ဖလော်ဒါဟန် - မေလ ၃ ရက်နေ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့
ဖလော်ဒါဟန် - မေလ ၃ ရက်နေ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်နေ့
မိုးမခ ၊ မေ ၄ ၊ ၂၀၂၆
ဒီကနေ့ဟာ စာနယ်ဇင်းနဲ့ သတင်းလွတ်လပ်ခွင့်နေ့ပါ။ လွတ်လပ်ခွင့်သည် မြန်မာပြည်အတွက် အိပ်မက်တစ်ခုပါ။ မျှော်လင့်ချက်သည် မြန်မာပြည်အတွက် သက်တမ်းတစ်ခုပါ။ အမျိုးမျိုးသော အာဏာရှင်၏ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ယနေ့အချိန်အထိ ဂီတ၊ စာပေ၊ ပန်းချီများသည် ချုပ်နှောင်ခံရဆဲပါ။
ပန်းချီကောက်ကြောင်းများသည် လူတစ်ယောက်၏ ဘဝပုံရိပ်တွေပါ။
စာတစ်ကြောင်းသည် လူတစ်ယောက်၏ လွတ်လပ်မှုပါ။
သီချင်းတစ်ပုဒ်သည် အမျိုးသားရေးအတွက် အားမာန်သတ္တိတွေပါ။
ခြုံငုံကြည့်မယ်ဆိုရင် လူသားတိုင်းမှာ လွတ်လပ်ခွင့်ရှိကြပါတယ်။ လူ့အခွင့်အရေးနဲ့ အားပြိုင်လို့ လွတ်လပ်ခွင့်ရဖို့ ကြိုးစားနေကြရတဲ့အချိန်မှာ ကောက်ကြောင်းတွေ၊ ကလောင်တံတွေ၊ ဂီတတွေ၊ ရုပ်သံတွေဟာ အရေးပါလှတဲ့ တိုက်ပွဲဝင်ရဲဘော်တွေပါ။ ခေတ်အဆက်ဆက် လွှမ်းမိုးနိုင်ခဲ့တဲ့ သတင်းနဲ့မီဒီယာ စာနယ်ဇင်းဆိုတာ ပေါ်တင်က တစ်မျိုး၊ ပုန်းလျှိုးကွယ်လျှိုးဖြင့်တစ်ဖုံ သတင်းပေါင်းများစွာကို ချပြနိုင်ခဲ့သလို ရုပ်သံဖိုင်များ၊ အသံများဖြင့်လည်း လူထုရဲ့ ဘဝပုံရိပ်များစွာကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
အမှန်တရားကို ဖော်ထုတ်ဖို့ အထောက်အထားနှင့် သက်သေသက်ကာယဟူသည် လူတစ်ယောက်အတွက် အလွန်အင်မတန်မှ အရေးကြီးပါသည်။ မြန်မာပြည်လို ဥပဒေကို အမှောင်ဖုံးနိုင်ခဲ့သည်မှာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့သည့် အာဏာရှင်လူတစ်စုေကြာင့် ပညာတတ်များစွာ ဆုံးရှုံးခဲ့သလို လူငယ်တွေလည်း အနာဂတ်မဲ့လာကြတယ်။ မအလ ခေတ်တစ်လျှောက် သတင်းဟူသည် ဖုံးကွယ်ခဲ့သည်၊ လိမ်ညာခဲ့သည်။ ဤသည်မှာ အာဏာရှင်များရဲ့ စိတ်နေသဘောထားနှင့် ကောက်ကျစ်သည့် အမူအကျင့်ပင် ဖြစ်သည်။
ကျွန်မ ဤစာကို ရေးနေချိန်တွင် မြန်မာပြည်ကြီးသည် မလွတ်လပ်ပါ။ အခွင့်အရေးများစွာ ဆုံးရှုံးလျက်ရှိသည်။ တစ်ခါတရံ ကျွန်မရေးချင်သည့် အကြောင်းအရာတိုင်းသည် သွယ်ဝိုက်ဖွဲ့နွဲ့နေရသည်။ ဤသည်ကို ကျွန်မ မကြိုက်ပါ။
ယနေ့အချိန် မြန်မာစစ်တပ်သည် လူသားအချင်းချင်း အနိုင်ကျင့်နေသည်။ ကျွန်မ မကြိုက်ပါ။
သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် အကြီးအကဲများကို ဖမ်းဆီးခဲ့သည်။ မရေရာသော အကြောင်းပြချက်အမျိုးမျိုးနှင့် ခေတ်အဆက်ဆက် ဖမ်းဆီးချုပ်နှောင်ခဲ့ကြသည်။ ကျွန်မ မကြိုက်ပါ။
အမှန်တရားကို ပြည်သူတွေ တန်ဖိုးထားသည်။ အကျင့်သိက္ခာနှင့် ကတိသစ္စာကို ပြည်သူတွေ လေးစားသည်။ သို့ပေမဲ့ မြန်မာစစ်ေခါင်းေဆာင်များသည် ပုံစံခွက်ထဲမှ ရုပ်သေးရုပ်ပမာ လက်ဆင့်ကမ်းလို့ ပြည်သူကို အကြိမ်ကြိမ် နှိပ်စက်သည်။ လူထုက လေးစားရသူမှန်သမျှ လူကြီးလူငယ် အကုန်လုံးကို ထောင်ထဲမှာ ဘဝကို ကုန်ဆုံးစေသည်။ ကျွန်မ မကြိုက်ပါ။
မြန်မာပြည်ကြီးသည် မည်သည့်အချိန်အခါကမှ မလွတ်လပ်ပါ။ လူ့အခွင့်အရေးဆိုသည်နှင့်လည်း အမြဲတမ်း အပေးအယူသဘောဖြင့်သာ ရှင်သန်ကြသည်။ ကျွန်မ မကြိုက်ပါ။ ယနေ့အချိန် နိုင်ငံတော်အတိုင်ပင်ခံ၏ လက်ရှိအနေအထားကို ပွင့်လင်းမြင်သာစွာ ချမပြသည်ကိုက ပြည်သူကို လိမ်ညာနေခြင်းဖြစ်သည်။ ကျွန်မ မကြိုက်ပါ။ မြန်မာစစ်တပ်သည် အာဏာရှင်စိတ် အပြည့်အဝဖြင့် သမ္မတဟူသည့် အမည်နာမကို အလွဲသုံးစားလုပ်သည်။ ကျွန်မ မကြိုက်ပါ။
ဒါကြောင့် ကျွန်မသည် အာဏာရှင်နှင့် မပတ်သက်သည့် နေရာမှာနေသည်။ အသက်ရှူသည်။ လေကောင်းလေသန့်ရသည်။ အာဏာရှင်နဲ့ကင်းသည့် အစားအစာကို ကျွန်မစားသည်။ အဆိပ်အတောက်ကင်းသည်။ အာဏာရှင်၏ အရိပ်အောက်မှာ အလုပ်မလုပ်ပါ။ လွတ်လပ်သည်၊ မဆင်းရဲပါ။
အာဏာရှင် မကြိုက်ပါ။ လွတ်လပ်စွာ ကျွန်မရဲ့ အတွေးအမြင်သာမက လူထုရဲ့ ဘဝသရုပ်မှန်များကို ချပြသည်။ နောက်ဆုံး ကျွန်မ၏ သတင်းဆောင်းပါးများသည် မှတ်တမ်းသတင်း ဖြစ်ခဲ့သည်။ ကျွန်မအတွက် ကျွန်မသည် အမှောင်မဟုတ်ပါ။ အလင်းတန်းအောက်မှာ လမ်းလျှောက်နေသူဟု ခံယူထားသည်။ သစ္စာတရားနှင့် ခံယူချက်သည် ကျွန်မအတွက်တော့ သက်ဆုံးတိုင် ပွင့်လင်းရာသီမို့ ကျွန်မစာရေးသည်။
ဖလော်ဒါဟန်
၃.၅.၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar