲ့ ဥပဒေသက်ရောက်မှုရှိစေဖို့အတွက် အကြမ်းဖက်ရတာမျိုး လိုအပ်ခဲ့မှာပါ။ ၁၈၆၀ ခုနှစ်မှာ အမေရိကန်ပြည်သူအများစုက သူတို့ရဲ့အာဖရိကန် ကျွန်တွေဟာလည်း လူသားတွေဖြစ်ကြတဲ့ အတွက်ကြောင့် လွတ်လပ်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ခံစားခွင့်ရရှိရမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် သွေးချောင်းစီးပြည်တွင်းစစ်တစ်ခုဖြစ်ပြီးမှသာ တောင်ပိုင်းပြည်နယ်တွေက အဲဒါကို လိုက်လျောခဲ့တာပါ။

သို့သော်လည်း စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတစ်ခုကို အကြမ်းဖက်မှုတွေ သက်သက်နဲ့သာ ထိန်းသိမ်းရတာ မဟုတ်ပါဘူး။ အဲဒီစိတ်ကူးယဉ်လူ့အဖွ့ဲအစည်းကို နှစ်နှစ်ကာကာယုံကြည်သူတွေလည်း လိုပါတယ်။ မင်းသားတယ်လီယွန့် ဟာ ပြင်သစ်ဘုရင် လူဝီ ၁၄ ရဲ့လက်အောက်မှာ သာကူးနိုင်ငံရေးသမားဘဝကို စတင်ခဲ့တယ်။ နောက်ပိုင်း နပိုလီယန် အုပ်ချုပ်တဲ့ခေတ်က တော်လှန်ရေးတပ်ထဲမှာလည်း ပါဝင်ခဲ့တာပဲ။ နောက်ဆုံး ပြင်သစ်ဘုရင်တွေ နန်းတက်လာပြန်တော့လည်း သူတို့လက်အောက်ကို ခိုဝင်သစ္စာခံခဲ့ပြန်တယ်။ အစိုးရထဲ ဆယ်စုနှစ်များစွာ ပါဝင်ပတ်သက်ခဲ့တဲ့ သူ့အတွေ့အကြုံကို အနှစ်ချုပ်ပြောတော့ “ လံှစွပ်တွေ(စစ်တပ်ကို) သုံးပြီး လုပ်နိုင်တာတွေအများကြီးရှိတယ်။ ဒါပေမယ့် အဲဒီလံှစွပ်တွေအပေါ်ထိုင်ရတာ (စစ်တပ်ကို အမိန့်ပေးရတာ)တော့ တော်တော် စိတ်မချမ်းသာစရာ ကောင်းတာပဲ”တဲ့။ လူတွေရဲ့ စုပေါင်းလုပ်ဆောင်မှု မှန်သမျှထဲမှာ စုစည်းလုပ်ဆောင်ဖို့ အခက်ဆုံးက အကြမ်းဖက်ဖို့ဆော်သြရတာပဲ။ လူအဖွဲ့အစည်းတစ်ခုကို စစ်တပ်အင်အားနဲ့ထိန်းသိမ်းရတယ်ဆိုတာနဲ့တင် မေးခွန်းထုတ်စရာတွေ ရှိလာပါပြီ။ အဲဒီစစ်တပ်ကိုရော ဘယ်သူက ထိန်းသိမ်းအုပ်ချုပ်နေတာလဲ။ စစ်တပ်တစ်တပ်ဆိုတာ လူတွေကို အတင်းအကျပ် ဖိအားပေပြီး ဖွဲ့စည်းလို့ရတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ တပ်မှုးကဖြစ်စေ၊ တပ်သားကဖြစ်စေ ယုံကြည်တဲ့အရာ တစ်ခုခုတော့ ရှိရပါတယ်။ ဘုရားသခင်၊ သိက္ခာ၊ အမိနိုင်ငံတော်၊ ယောကျ်ားမာန၊ ငွေကြေး စသည်ဖြင့်.. တစ်ခုခုပေါ့။

လူမှုပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိကြတဲ့လူတွေနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခု ရှိပါသေးတယ်။ သူတို့လည်းမယုံကြည်တဲ့ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတစ်ခုကို လူတွေလက်ခံလိုက်နာလာအောင် ဘာကြောင့်လုပ်ချင်ကြတာလဲ ဆိုတာပါ။ အထက်တန်းစား အသိုင်းဝိုင်းကလူတွေဟာ ဘာကိုမှစိတ်မဝင်စားပေမယ့် အလိုလောဘကြီးတာသက်သက်ကြောင့် အဲဒီလိုမျိုးလုပ်ကြတာလို့ ဆင်ခြေပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် ဘာကိုမှ မယုံကြည်၊ အလေးမထားတဲ့ ဆင်းနစ်ဂ်(cynic) တစ်ယောက်က လောဘကြီးတယ်ဆိုတာတော့ သိပ်မဖြစ်နိုင်ပါဘူး။ ဟိုမို ဆေပီယန်စ်တစ်ယောက် အသက်ရှင်ဖို့ ဇီဝဆိုင်ရာ ပမာဏလိုအပ်ချက်တွေ သိပ်အများကြီးမရှိပါဘူး။ အဲဒီ အသက်ရှင်ဖို့လိုအပ်ချက်တွေ ပြည့်သွားပြီဆိုတာနဲ့ ပိုလာတဲ့ပိုက်ဆံတွေကို ပိရမစ်တွေဆောက်ဖို့၊ ကမ္ဘာပတ် အပန်းဖြေခရီးသွားဖို့၊ ရွေးကောက်ပွဲ မဲဆွယ်တာတွေထောက်ပံ့ဖို့၊ ကိုယ်သဘောအကျဆုံး အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ သို့မဟုတ် စတော့ရှယ်ယာဈေးကွက်ထဲ မြှပ်နှံလိုက်ပြီး နောက်ထပ်ငွေတွေ တိုးပွားလာဖို့ စတဲ့လုပ်ရပ်တွေအားလုံးဟာ ဆင်းနစ်ဂ်(cynic ) တစ်ယောက်အတွက်တော့ လုံးဝအဓိပ္ပါယ်မရှိတဲ့အရာတွေပါ။ ဆင်းနစ်ဂ်(cynic ) ဂိုဏ်းကိုထောင်ခဲ့တဲ့ ဂရိ ဖီလော်ဆိုဖာ ဒိုင်အိုဂျီးနီးစ်ဟာ စည်ပိုင်းတစ်ခုထဲမှာပဲ နေထိုင်ခဲ့တာပါ။ တစ်ခါက မဟာအဲလက်ဇန္ဒားဘုရင်ဟာ ဒိုင်အိုဂျီးနီးစ် ဆီကို လာခဲ့တယ်။ ဒိုင်အိုဂျီးနီးစ် နေပူစာလှုံနေတာတွေ့တော့ သူ့ကို ဘာများလုပ်ပေးရမလဲလို့ မေးတယ်။ ဆင်းနစ်ဂ်(cynic) တစ်ယောက်ဖြစ်တဲ့ ဒိုင်အိုဂျီးနီးစ်က အလွန်တန်ခိုးသြဇာကြီးမားတဲ့ မဟာအဲလက်ဇန္ဒားဘုရင်ကို ပြန်ဖြေတယ်။ “ကောင်းပါပြီ။ ခင်ဗျား ကျုပ်ကို လုပ်ပေးနိုင်တာတစ်ခုရှိပါတယ်။ ကျေးဇူးပြုပြီး ဘေးကို နည်းနည်းရွေ့ပေးပါ။ ခင်ဗျား နေရောင်ကို ကွယ်ထားလို့ပါ” တဲ့။

ဒါကြောင့်ပဲ အင်ပါယာထူထောင်သူတွေဟာ ဆင်းနစ်ဂ်(cynic)တွေ မဟုတ်ကြတာပါ။ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်း ဆိုတာဟာ ပြည်သူလူထုအများစု.. အထူးသဖြင့် အထက်တန်းစားလူများများနှင့် လုံခြုံရေးအရာရှိတွေက တကယ်ယုံကြည်မှ အဲဒီလူ့အဖွဲ့အစည်းကို သူတို့ ထိန်းသိမ်းကြတာပါ။ ဘိရှော့တွေ၊ ခရစ်ယာန်ဘုန်းကြီးတွေ အများစုက ခရစ်တော်ကို မယုံကြည်ကြဘူးဆိုရင် ခရစ်ယာန်ဝါဒ နှစ်ပေါင်း ၂၀၀၀ ကျော် ခံမှာမဟုတ်ပါဘူး။ သမ္မတအများစုနှင့် လွှတ်တော်အမတ်အများစုက လူ့အခွင့်အရေးကို မယုံကြည်ကြဘူးဆိုရင် အမေရိကန် ဒီမိုကရေစီ နှစ်ပေါင်း ၂၅၀ ကျော်ခံမှာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံသူအများစုနှင့် ဘဏ်လုပ်ငန်းရှင်တွေက အရင်းရှင်စနစ်ကို မယုံကြည်ကြဘူးဆိုရင် ဒီနေ့ခေတ်မော်ဒန်စီးပွားရေးစနစ်ကြီးတစ်ခုလုံး တစ်ရက်တောင်ခံမှာ မဟုတ်ပါဘူး။


အကျဉ်းထောင် နံရံများ

စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတွေဖြစ်တဲ့ ခရစ်ယာန်ဝါဒ၊ ဒီမိုကရေစီ သို့မဟုတ် အရင်းရှင်စနစ် စတာတွေကို လူတွေယုံကြည်လာအောင် ဘယ်လိုလုပ်ရသလဲ။ ပထမဆုံးအနေနဲ့ ဒီနိုင်ငံတော်ကို စိတ်ကူးယဉ်ထားတာပါလို့ ခင်ဗျား လုံးဝမပြောရဘူး။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ထိန်းသိမ်းပေးနေတဲ့ ဒီစနစ်ကြီးဟာ နတ်ဘုရားတွေက ဖန်ဆင်းထားတဲ့၊ သို့မဟုတ် သဘာဝဥပဒေသတွေကြောင့် ရှိနေတဲ့ တကယ့်အရှိတရားတွေလို့ အမြဲတမ်း အခိုင်အမာပြောရမယ်။ လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီကြဘူး။ အဲဒါ ဟမ်မူရာဘီက ပြောလို့မဟုတ်ဘူး။ နတ်ဘုရား အင်လေ နှင့် မာဒု က အဲဒီလို သတ်မှတ်ထားလို့ ဖြစ်တယ်။ လူသားအားလုံးဟာ တန်းတူညီကြတယ်။ သောမတ်စ် ဂျက်ဖာဆင်က ပြောလို့မဟုတ်ဘူး။ ဒါပေမယ် ဘုရားသခင်က လူသားတွေကို အဲဒီလို ဖန်ဆင်းထားလို့ဖြစ်တယ်။ လွတ်လပ်တဲ့ဈေးကွက်စနစ်ဟာ အကောင်းဆုံး စီးပွားရေးစနစ်ဖြစ်တယ်။ အဒမ် စမစ် က အဲဒီလို ပြောလို့မဟုတ်ဘူး။ ဒါပေမယ့် အဲဒါက ငြင်းလို့မရတဲ့ သဘာဝဥပဒေသ ဖြစ်လို့ပဲ ဖြစ်တယ်။

ပြီးတော့လည်း အဲဒီအရာတွေနဲ့ပတ်သက်ပြီး လူတွေကို အသိပညာပေးလုပ်ငန်း ကောင်းကောင်းလုပ်ရတယ်။ လူတွေမွေးလာကတည်းကစပြီး အရာရာတိုင်းမှာပါဝင်ပတ်သက်နေတဲ့ ဒီစိတ်ကူးယဉ်လူ့အဖွ့ဲအစည်း ရဲ့ဥပဒေသတွေကို အမြဲမပြတ် သူတို့ကို သတိပေးရတယ်။ ဒီဥပဒေသတွေဟာ အိပ်ယာဝင်ပုံပြင်တွေ၊ ဇတ်လမ်းတွေ၊ ပန်းချီကားတွေ၊ သီချင်းတွေ၊ ကျင့်ဝတ်ထုံးတမ်းတွေ၊ နိုင်ငံရေးဝါဒဖြန့်ချိရေးတွေ၊ ဗိသုကာ၊ ဟင်းချက်နည်း နှင့် အဝတ်အစားဖက်ရှင် တွေထဲအထိ ရောဝင်တည်ရှိနေတာပါ။ ဥပမာအားဖြင့် ဒီနေ့ခေတ်ကလူတွေဟာ တန်းတူညီမျှမှုကို ယုံကြည်ကြပါတယ်။ ဒါကြောင့် ချမ်းသာတဲ့ သားသမီးတွေလည်း ဂျင်းဘောင်းဘီတွေဝတ်တာ ဖက်ရှင်ကျတယ် ပြောလို့ရတယ်။ တကယ်တော့ ဂျင်းဘောင်းဘီဆိုတာ အလုပ်သမားလူတန်းစားရဲ့ ဝတ်စုံပါ။ အလယ်ခေတ်တုန်းကဆိုရင် လူတန်းစားကွဲပြားမှုဆိုတာကို လူတွေယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် ဆွေကြီးမျိုးကြီး လူငယ်တစ်ယောက်ဟာ ဘယ်တော့မှ လယ်သမားသင်တိုင်းအင်္ကျီကို မဝတ်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းက ‘ဆာ’ သို့မဟုတ် ‘မဒမ်’ လို့အခေါ်ခံရဖို့ဟာ ဆွေကြီးမျိုးကြီးတွေရဲ့ သီးသန့်အခွင့်ထူးပါ။ ပြီးတော့လည်း အဲဒါကို သွေးနဲ့ပေးဆပ်ရင်းသာ ရလာတာပါ။ ဒီနေ့ခေတ်မှာ ယဉ်ကျေးတဲ့စာပေးစာယူ လုပ်ကြသူတိုင်းဟာ တစ်ဖက်သားဘယ်လိုလူပဲ ဖြစ်နေပါစေ ‘Dear Sir or Madam’ လို့ အစပြုကြပါတယ်။

၄၃


လူမှုရေးသိပ္ပံ နှင့် လူမှုဘာသာရပ်တွေရဲ့ ကြိုးစားအားစိုက်ထုတ်မှုတော်တော်များများဟာ ဘဝဆိုတဲ့ ရောင်စုံချည်ထိုးထည်အတွင်းမှာ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းဟာ ဘယ်လိုများရက်လုပ် တည်ရှိနေသလဲ ဆိုတာကို ရှင်းပြဖို့ အချိန်ပေးကြတာပါ။ ကျွန်တော်တို့ရဲ့ နားလည်နိုင်မှုအကန့်အသတ်တွေရှိနေတာကြောင့် အဲဒီ အပေါ်ယံမျက်နှာပြင်ပိုင်းကိုပဲ ကျွန်တော်တို့ သိနားလည်နိုင်ပါတယ်။ လူတွေရဲ့ဘဝကိုစီမံနေတဲ့ ဒီစိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတွေဟာ လူသားတွေရဲ့စိတ်ကူးယဉ်ထဲမှာသာ ရှိတယ်ဆိုတာကို လူသားတွေမရိပ်မိအောင် တားဆီးထားတဲ့ အဓိကအချက် ၃ ချက် ရှိပါတယ်။

က။ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းတွေဟာ တကယ့်ရုပ်ဝတ္ထုကမ္ဘာကြားထဲမှာ မြုပ်ဝင်တည်ရှိနေပါတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာသာ ရှိပေမယ့် သူတို့တွေကို ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က ရုပ်ဝတ္ထုအရှိတရားတွေကြားမှာ ထည့်သွင်းရက်လုပ်ထားကြတာများဟာ အသေနစ်ဝင်ပြီး ပြောင်းလဲလို့မရတော့တဲ့ အထိပါပဲ။ ဒီနေ့ခေတ် အနောက်တိုင်းသား တော်တော်များများက တစ်ဦးချင်းဝါဒ (individualism) ကို ယုံကြည်ကြတယ်။ လူသားတိုင်းဟာ ကိုယ့်ဟာနဲ့ကိုယ် တစ်ဦးတစ်ယောက်ချင်းစီ တည်ရှိကြပြီး လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူ့ကို တခြားလူတွေက ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် မမူတည်ဘူးလို့ ယုံကြည်ကြပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ဘဝထဲကို တန်ဖိုးတွေ၊ အဓိပ္ပါယ်တွေယူဆောင်လာတဲ့ ထူးခြားတဲ့အလင်းတန်းတွေ ကိုယ်စီအတွင်းမှာ ရှိကြတယ်။ ဒီနေ့ခေတ် အနောက်တိုင်းစာသင်ကျောင်းတော်တော်များများမှာ သူတို့သားသမီးတွေကို သူတို့အတန်းဖော်တွေက လှောင်ပြောင်တယ်ဆိုရင် အဲဒါကို လျစ်လျူရှုလိုက်ဖို့ မိဘတွေ၊ ဆရာတွေက ပြောကြတယ်။ ကိုယ့်တန်ဖိုးအစစ်အမှန်ကို ကိုယ့်ကိုကိုယ်ပဲသိတယ်။ သူများတွေ မသိဘူး.. လို့ပေါ့။

ဒီနေ့ခေတ် ဗိသုကာလက်ရာတွေမှာဆိုရင် အဲဒီ တစ်ဦးချင်းဝါဒစိတ်ကူးယဉ်မှုဟာ စိတ်ကူးထဲကနေထွက်လာပြီး လက်တွေ့ပြင်ပက အုတ်တွေ၊ အင်္ဂတေတွေနဲ့ ဖြစ်တည်လာနေပါတယ်။ ဒီနေ့ခေတ်အိမ်ပုံစံကောင်းတွေဆိုတာဟာ အခန်းငယ်လေးတွေများစွာနဲ့ ဖွဲ့စည်းထားတဲ့အတွက်ကြောင့် ကလေးတစ်ဦးချင်းစီဟာ ကိုယ်ပိုင်သီးသန့်နေရာ ပိုင်ဆိုင်ရတယ်။ သူများမြင်ကွင်းထဲမှာလည်း မနေရဘဲ လွတ်လပ်မှုအပြည့်အဝ ခံစားရပါတယ်။ ဒီကိုယ်ပိုင်အခန်းတွေ အားလုံးနီးပါးမှာ တံခါးပါတယ်။ အဲဒီလို အိမ်ထောင်စု တော်တော်များများမှာပဲ ကလေးတွေအနေနဲ့ သူ့တို့အခန်းတံခါးကို စေ့ထား၊ ပိတ်ထား တတ်ကြတယ်။ သူတို့မိဘတွေတောင် တံခါးမခေါက်ဘဲ၊ ခွင့်မတောင်းဘဲ အထဲဝင်လို့မရပါဘူး။ အခန်းကိုလည်း ကလေးကြိုက်သလိုသာ ပြင်ဆင်ပါတယ်။ နံရံပေါ်မှာ ရော့ခ်စတား ပိုစတာတွေရှိမယ်။ ကြမ်းပြင်ပေါ်မှာ ညစ်ပေနေတဲ့ ခြေအိတ်တွေရှိမယ်။ အဲဒီလိုနေရာမျိုးမှာ ကြီးပြင်းလာသူတစ်ယောက် အနေနဲ့ သူ့ကိုသူ သီးသန့်လူတစ်ယောက်အဖြစ် မမြင်ဘဲမနေနိုင်ပါဘူး။ သူ့တန်ဖိုးဟာ သူ့ကိုယ်တွင်းကနေသာလာပြီး အပြင်က မလာပါဘူး။

အလယ်ခေတ် အထက်တန်းအသိုင်းအဝိုင်း ဆွေကြီးမျိုးကြီးတွေကတော့ တစ်ဦးချင်းဝါဒ ကို မယုံကြည်ကြပါဘူး။ လူတစ်ယောက်ရဲ့တန်ဖိုးကို လူ့အသိုင်းအဝိုင်းထဲမှာ အဲဒီလူ ဘယ်အဆင့်အတန်းမှာရှိသလဲ ဆိုတာနဲ့ ဆုံးဖြတ်ပါတယ်။ သူများလှောင်ရယ်တာ ခံရတယ်ဆိုတာဟာ ဆိုးဆိုးဝါးဝါးသိက္ခာကျတာပါ။ ကိုယ့်နာမည်၊ ကိုယ့်သိက္ခာကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ကာကွယ်ဖို့ ဆွေကြီးမျိုးကြီးတွေက သူတို့သားသမီးတွေကို သင်ခဲ့ကြတယ်။ ဒီနေ့ခေတ် တစ်ဦးချင်းဝါဒလိုပဲ.. အလယ်ခေတ်က လူ့တန်ဖိုးကို သတ်မှတ်တဲ့ဒီစနစ်ဟာ လူတွေရဲ့အတွေးစိတ်ကူးကို ကျော်လွန်ပြီး အလယ်ခေတ်ရဲတိုက်တွေမှာ သွားထင်ဟပ်ခဲ့ပါတယ်။ ရဲတိုက်တွေမှာ ကလေးတွေအတွက် သီးသန့်အခန်းဆိုတာ မရှိသလောက်ပါပဲ။ သီးသနု့်ခန်းဆိုတာ တခြားဘယ်သူ့အတွက်မှလည်း မရှိပါဘူး။ အလယ်ခေတ် မှုးမတ်တစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် သားတစ်ယောက်မှာ ရဲတိုက်ရဲ့ဒုတိယထပ်က ကိုယ်ပိုင်ခန်းရယ်လို့ မရှိပါဘူး။ နံရံမှာ ခြင်္သေ့နှလုံးသားရှိသော ဘုရင်ရစ်ချတ်၊ အာသာဘုရင် စတဲ့ပိုစတာတွေ မရှိခဲ့သလို သူ့မိဘတွေ ဖွင့်ခွင့်မရှိတဲ့ အခန်းတံခါးဆိုတာလည်း မရှိခဲ့ဘူး။ ခန်းမကြီးထဲမှာ တခြားကလေးငယ်တွေနဲ့ အတူလဲလျောင်းအိပ်ခဲ့တယ်။ သူဟာ လူ့မြင်ကွင်းမှာ အမြဲတမ်းရှိခဲ့ပြီး သူများတွေက သူ့ကို ဘာပြောတယ်၊ ဘယ်လိုထင်ကြတယ်ဆိုတာ အမြဲဆင်ခြင်ရပါတယ်။ အဲဒီလိုမျိုး အခြေနေမှာ ကြီးပြင်းခဲ့တဲ့လူတစ်ယောက်အနေနဲ့ လူတစ်ယောက်ဟာ လူ့အသိုင်းအဝိုင်းမှာ ဘယ်နေရာရတယ်၊ သူများက သူနဲ့ပတ်သက်ပြီး ဘာပြောကြတယ် ဆိုတာနဲ့ လူ့တန်းဖိုးကို ဆုံးဖြတ်တယ်လို့ ယုံကြည်မှာပါ။

ခ။ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းက ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒတွေကို ပုံသွင်းပါတယ်။ လူတော်တော်များများက သူတို့ဘဝကိုအုပ်ချုပ်စီမံနေတဲ့အရာတွေဟာ စိတ်ကူးယဉ်အရာတွေပါလို့ လက်မခံချင်ကြဘူး။ ဒါပေမယ့် တကယ်တမ်းမှာတော့ လူတိုင်းဟာ ကြိုတင်ရှိနှင့်ပြီးသားဖြစ်တဲ့ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းထဲမှာ မွေးဖွားလာကြတာပါ။ ပြီးတော့လည်း သူတို့ရဲ့ဆန္ဒတွေကို အင်အားကြီးတဲ့ စိတ်ကူးယဉ်အကြောင်းတရားတွေက သူတို့မွေးကတည်းက ပုံသွင်းပြီးသားပါ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့လိုအင်ဆန္ဒတွေဟာ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းကို ကာကွယ်တဲ့နေရာမှာ အရေးပါဆုံးအရာ ဖြစ်လာတာပါပဲ။

ဥပမာအားဖြင့် စိတ်ကူးယဉ် ရိုမန်တစ်ဝါဒီ၊ မျိုးချစ်ဝါဒီ၊ အရင်းရှင်ဝါဒီ၊ လူသားပဓာနဝါဒီ စတဲ့ လောကကြီးမှာရှိနေတာ ရာစုနှစ်ချီနေပြီဖြစ်တဲ့ ဒီစိတ်ကူးယဉ် အကြောင်းတရားတွေက ဒီနေ့ခေတ် အနောက်တိုင်းသားတွေရဲ့ နှစ်သက်ကြတဲလိုအင်ဆန္ဒအများစုကို ပုံသွင်းဖန်တီးတာပါ။ “နှလုံးသားရဲ့ ခေါ်ဆောင်ရာကို လိုက်ပါ” လို့ သူငယ်ချင်းတွေ တစ်ဦးကိုတစ်ဦး အကြံပေးတတ်ကြတယ်။ ဒါပေမယ့် နှလုံးသားဆိုတာ တန်ပြန်သူလျှိုတစ်ယောက်လို ဖြစ်ပြီး သူလိုချင်တဲ့အရာတွေဟာ လက်ရှိခေတ်ကို စိုးမိုးနေတဲ့ စိတ်ကူးယဉ်အကြောင်းတရားတွေဆီကပဲ လာတာပါ။ “နှလုံးသားရဲ့ ခေါ်ဆောင်ရာကို လိုက်ပါ” ဆိုတဲ့ အားပေးစကားဟာ ကျွန်တော်တို့ရဲ့စိတ်မှာ အမြစ်တွယ်သွားတာ ၁၉ရာစု က ရိုမန်တစ်ဝါဒ စိတ်ကူးယဉ်အကြောင်းတရား နဲ့ ၂၀ရာစုက စားသုံးသူဝါဒ စိတ်ကူးယဉ်အကြောင်းတရား နှစ်ခု စုပေါင်းသွားလို့ပါ။ ဥပမာ ကိုကာကိုလာ ကုမ္ပဏီဆိုရင် သူတို့ရဲ့ အချိုမပါတဲ့ကုတ် (Diet Coke) ကို ကမ္ဘာတစ်ဝှမ်းမှာ ကြော်ငြာတော့ “ အချိုလျှော့ ကုတ်ဗူး။ ကောင်းတယ်လို့ ခံစားရအောင် သောက်လိုက်ပါ” ဆိုတဲ့ စာသားအောက်မှာပါ။

လူတွေရဲ့ သီးသန့် တကိုယ်ရေးဆန္ဒတွေတောင်မှ စိတ်ကူးယဉ်နိုင်ငံတော်ရဲ့ပုံသွင်းခြင်းကို ခံရပါတယ်။ ဥပမာအားဖြင့် လူကြိုက်များတဲ့လိုအင်ဆန္ဒတစ်ခုဖြစ်တဲ့ နိုင်ငံခြားကို အပန်းဖြေခရီးထွက်ချင်တယ်ဆိုတာကို သုံးသပ်ကြည့်ရအောင်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘာဝကျတာ သို့မဟုတ် သိသာထင်ရှားတာဆိုလို့ တစ်ခုမှ မရှိပါဘူး။ ချင်ပန်ဇီခေါင်းဆောင်အထီးတစ်ကောင်ဟာ အနီးဝန်းကျင်မှာရှိတဲ့ အခြားချင်ပန်ဇီအုပ်စုတစ်ခုရဲ့ နယ်မြေထဲကို အပန်းဖြေခရီးသွားလာဖို့အတွက် သူရဲ့ပါဝါကိုအသုံးချဖို့ ဘယ်တော့မှ စဉ်းစားမိမှာ မဟုတ်ပါဘူး။ ရှေးအီဂျစ် အထက်တန်းလွှာတွေဆိုရင် ပိရမစ်တွေဆောက်ဖို့ နှင့် ရုပ်အလောင်းတွေ မံမီစိမ်ဖို့ သူတို့ရဲ့စည်းစိမ်ဘဏ္ဍာတွေကို အသုံးချခဲ့ကြတယ်။ ဒါပေမယ့် သူတို့အထဲက ဘယ်သူမှ ဘေဘီလုံကို ရှော့ပင်းမသွားသလို၊ ဖီနီးရှား (ယနေ့ခေတ် ဆီးရီးယား၊ လက်ဘနွန် နှင့် အစ္စရေးမြောက်ပိုင်း ) မှာ အပန်းဖြေ နှင်းလျှောစကိတ်စီးဖို့လည်း မသွားခဲ့ကြပါဘူး။ ဒီနေ့ခေတ်လူတွေဟာ နိုင်ငံခြားကို အပန်းဖြေခရီးသွားဖို့အတွက် ပိုက်ဆံအများကြီး သုံးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ရိုမန်တစ်စားသုံးမှုဝါဒ ဆိုတဲ့ စိတ်ကူးယဉ်လူ့အဖွ့ဲအစည်းကို အမှန်တကယ်ယုံကြည်သူတွေ ဖြစ်လို့ပါ။

ကျွန်တော်တို့မှာရှိတဲ့ ကိုယ်စွမ်းကိုယ်စတွေအများဆုံး ထွက်လာဖို့ဆိုရင် ကွဲပြားတဲ့အတွေ့အကြုံအမျိုးမျိုးကို များနိုင်သမျှ များများ ခံစားဖူးရမယ် လို့ ရိုမန်တစ်ဝါဒက ဆိုပါတယ်။ ရောင်စုံသက်တန့်တစ်ခုလိုများပြားတဲ့ ခံစားမှုအမျိုးမျိုးကို ကျွန်တော်တို့ ခံစားဖူးရမယ်။ ချစ်ခင်ရင်းနှီးမှုအမျိုးမျိုးကိုလည်း မြည်းစမ်းဖူးရမယ်။ အစားအသောက်မျိုးစုံ စားဖူးရမယ်။ ဂီတပုံစံအမျိုးမျိုးကိုလည်း ခံစားနှစ်သက်တတ်အောင် လေ့လာရမယ်။ အဲဒီအရာတွေအားလုံးကို လုပ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ နိစ္စဓူဝဘဝ ကနေ ကျွန်တော်တို့ ရုန်းထွက်လိုက်ဖို့ပါ။ ကျွန်တော်တိ့ုလုပ်နေကျအရာတွေကို ထားခဲ့ရမယ်။ ဝေးလံတဲ့ဒေသတွေဆီကို ခရီးထွက်ရမယ်။ အဲဒီမှာ တခြားလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေ၊ အစားအစာ၊ အနံအရသာတွေကို တိုက်ရိုက်ထိတွေ့ခံစားရမယ်။ “ အတွေ့အကြုံသစ်တစ်ခုကြောင့် ငါ့အမြင်တွေပွင့်သွားပြီး ငါ့ဘဝတစ်ခုလုံး ပြောင်းလဲသွားတာပဲ” ဆိုတဲ့ ရိုမန်တစ်ဝါဒ စိတ်ကူးကို ကျွန်တော်တို့ မကြာခဏပဲ ကြားရပါတယ်။
စားသုံးမှုဝါဒကတော့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို စားသုံးရယူနိုင်မျှ များများစားသုံးမှသာ ကျွန်တော်တို့ ပျော်ရွှင်ရမှာလို့ ဆိုပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာ တစ်ခုခုလိုနေတယ်၊ တစ်ခုခုမှားနေတယ်လို့ ခံစားရပြီဆိုတာနဲ့ ကားတစ်စီး၊ အဝတ်စားအသစ်၊ အော်ဂဲနစ်အစားအစာ စတဲ့ ထုတ်ကုန်တစ်ခုခု သို့မဟုတ် အိမ်သန့်ရှင်းရေး၊ ချစ်ခင်ရင်းနှီးမှုကုထုံး၊ ယောဂသင်တန်း စတဲ့ ဝန်ဆောင်မှုတစ်ခုခု ဖြစ်ဖြစ် ဝယ်ယူစားသုံးဖို့ လိုအပ်နေလို့ဖြစ်မှာပါ။ တကယ်တော့ တီဗီကြော်ငြာအားလုံးဟာ ထုတ်ကုန်တစ်ခုခု သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခုကို ဝယ်ယူစားသုံးလိုက်တာနဲ့ နေလို့ထိုင်လို့ပိုကောင်းသွားလိမ့်မယ်လို့ ပြောနေတဲ့ စိတ်ကူးယဉ်ပုံပြင်လေးတွေပါ။

အမျိုးစားကွဲပြားမှုကို အားပေးတဲ့ ရိုမန်တစ်ဝါဒ ဟာ စားသုံးမှုဝါဒနဲ့ ပလဲပနံသင့် ပါတယ်။ သူတို့နှစ်ခု ပေါင်းစပ်ရာကနေ အဆုံးမရှိတဲ့ တွေ့ကြုံခံစားစရာ ဈေးကွက် ကို မွေးဖွားပေးလိုက်တယ်။ ဒီနေ့ခေတ် ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်း ဆိုတာဟာ အဲဒီအပေါ်အခြေခံထားတာပါ။ ကမ္ဘာလှည့်ခရီးသွားလာရေးလုပ်ငန်းဟာ လေယဉ်လက်မှတ်တွေ၊ ဟိုတယ်အိပ်ခန်းတွေ မရောင်းပါဘူး။ တွေ့ကြုံခံစားစရာတွေကို ရောင်းတာပါ။ ပါရီဟာ မြို့တစ်မြို့မဟုတ်သလို၊ အိန္ဒိယဟာလည်း နိုင်ငံတစ်နိုင်ငံ မဟုတ်တော့ပါဘူး။ သူတို့နှစ်ခုလုံးက တွေ့ကြုံခံစားစရာတွေပါ။ အဲဒါတွေကို စားသုံးလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ မိုးကုပ်စက်ဝိုင်းတွေ ကျယ်ပြန့်လာမယ်။ ကျွန်တော်တို့ရဲ့ ကိုယ်စွမ်းကိုယ်စတွေလည်းပြည့်ဝလာပြီး ပိုပျော်ရွှင်လာကြမယ်။ ရလဒ်အနေနဲ့ မီလျံနာတစ်ယောက်နှင့် သူ့ဇနီးတို့ဟာ သူတို့ချင်းဆက်ဆံရေး မပြေမလည်ဖြစ်ကြတယ်ဆိုရင် ဈေးကြီးတဲ့အပန်းဖြေခရီးတစ်ခုနဲ့ သူ့ဇနီးကို ပါရီမြို့ဆီ အလည်ခေါ်သွားပါတယ်။ အဲဒီခရီးဟာ လွတ်လွတ်လပ်လပ် ကိုယ့်ဟာကိုယ် စဉ်းစားတွေးထားတဲ့ စိတ်ကူးဆန္ဒတစ်ခု မဟုတ်ပါဘူး။ ရိုမန်တစ်စားသုံးမှုဝါဒရဲ့ စိတ်ကူးယဉ်အကြောင်းတရားတွေကို ထက်ထက်သန်သန်ယုံကြည်လို့ ဖြစ်လာတာပါ။ ရှေးအီဂျစ်ပြည်က ချမ်းသာတဲ့လူတစ်ယောက်ဟာ သူ့ဇနီးနဲ့အဆင်မပြေဖြစ်ကြတာကို ဖြေရှင်းဖို့ ဘေဘီလုံကို ဇနီးနဲ့အတူ အပန်းဖြေခရီးထွက်တာမျိုး ဘယ်တော့မှ စိတ်ကူးမှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်မယ့်အစား သူ့ဇနီးအမြဲတမ်းလိုချင်နေခဲ့တဲ့ ကြီးမားတဲ့ပိရမစ်ကြီးတစ်ခုကိုသာ ငွေကုန်ကြေးကျခံပြီး ဆောက်လုပ်ပေးခဲ့မှာပါ။

ဘာသာပြန် - မာန်သီဟထွန်း
စာဖတ်သူအားလုံးကိုယ်ချမ်းသာပြီးစိတ်ချမ်းမြေ့ပါစေ။ ကျေးဇူးတင်ပါတယ်..

ပုံတွေကိုအောက်ပါလင့်တွေကနေယူပါတယ်။

https://steemit.com/…/@kemoante…/how-the-pyramids-were-built
https://www.discoverwalks.com/bl…/romantic-weekend-in-paris/
https://pickyourday.com/activity/2264
http://www.adaindonesia.com/…/10-tips-for-spending-holiday…/
https://sites.google.com/…/individualism-versus-collectivis…

https://commons.wikimedia.org/…/File:Thomas_Christian_Wink_…
https://www.youtube.com/watch?v=ejJRhn53X2M
https://www.youtube.com/watch?v=LAzKGkTIKpg