Breaking News

နန္ဒအောင် - မြန်မာ့စာနယ်ဇင်းသမိုင်းကိုဖော်ပြနေတဲ့ ပြည်သူတို့၏စကားပြန် ( ၄ )

 

မြန်မာ့စာနယ်ဇင်းသမိုင်းကိုဖော်ပြနေတဲ့ 

ပြည်သူတို့၏စကားပြန် ( ၄ ) 

နန္ဒအောင်

(မိုးမခ) မေ ၄၊ ၂၀၂၆ 

မြန်မာ့ စာနယ်ဇင်း သမိုင်းကိုပြောမယ်ဆိုရင် ချန်လှပ်ထားလို့မရတဲ့ သတင်းစာ ဆရာကြီး လူထုဦးလှရဲ့ “ စောင်ရေတိုးနိုင်ပါစေ ” ဆိုတဲ့ဆောင်းပါးလေးကို ‘ ပြည်သူတို့၏စကားပြန် ’ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ လူထုဦးလှရဲ့ဆောင်းပါးထဲမှာလည်း ဆောင်းပါးတော်တော်များများနည်းအတူ  သတင်း စာဖတ်လိုအားနဲ့ သတင်းစာ ထုတ်ဝေနိုင်မှု မညီမျှတာကို တွေ့ရပါတယ်။ သတင်းစာဖတ်လိုအား အရမ်းမြင့်တက်လာချိန်မှာ သတင်းစာ စောင်ရေတိုးပြီး မထုတ်ဝေနိုင်တာကို ဖတ်ခွင့်ရလို့  အဲဒီခေတ်အခါက စာနယ်ဇင်းသမိုင်းအချို့ကို သိခွင့်ရခဲ့ပါတယ်။ သိခွင့်ရဆို ‘ သတင်းစာများသည် သမိုင်းကို ပြောနေကြသည် ’ဆိုတဲ့ ဆိုရိုးစကားလိုပေါ့ဗျာ။

‘ ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေက သတင်းများ၊ သိမှတ်စရာများ ပေးပါရဲ့။ ဒါပေမဲ့ လူတွေက သတင်းစာကို လက်မလွှတ်ကြဘူး၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက အချိန်နဲ့သာ နားထောင်ရတယ်။ အချိန်နဲ့သာ ကြည့်ရတယ်။ သူတို့လာတဲ့ အချိန်မှာ ကိုယ်ကအားရမယ်။ မရှင်းတာမပြတ်တာလဲ ထပ်နားထောင်ချင်လို့၊ ကြည့်ချင်လို့ မရဘူး။ သတင်းစာကတော့ ကိုယ်အားတဲ့ အချိန်မှာ အချိန်ရရင် ရသလို ဖတ်ရလို့ ရတယ်။ စိတ်ဝင်စားစရာ ဆောင်းပါးဆိုရင် အထပ်ထပ်ဖတ်နိုင်တယ်။ ကြိုက်လွန်းလို့ ဖြတ်ယူထားရင်လဲ ဖြစ်တယ်။ ရေဒီယိုမှာ ကာတွန်းမပါနိုင်ဘူး၊ ရုပ်မြင်သံကြား ကာတွန်းက သတင်းစာကာတွန်းလောက် မထိရောက်ဖူး။ ’ ( စာမျက်နှာ ၂၂ - ၂၃ )

သတင်း တစ်ပုဒ်၊ ဆောင်းပါး၊ စာတမ်း၊ စာအုပ်တစ်အုပ်ကို ဖတ်ရင် အဲဒီစာရဲ့ မွေးနေ့ကို အလေးအနက်ထားရပါမယ်။ အဲဒီစာရဲ့ မွေးနေ့က ၁၉၆၀ ခုနှစ်ကာလ ဆိုရင်၊ စာဖတ်သူရဲ့ အတွေးအခေါ်ဟာလည်း ၁၉၆၀ ခုနှစ် တဝိုက်ဆီက အ‌တွေးအခေါ်နဲ့ ဖတ်သင့်ပါတယ်။ ၁၉၆၀ ခုနှစ်က အတွေးအမြင်တွေကို အခုခေတ် အတွေးအမြင်နဲ့ ချိန်ထိုးဝေဖန်တာဟာ မော်တော်ကား မပေါ်သေးခင်က နွားလှည်းဘီး စီးခဲ့တာကို မော်တော်ကား မစီးရကောင်းလား ဝေဖန်တာနဲ့ အတူတူပါပဲ။

အခုခေတ်မှာတော့ သတင်းစာ၊ စာစောင်ထက် ရုပ်သံမီဒီယာတွေက ပိုပြီးနေရာယူလာကြပါပြီ။ လူထုဦးလှ ရေးသလို ‘ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက အချိန်နဲ့သာ နားထောင်ရတယ်။ အချိန်နဲ့သာ ကြည့်ရတယ်။ သူတို့လာတဲ့ အချိန်မှာ ကိုယ်ကအားရမယ်။ မရှင်းတာမပြတ်တာလဲ ထပ်နားထောင်ချင်လို့၊ ကြည့်ချင်လို့ မရဘူး ’ ဆိုတဲ့ ခေတ်ကို နည်းပညာတွေက ကျော်လွှားပြသွားပါပြီ။ သတင်းဗီဒီယိုတွေကို ဒေါင်းလုဒ် ( Download ) လုပ်ပြီး သိမ်းထားကာ အကြိမ်ကြိမ် ပြန်ကြည့်လို့ရနေပါပြီ။ လူထုဦးလှ ရေးတဲ့ ဆောင်းပါးခေတ်တုန်းက အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် လူထုဦးလှရဲ့ အတွေးအမြင်ဟာ ဆီလျော်အပ်စပ်ပါတယ်။ ဒါပေမဲ့ လူထုဦးလှရဲ့ သတင်းစာကာတွန်းနဲ့ ပတ်သက်တဲ့ မှတ်ချက်ဟာ ဒီနေ့ဒီအချိန်ထိ ခေတ်မီနေပါတယ်။  ရုပ်မြင်သံကြားကာတွန်းနဲ့ သတင်းစာကာတွန်း ယှဉ်ကြည့်ရင် သတင်းစာကာတွန်းက တစ်ကွက်ဆိုရင် ဆိုသလောက် ပိုပြီးထိရောက်ပါတယ်။

လူထုဦးလှ ပြုစုရေးသားထားတဲ့ “ ကျွန်တော် သတင်းထောက် ” ဆိုတဲ့ စာအုပ်ကို လူထုကြီးပွားရေးစာအုပ်တိုက်ကပဲ တတိယအကြိမ်ထိ ထုတ်ဝေထားပါတယ်။ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေတဲ့ အမှာစာထဲမှာ ‘ ထုတ်ဝေသူ ’ ဆိုသူက အခုလို ရေးသားထားပါတယ်။

‘ ကနေ့ခေတ်မှာ သိပ္ပံနဲ့နည်းအတတ်ပညာတွေ ထွန်းကားလာတာနဲ့အမျှ ကမ္ဘာကြီးပေါ်မှာ လတ်တလောအဖြစ်အပျက်တွေကို အချိန်နဲ့ တသ်ပြေးညီ ကြည့်မြင်သိရှိနိုင်တဲ့ ရုပ်မြင်သံကြားတွေ ပေါ်လာခဲ့တာကြောင့် သတင်းစာခေတ်ကုန်သွားပြီလို့ ဆိုသူကဆိုကြပါတယ်။ ခေတ်မီရုပ်ဝတ္ထုပစ္စည်းတွေ အသစ်အသစ်ပေါ်ပေါက်လာရင် အဟောင်းအဟောင်းတွေ ချုပ်ငြိမ်းရတာ လောကဓမ္မတာပါ။  တိုးတက်လာတဲ့ခေတ်နဲ့ အံဝင်ခွင်ကျ မဖြစ်တော့တဲ့၊ အများစု ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒကို မဖြည့်ဆည်းနိုင်တဲ့၊ တစ်နည်းပြောရရင် ပြည်သူလူထုကို အလုပ်အကျွေးမပြုနိုင်တော့တဲ့ ပုံသဏ္ဌန်အဟောင်းတွေသာ ချုပ်ငြိမ်းသွားရမှာ သေချာပါတယ်။ ’ ( ကျွန်တော် သတင်းထောက် အမှာစာမှ )

အဲဒီ အမှာစာထဲမှာပဲ ‘ ရုပ်မြင်သံကြား သတင်းတွေ၊ VJ ခေါ် ဗီဒီယိုဂျာနယ်လစ်ဇင်းတွေ ပေါ်လာတဲ့အတွက် သတင်းစာ၊ ဂျာနယ်တွေဟာ သမိုင်းအမှိုက်ပုံထဲ ရောက်မသွားပါဘူး။ ကနေ့ထက်ထိ ဆက်လက်ရှင်သန်နေဆဲပါ။ ရုပ်မြင်သံကြားပဲဖြစ်ဖြစ်၊ VJ ပဲဖြစ်ဖြစ်၊ ဂျာနယ်ပဲဖြစ်ဖြစ်၊ သတင်းစာပဲဖြစ်ဖြစ်၊ သူတို့ကြားမှာ တူညီတဲ့ စံတစ်ခုကတော့ သတင်းထောက်လှမ်းတဲ့ အတတ်ပညာပါ။ ဒီအတတ်ပညာဟာ ဆက်လက်လိုအပ် ဆက်လက်ထွန်းကားနေဦးမှာပါ ’ လို့ ရေးသားဖော်ပြထားပါတယ်။

သတင်းစာအသက် တစ်မနက် အယူအဆဟာ မြန်မာ့သတင်းစာသမိုင်းမှာ အခိုင်အမာ ရှိခဲ့တယ်ဆိုတာ လူထုဦးလှရဲ့ ဆောင်းပါးထဲမှာလည်း တွေ့ရပါတယ်။ 

‘ သတင်းစာများ ထုတ်ဝေတဲ့ ရန်ကုန်နဲ့ မန္တလေးမှာ ပြည်သူအများစုဟာ မိုးလင်းရင် သတင်းစာဖတ်ချင်တယ်။ အိပ်ရာကထ,ထချင်း ဖတ်လိုက်ရရင် အင်မတန်ကျေနပ်တယ်။ အလုပ်မသွားခင် ကမ္ဘာ့သတင်း၊ ကိုယ့်တိုင်းပြည်က သတင်းတွေ ဖတ်ပြီးသားဖြစ်ချင်တယ်။ ဖတ်ရတဲ့အခါ သတင်းစာက သတင်းတွေက မနေ့ညပိုင်းက ရေဒီယိုသတင်းမှာ ပါသွားတာထက် ဘာမှမပိုဘူးဆိုရင်တော့လဲ တယ်မကျေနပ်ချင်ဘူး။  ’  ( စာမျက်နှာ - ၂၃ မှ )

သတင်းစာအသက် တစ်မနက်၊ အိပ်ရာထ သတင်းစာဖတ်ရတာ၊ သတင်းစာနဲ့ မျက်နှာသစ်ရတာတွေဟာ မြန်မာ့ စာနယ်ဇင်းသမိုင်းမှာ သတင်းစာ ဖတ်လိုအား ဘယ်လောက်ထိကောင်းခဲ့တယ်ဆိုတာကို ဖော်ပြနေတာပါပဲ။  သတင်းစာအသက် တစ်မနက်ဆိုတဲ့ အယူအဆဟာ သတင်းစာဖတ် ပရိသတ်အတွက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ လူထုဦးလှ ဆောင်းပါးထဲမှာ ‘ ဖတ်ရတဲ့အခါ သတင်းစာက သတင်းတွေက မနေ့ညပိုင်းက ရေဒီယိုသတင်းမှာ ပါသွားတာထက် ဘာမှမပိုဘူးဆိုရင်တော့လဲ တယ်မကျေနပ်ချင်ဘူး ’ လို့ ရေးသားထားတာ ဖတ်ရပါတယ်။ သတင်းစာဖတ် ပရိသတ်က သတင်းအသစ်ကို ပိုပြီးတောင့်တတတ်လို့ ညကသတင်းဟောင်းထက် မနက်မှာ သတင်းအသစ်ကို ပိုပြီးမျှော်ကြတာပါ။

‘ သတင်းစာများသည် သမိုင်းကို ပြောနေကြသည် ’ ဆိုတဲ့ စကားကတော့ စာပေနယ်ပယ်၊ သမိုင်း နယ်ပယ်က ပုဂ္ဂိုလ်တွေနဲ့ ပိုပြီး ပတ်သက်နေပါတယ်။ စာရေးဆရာ၊ သတင်းထောက်၊ သမိုင်းပညာရှင်တို့ကတော့ သတင်းစာအသက် တစ်မနက်နဲ့တင် ရပ်တန့်နေလို့မရဘဲ၊ သမိုင်းကို ရေးဖို့၊ မှတ်တမ်းတင်ဖို့ အားထုတ်ရပါတယ်။

‘ ဘကြီးဘဖေတို့၊ ဦးလှဖေတို့ သူရိယသတင်းစာထုတ်တဲ့ ၁၉၁၁ ခုနှစ်တဝိုက်တုန်းက သတင်းစာဖတ်ဘို့ တရားဟောရ၊ ဆွယ်ရတယ်။ တော်တော်နှိုးဆော်တိုက်တွန်းကြ
ရတယ်လို့ ဘကြီးဘဖေကိုယ်တိုင် ပြောခဲ့ဘူးပါတယ်။ တိုင်းသူပြည်သားလူအများက သတင်းစာဖတ်ဘို့လိုတယ်လို့ တယ်မထင်ကြဘူး။

အဲဒီတုန်းက တိုင်းပြည်လူဦးရေကလဲ ၁၀ သန်း၊ ၁၁ သန်းလောက်ဘဲရှိသေးတယ်။ နိုင်ငံရေးနိုးကြားမှုကလဲ နောက်ကျသေးတယ်။ ဒီတော့ ခေတ်ပညာတတ်သူ၊ နိုင်ငံရေး ဝါသနာပါသူ လူနဲစုကဘဲ သတင်းစာ ဝယ်ဖတ်ကြတယ်။ ’ ( စာမျက်နှာ - ၂၄ မှ )

လူထုဦးလှ အရေးအသားအရ မြန်မာ့ စာနယ်ဇင်းသမိုင်းမှာ ၁၉၁၁ ခုနှစ်ကာလတွေတုန်းက ( ဘကြီးဘဖေတို့ခေတ်လို့လည်း သတ်မှတ်လိုက သတ်မှတ်လို့ရ ) သတင်းစာဖတ်ဖို့ကို တိုက်တွန်းနှိုးဆော်ရတဲ့အထိ သတင်းစာဖတ်သူနည်းပါးတာကို တွေ့ရပါတယ်။ သတင်းစာဖတ်သူက ခေတ်ပညာတတ်၊ နိုင်ငံရေး ဝါသနာပါသူ လူနည်းစုကပဲ ဖတ်ကြတာပါ။ သတင်းစာတွေ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်လာတဲ့ ကာလရောက်တော့ သတင်းစာဖတ် ပရိသတ်ရဲ့ ဖတ်လိုအားက သတင်းစာစောင်ရေထက် ပိုနေတာကို “ ပြည်သူတို့၏ စကားပြန် ” စာအုပ်က မြန်မာ့ စာနယ်ဇင်းသမိုင်းအကြောင်းကို  ပြောပြလို့နေပါတယ်။ ဒီဘက်ခေတ်ရောက်တော့ သတင်းတု၊ သတင်းမှားတွေ ပေါများနေပြီး ပြည်သူတွေရဲ့ သတင်းအပေါ်  စိတ်ဝင်စားမှုက လျော့ကျလို့ နေပါတယ်။ သတင်းတု၊ သတင်းမှားတွေ အများကြီး ပေးနေတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အရင်ခေတ်က သတင်းစာဆရာကြီးတွေကိုရော၊ သတင်းစာတွေကိုရော လွမ်းမိပါရဲ့ဗျာ။

လူထုဦးလှရဲ့ ဆောင်းပါးကို ဖတ်ပြီး ဘဝသံသရာ စက်ဝိုင်းကြီးကို တွေးမြင်မိပါတယ်။ ဘကြီးဘဖေတို့ခေတ် ( ၁၉၁၁ ကာလ ) တုန်းက သတင်းစာဖတ်သူ နည်းတယ်၊ မြန်မာ့အလင်းနဲ့ ပညာအလင်း သတင်းစာတွေ ပေါ်လာပြီးနောက်ပိုင်းနဲ့ ဒုတိယကမ္ဘာစစ်အပြီးမှာ သတင်းစာဖတ်သူ ဦးရေ တိုးလာပြီး သတင်းစာဖတ်လိုအားနဲ့ သတင်းစာစောင် ထုတ်ဝေမှုအား မညီမျှတဲ့အထိ ဖြစ်ပျက်ခဲ့တယ်။ သတင်းတု၊ သတင်းမှားတွေကြားထဲကနေ သတင်းအစစ်ကို ရွေးချယ်ဖတ်ရတဲ့ ဒီနေ့ခေတ်မှာလည်း သတင်းစာဖတ်သူဦးရေ အတော်‌လေးကျဆင်းသွားပါပြီ။ ( သတင်းမီဒီယာ ရုပ်သံက သတင်းစာစောင်တွေနေရာမှာ အစားထိုးလာတဲ့အချက်လည်း ပါဝင်တာပေါ့။ ) ဘဝသံသရာ စက်ဝိုင်းကြီးလိုပဲ သတင်းစာဖတ် ပရိသတ်က နည်းသွားလိုက်၊ များသွားလိုက်နဲ့ သံသရာလည်လို့ နေပါတယ်။ သတင်းစာစောင်ဖတ်မယ့်ပရိသတ်တွေ ပြန်ပြီးတိုးပွားလာဦးမလားဆိုတာ
တော့ ‘ စောင့်ကြည့်ရုံမှတပါး အခြားမရှိ ’ ဆိုသလို‌ပေါ့ စာဖတ်မိတ်ဆွေတို့ခင်ဗျား။

*( ဆက်ရန်ရှိသေးသည် )  

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar