Breaking News

လေးလေး - စန်းစန်းဦးရဲ့ ဂျပန်မော်ဒန်ဝတ္ထုများ



လေးလေး - စန်းစန်းဦးရဲ့ ဂျပန်မော်ဒန်ဝတ္ထုများ

မိုးမခ ၊ မေ ၃ ၊ ၂၀၂၆


စာရေးဆရာ အကျော်အမော်တွေဟာ ကိုယ့်ဘဝရဲ့ ထာဝရအဖော်မွန်တွေပဲ ဆိုတဲ့ စကားကို လက်ခံရယူပြီး အကျော်အမော် စာရေးဆရာတွေရေးတဲ့ စာအုပ်တွေ မကြာခဏ ပြန်ပြန်ဖတ်တယ်။ ဒီလိုတွေ ဖတ်နေရင်းကပဲ ကိုယ် တစ်ခါမှ မဖတ်ဖူးသေးတဲ့ စာရေးသူတွေရဲ့ စာအုပ်တွေကိုလည်း တစ်ခါတလေ ဖတ်ဖြစ်တယ်။ ဘာစာတွေ ဘယ်လိုများ ရေးဖွဲ့ထားပါလိမ့်ဆိုတဲ့ စူးစမ်းလိုစိတ်နဲ့ ဖတ်ဖြစ်တာ များပြီး တချို့ကျန်၊ တချို့တော့ မေ့မေ့ပျောက်ပျောက်။ အသစ်တွေ ရှာဖတ်ကြည့်တော့ သစ်သမှ သစ်သစ်သစ်သစ်နဲ့တောင် မြည်တဲ့ စာအုပ်တချို့လည်း ဖတ်ရပါတယ်။

ကိုယ်ကသာ ခုမှ ဖတ်ဖူးလို့ သစ်နေတာ၊ သူကဖြင့် ကမ္ဘာစစ်မဖြစ်ခင်ကတည်းက ရှိနှင့်နေတဲ့ စာပေလက်ရာ၊ စာရေးသူရော၊ စာအုပ် မူရင်းရေးသူပါ ကိုယ့်အတွက်တော့ အသစ်။ 

“စန်းစန်းဦး” ဘာသာပြန်ထားတဲ့ “ကာဝါဘာတ ယာဆူနာရီ၊ သေလွန်ပြီးနောက်နှင့် အခြားဝတ္ထုတိုများ” တဲ့။ စာရေးသူ စန်းစန်းဦးက သူ ဘာသာပြန်တဲ့ ဂျပန်စာရေးဆရာအကြောင်း မိတ်ဆက်တင်ပြတော့ ဂျပန်မော်ဒန်စာရေးဆရာ၊ ၁၉၂၆ ခုကတည်းက မော်ဒန်ဝတ္ထုတွေရေးပြီး ထင်ရှားကျော်ကြားခဲ့သူ၊ ၁၉၆၈ ခု စာပေနိုဘယ်ဆုရှင်လည်းဖြစ်။ ၁၉၇၂ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွား။

ဂျပန်စာရေးဆရာရဲ့ ဝတ္ထုတွေကို အင်္ဂလိပ်လိုကနေ မြန်မာလို ဘာသာပြန်သူ စန်းစန်းဦးက ဆရာဝန်၊ စာရေးဆရာ ဖြစ်ကြောင်း အမှာရေးသူ ပန်းချီမောင်ဒီက မိတ်ဆက်ပေးလို့ သိရ၊ မောင်ဒီသည်လည်း မော်ဒန်။ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏက မော်ဒန်ကို ရယ်မောလှောင်ပြောင်သလိုလုပ်၍ ခြောက်လကြာ စကားမပြောဘဲနေခဲ့သူ မောင်ဒီ။ “နေရောင်ဖြာတဲ့ နေရာ”၊ “လက်တစ်ဖက်”၊ “ခြေစွပ်များ”၊ “သေလွန်ပြီးနောက်”၊ “မျက်နှာများ” စသဖြင့် ဝတ္ထု ၉ ပုဒ် ရေးသားဖော်ပြထားတာ ဖတ်ရတယ်။

“‘ဒီညအတွက်တော့ ကျွန်မရဲ့ လက်တစ်ဖက်ကို ရှင့်ဆီမှာ ရှိခွင့်ပေးမယ်လေ’ သူမက ပြောပါတယ်။ သူမက သူမ ညာဘက်လက်ကို ပခုံးက ဖြုတ်ယူလိုက်တယ်။ ပြီး ဘယ်ဘက်လက်နှင့်ကိုင်၍ ကျွန်တော့်ဒူးခေါင်းပေါ်တွင် တင်ထားလိုက်သည်။ ‘ကျေးဇူးပါပဲကွာ’ ကျွန်တော့်ဒူးကို ကျွန်တော် ကြည့်လိုက်သည်။ ဤလက်ကလေးမှ နွေးထွေးမှုသည် ဖြတ်စီးဝင်လာသည်။”

အဲဒါ ‘လက်တစ်ဖက်’ ဆိုတဲ့ ဝတ္ထုတိုထဲ ဖတ်ရတာပါ။ အဲဒီလက်တစ်ဖက်နဲ့ အဲဒီလူနေရင်း သူ့လက်တစ်ဖက်အစား ကောင်မလေးပေးလိုက်တဲ့ လက်တစ်ဖက်နဲ့ လဲတပ်လိုက်တာမျိုးလည်း ဝတ္ထုထဲ ဖတ်ရတယ်။ “သေလွန်ပြီးနောက်” ဝတ္ထုထဲမှာကျ ခုလို ဖတ်ရတယ်။

“ ‘ရှင်ရော သေသွားပြီလား ရှင်တာရီ။ ရှင်ရော ဘယ်တုန်းက သေသွားခဲ့သလဲ’ အဘိုးအို ဘာမျှ ပြန်မဖြေ။ ‘ရှင် သေပြီ။ ရှင် တကယ်ကို သေသွားပြီ။ ဟုတ်တယ် မဟုတ်လား။ ကျွန်မ စဉ်းစားနေတာက ကျွန်မတို့ ဘာကြောင့် သေပြီးသူတွေရဲ့ တိုင်းပြည်မှာ ပြန်မဆုံကြတာလဲလို့။ ကဲ ... အခု ရှင် တကယ် သေ၊ မသေ ကြည့်ရအောင်။ ရှင်ဟာ တကယ် သေပြီ ဆိုရင်တော့ ကျွန်မနဲ့အတူတူ သစ်ပင်ကြီးထဲကို ဝင်ကြမယ်’ အဘိုးအိုနှင့် မိန်းမငယ်မှာ အပင်ကြီး၏ ပင်စည်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။ သူတို့ ဘယ်သောအခါမှ ပြန်မထွက်လာကြတော့ပါ။”

စန်းစန်းဦးရဲ့ ဂျပန်စာရေးဆရာ မိတ်ဆက်ထဲမှာ သူဟာ Surrealism အရိပ်အငွေ့တွေ ထည့်ရေးလေ့ရှိတယ်ဆိုထားလို့ အဲဒါ ဘာလဲ ရှာကြည့်တော့ “Surrealism (ဆူရီယယ်လစ်ဇင်) ဆိုသည်မှာ ၂၀ ရာစုအစောပိုင်း (၁၉၂၀ ပြည့်နှစ်ဝန်းကျင်) တွင် ပြင်သစ်နိုင်ငံ၌ စတင်ခဲ့သည့် အနုပညာနှင့် စာပေလှုပ်ရှားမှုတရပ် ဖြစ်သည်။ ၎င်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့၏ မသိစိတ် (Subconscious mind) ထဲတွင် ရှိနေသော အိပ်မက်များ၊ စိတ်ကူးယဉ်မှုများနှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော အတွေးများကို အနုပညာမှတဆင့် ဖော်ထုတ်ပြသရန် ဖြစ်သည်။”

မောင်ဒီရဲ့ အမှာစာအရ အဲဒီဂျပန်စာရေးဆရာ ရေးတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ဆရာဇော်ဂျီက ‘ကချေသည်’ နာမည်နဲ့ တစ်ပုဒ်ဘာသာပြန်ဖူး၊ နန္ဒသူ က နှင်းပွင့်တိုင်းပြည် ဝတ္ထုကြီးကို ဘာသာပြန်ဖူးဟု သိရ။ ဒီဝတ္ထုတွေဖတ်ရင်း မော်ဒန်ဆိုတာ လျှို့ဝှက်ဆန်းကြယ်တွေပဲကိုးလို့ စာရေးဆရာအကျော်အမော်တစ်ဦးက မှတ်ချက်ချဖူးတာ ပြေးသတိရ။ နှစ်သက်တဲ့ စာဖတ်ပရိသတ် အခိုင်အမာရှိနေတာကို ပြနေတာကတော့ ဒီစာအုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေနိုင်တာပါပဲ။

စန်းစန်းဦးရဲ့ “ကာဝါဘာတ ယာဆူနာရီ၊ သေလွန်ပြီးနောက်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို နှစ်ကာလများ စာအုပ်တိုက်က တတိယအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် ၈,၀၀၀ တိတိ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar