ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်
မြန်မာနွေဦးခရိုနီကယ် - မေ ၃ မြင်ကွင်း
(မိုးမခ) မေ ၄ ၊ ၂၀၂၆
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ နဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့်
နှစ်စဥ်နှစ်တိုင်း မေလ ၃ ရက်နေ့ကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (အချို့က ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ဟု မြန်မာဘာသာပြန်ဆိုကြသည်) အဖြစ် ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် ယူနက်စကိုအဖွဲ့ကြီးက ၁၉၉၃ ခုနှစ်မှ စတင်သတ်မှတ်ခဲ့သည်။
အဲဒီနောက်မှာတော့ နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအများအပြားမှာ မေလ ၃ ရက်နေ့ရောက်တိုင်း World Press Freedom Day ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွေကို ကျင်းပကြသည်။ သတင်းလွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့် အလေးထားရမည့် အခြေခံ တန်ဖိုးများ၊ သတင်းလွတ်လပ်ခွင့်ကို အလေးထားဖို့ သက်ဆိုင်ရာ အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးဖြစ်တဲ့ ဥပဒေပြု၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အဖွဲ့တွေကို တိုက်တွန်းနှိုးဆော်ကြသည်။ သတင်းအလုပ်လုပ်ကိုင်ရင်း သို့မဟုတ် သတင်းအလုပ်လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခံထားသည့် သတင်းသမားများ လွတ်မြောက်ရေးအတွက် လှုံ့ဆော်တိုက်တွန်းကြသည်။
ယေဘုယျ အားဖြင့် သတင်းလွတ်လပ်ခွင့် ပိုမိုရှိသည့်နိုင်ငံများမှာ ကမ္ဘာ့ မြောက်ခြမ်းက လစ်ဘရယ် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သည့် ဖွံဖြိုးပြီးနိုင်ငံများဖြစ်သည်ဟု ယေဘုယျအားဖြင့် ယူဆခဲ့ကြသည်။ ထိုယူဆချက်မှာ အလုံးစုံမမှန်ကန်ကြောင်း မကြာသေးတဲ့နှစ်များတွင် စတင် တွေ့ရှိလာကြရသည်။ အာဏာရှင် နိုင်ငံများတွင် သတင်းလွတ်လပ်ခွင့် မရှိသည့် အဖြစ်မှာ မထူးဆန်းသော်လည်း အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံ၊ အင်အားကြီးနိုင်ငံ ဒီမိုကရေစီနိုင်ငံဟု မှတ်ယူထားခဲ့သည့် အမေရိကန်လို နိုင်ငံတွင်လည်း အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတက သတင်းမီဒီယာတွေကို တရားစွဲဆိုသည့် ဖြစ်ရပ်တွေက မကြာခဏ ဆိုသလို ဖြစ်ပွားနေတာပါ။
ပြီးခဲ့သည့် ၂ နှစ်ကျော် ၃ နှစ်နီးပါးအချိန်ကာလအတွင်း ဂါဇာကမ်းမြောင်က ဟားမားစ် အကြမ်းဖက်အဖွဲ့ကို ချေမှုန်းသည့် စစ်ဆင်ရေးအဖြစ် အမည်ပေးကာ အစ္စရေးလ် စစ်တပ်၏ စစ်ဆင်ရေးအတွင်းမှာ သတင်းသမား ၂၅၀ ကျော် အသက်ဆုံးရှုံးခဲ့ကြရသည့် အဖြစ်နှင့် ပတ်သက်ပြီး ကျူးလွန်သူ မည်သူတဦးတယောက်မျှ စုံစမ်းစစ်ဆေးခံရခြင်း မရှိခဲ့ပါ။ အစ္စရေးလ် စစ်တပ်က မတော်တဆသဖွယ် တဖုံ ၊ သတင်းသမားမှန်း သိလျှက်နှင့်တမျိုး ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်သည့်နေရာတွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေကို နောက် မိနစ်အနည်းငယ် သို့မဟုတ် နာရီအနည်းငယ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်သည့် double-tap စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်မှုကြောင့် သတင်းသမားများ သေဆုံးရသည့် အဖြစ်အပျက်တွေလည်း ဖြစ်ပွားခဲ့သလို မကြာသေးတဲ့ သီတင်းပတ်အတွင်းမှာပဲ လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးလ် စစ်တပ်လက်ချက်နဲ့ သတင်းထောက်တဦး ထပ်မံသေဆုံးခဲ့ရသည်။
၂ နှစ်ကျော် ၃ နှစ်နီးပါး ကာလအတွင်း ဒေသတခုအတွင်း၊ အစ္စရေးလ် စစ်တပ်၏ လက်ချက်ဖြင့် သတင်းသမား ၂၅၀ ကျော်သေဆုံးခဲ့ရသည့် အဖြစ်အပျက်မှာ သတင်းလွတ်လပ်ခွင့် သမိုင်းတွင် အဆိုးရွားဆုံး အဖြစ်အပျက်ဖြစ်သည့်တိုင် မည်သည့် ဒီမိုကရေစီနိုင်ငံကမျှ အစ္စရေးလ်စစ်တပ်ကို ဒဏ်ခတ်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ဆို့ခြင်း မလုပ်ဆောင်ခဲ့ကြပါ။
နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက်များတွင် သူ့ထက်သူ ပိုဆိုးသည့် အခြေအနေတွေ ခုနှစ်ပိုင်းမှာ ဖြစ်ပွားလာနေပြီး မြန်မာနိုင်ငံလို သတင်းသမားများ ဖမ်းဆီးထောင်ချနေသည့် နိုင်ငံ၊ သတင်းသမားများ သတ်ဖြတ်ခံရသည့် တိုင် စုံစမ်းစစ်ဆေးအရေးယူမှု မရှိသည့် နိုင်ငံက ယခင်နှစ်တွေက အဆင့်ထက် မြင့်တက်လာနေသည့် သဖွယ် ဖြစ်လာခဲ့သည်။ ယမန်နှစ်က ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်အတန်း ၁၆၉ မှ ယခုနှစ် ၂၀၂၆ မေလ ၃ ရက်နေ့ထုတ်ပြန်ချက် အရ ၁၆၆ ဖြစ်လာခဲ့သည်။ မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေ တိုးတက်လာခြင်းကြောင့် မဟုတ်ဘဲ ကမ္ဘာမှာ မြန်မာနိုင်ငံထက် ဆိုးသည့် နိုင်ငံ ၃ နိုင်ငံက မြန်မာကို ကျော်တက်သွားခြင်းကြောင့် ဖြစ်သည်။
အရှေ့အလယ်ပိုင်း ဟုခေါ်ကြသည့် အာရှတိုက်အနောက်ပိုင်း ပဋိပက္ခ၊ ယူကရိန်း - ရုရှားစစ်ပွဲ အာဖရိကတိုက်က နိုင်ငံအချို့က ပြည်တွင်းစစ်၊ မြန်မာနိုင်ငံက ပြည်တွင်းစစ် အစရှိသည့် စစ်ပွဲတွေ အတွင်း သတင်းရယူကြရင်း သတင်းသမားတွေ အသက်ဆုံးရှုံး နေကြရသလို ထိခိုက်ဒဏ်ရာရသူ၊ ဖမ်းဆီးထောင်ချ ခံရသူ၊ နှိပ်စက်ညှင်းပန်းခံနေရသူတွေ ဒါဇင်ကနေ ရာဂဏန်းအထိ ရှိနေကြသည်။
မြန်မာနိုင်ငံ တနိုင်ငံထည်းမှာတင် ပြီးခဲ့သည့် ၅ နှစ်တာအတွင်း သတင်းသမား အနည်းဆုံး ၇ ဦးမှ ၉ ဦးအထိ သတ်ဖြတ်ခံရတာ၊ ပစ်ခတ်မှုအတွင်း အသက်ဆုံးရှုံးရတာတွေဖြစ်ပွားခဲ့သလို သတင်းလုပ်သား ၂၀၀ ကျော် ဖမ်းဆီး အကျဥ်းချ ခံခဲ့ကြရပြီ ဖြစ်သည်။ လက်ရှိကာလတွင် သတင်းလုပ်သား ၁၈ ဦး အကျဥ်းထောင်အတွင်း ကျန်ရှိနေသေးသလို အများစုက အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခြင်း ဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင် အင်အားစုဘက်က ဖမ်းဆီး အကျဥ်းချမှု အရေအတွက် အချို့လည်း ရှိနေသည်။
မြန်မာ့ သတင်းလွတ်လပ်ခွင့် အခြေအနေကို ဖမ်းဆီးခံထားရသည့် သတင်းသမား အရေအတွက်၊ သတင်းအလုပ်ကြောင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ ဖမ်းဆီးထားစဥ် အသက်ဆုံးရှုံးရသည့် အရေအတွက်တို့ဖြင့် တိုင်းတာနေရသည့် အခြေအနေက လက်ကြမ်းကြမ်းဖြင့် တိုင်းတာနေရသည့် အနေအထားဟု ဆိုရမည် ဖြစ်သည်။ အခြားသော နိုင်ငံတွေလို သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ၊ စည်းမျဥ်းစည်းကမ်း၊ သတင်းမီဒီယာများမိမိတို့ဝင်ငွေဖြင့် ရပ်တည်နိုင်ခြင်း၊ အုပ်ချုပ်သည့် အစိုးရ၏ သြဇာလွှမ်းမိုးမှု အစရှိသည့် အချက်များဖြင့် တိုင်းတာရသည့် အနေအထားမဟုတ်ဟု ဆိုရမည် ဖြစ်သည်။
ပြည်တွင်းမှာ နေထိုင်ကာ သတင်းအလုပ် လွတ်လပ်စွာ မလုပ်နိုင်သည့် အနေအထားကြောင့် အိမ်နီးချင်းနိုင်ငံ အချို့တွင် အခြေစိုက်နေထိုင်ပြီး မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ထုတ်ပြန်ချက်၊ လူမှုကွန်ရက်မီဒီယာ ရေးသားဖေါ်ပြမှု၊ ဆက်သွယ်မေးမြန်းမှုတို့ကို အခြေခံကာ ရေးသားထုတ်လွှင့်နေကြရသည့် အနေအထားက သတင်းအချက်အလက် မှန်ကန်တိကျမှု၊ အမှန်တကယ် ဖြစ်ပျက်နေသည့် ပတ်ဝန်းကျင် အခြေအနေကို ခြုံငုံရေးသား နိုင်ခြင်း မရှိသည်မှာ သေချာပါသည်။
အနှစ်ချုပ်ဆိုရလျင် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အနေအထားကလည်း ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေသလို မြန်မာ့သတင်းလွတ်လပ်ခွင့် အနေအထားကလည်း ဆယ်စုနှစ် ၄/၅ ခုအတွင်း အဆိုးဆုံး အခြေအနေကို ရောက်ရှိနေသည့် အနေအထားဟု ဆိုရမည်ဖြစ်သည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar