မောင်လူမွှေး - ပန်းကုံးကလေးတွေမှာ မျက်ရည်စတွေနဲ့
မောင်လူမွှေး - ပန်းကုံးကလေးတွေမှာ မျက်ရည်စတွေနဲ့
မိုးမခ ၊ မေ ၃ ၊ ၂၀၂၆
"သွား.. သွားလေ" တဲ့။ ဝတုတ်တုတ် မိန်းကလေးကို ဘေးနားက သူ့အဖော်တွေက ဝိုင်းတွန်းနေကြတယ်။ သူ့အဖော်တွေ ဝိုင်းတွန်းခံရတဲ့ မိန်းကလေးဟာ ရင်ခုန် စိတ်လှုပ်ရှားလွန်းနေတာလား၊ ဒါမှမဟုတ် ရှက်ရွံ့တွေဝေနေတာလား၊ အိပ်မက်လို့ပဲ အောက်မေ့တာလား၊ သူကိုယ်တိုင်ပဲ သိနိုင်ပါလိမ့်မယ်။ နောက်ဆုံးတော့ မိန်းကလေးဟာ သူ့အဖော်တွေ ဝိုင်းတွန်း၊ ဝိုင်းဆွဲကြရာနောက်ကို လိုက်ပါသွားပါတယ်။
"သူက သူ့အိမ်မှာ နေကြည့်လိုက်၊ သူ့အဖေ အမေ အိမ်ကို ပြန်နေလိုက်နဲ့ လေ့ကျင့်ကြည့်တာလို့ သူက ပြောတယ်။ သူ့မိဘအိမ်မှာ နေတဲ့အခါမှာ သူ့ယောက်ျား မရှိတော့ဘူးလို့ သဘောထားပြီး နေကြည့်တာပလေ" လို့ ဆရာမလေးတစ်ယောက်က ဝတုတ်တုတ် အမျိုးသမီးလေးနဲ့ပတ်သက်ပြီး မောင်လူမွှေးကို ပြောပြပါတယ်။
ဝတုတ်တုတ် တောသူလေးရဲ့ ယောက်ျားဟာ တော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်ပြီး ကချင်ပြည်မှာ နှစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ရတာပါ။ အာဏာသိမ်းစစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့ ကချင်ပြည်နယ်ကနေ ယောက်ျားဖြစ်သူ အသက်ရှင်ပြီး မိသားစုဆီ ပြန်လာမယ်လို့ တောသူလေးဟာ သေချာပေါက် ဘယ်မျှော်လင့်ရဲခဲ့မှာလဲ။ ဘယ်တော့မှ ကိုယ့်ရပ်ရွာကို ပြန်မလာနိုင်တော့တဲ့ သူအချို့ရဲ့ သတင်းတွေကိုလည်း သူ ကြားခဲ့ရပြီး ကြားတဲ့အခါတိုင်းလည်း သူ စိုးရိမ်စိတ်လှုပ်ရှားခဲ့ရမှာ သေချာပါတယ်။
"သူ့ယောက်ျားကို ပန်းကုံးလည်း စွပ်ပါတယ်။ မျက်ရည်လည်း ကျသေးတယ်။ ကျွန်မတို့လည်း သူတို့ပြန်လာတော့ ဝမ်းနည်း ဝမ်းသာကြီး" လို့ နောက်ဆရာမလေးတစ်ယောက်က ပြောပါတယ်။
မောင်လူမွှေး သူတို့ရွာလေးကို အလုပ်ကိစ္စနဲ့ ခဏရောက်နေခိုက်၊ သူတို့ရွာကလေးက ရဲဘော်လေးနှစ်ဦး မိုင်ရာချီဝေးတဲ့ စစ်မြေပြင်ကနေ သူတို့ရွာကို ပြန်ရောက်ခိုက်နဲ့ ကြုံကြိုက်ခဲ့တာ ဖြစ်ပါတယ်။ တရွာလုံး ဝမ်းသာဝမ်းနည်းဖြစ်နေကြတာ မြင်တွေ့ရတော့ မောင်လူမွှေးတစ်ယောက် သူတို့နဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာ ဖြစ်ပါတယ်။
"စီးကရက်ရှိလားဗျ"
ရွာထဲက ဈေးဆိုင်ကို ရှေ့တန်းပြန်ရဲဘော်လေး ဝင်လာပြီး အပြုံးနဲ့ မေးတယ်။
"စီးကရက်တဲ့ဟေ့.. ပေးလိုက်စမ်း။ ဒီကောင်က အရက်၊ ဘီယာ၊ ထန်းရည်တွေ မသောက်ဘူး။ ဆေးလိပ်ပဲ သောက်တာ" တဲ့။ ဆိုင်ရှင်ယောက်ျားက သူ့အမျိုးသမီးကို လှမ်းပြောတယ်။ ရဲဘော်လေးဟာ စီးကရက်ဘူး နှစ်ဘူးကိုကိုင်ပြီး အပြုံးနဲ့ ပြန်ထွက်သွားလေရဲ့။
နောက်တစ်နေ့ကျတော့ ရှေ့တန်းပြန်ရဲဘော်ရဲ့ဇနီး ဝတုတ်တုတ်လေးဟာ ဈေးဆိုင်ကို သူ့ကလေးခေါ်ပြီး ရောက်လာတာကို မောင်လူမွှေး တွေ့ရပြန်တယ်။
"သူ့အဖေကို ကလေးက စိမ်းနေတာ။ မမှတ်မိဘူး" ဆိုတဲ့ ရွာထဲကသူတွေ ပြောတဲ့ စကားကို မောင်လူမွှေး ပြန်ကြားလာတယ်။ ကလေးလေးက နှစ်နှစ်ကျော် သုံးနှစ်အရွယ်ဆိုတော့ ဒီကလေးလေး တစ်နှစ်ကျော်မှာ အဖေဖြစ်သူဟာ ရှေ့တန်းကို ထွက်သွားခဲ့တာ ဖြစ်မှာပါ။
"ဝတ်စရာ ပုဆိုးက မရှိဘူး။ ယူနီဖောင်းတွေပဲ ရှိတာ" တဲ့။ ပြောဆိုရင်း ရှေ့တန်းပြန် သူ့ယောက်ျားအတွက် ပုဆိုးဝယ်ပြီး ပြန်သွားပါတယ်။
ရှေ့တန်းကနေ ပြန်လာတဲ့ သူ့ယောက်ျား ခွင့်ရက်မစေ့ခင်တော့ သူ့မိန်းမ ဝယ်ပေးတဲ့ ပုဆိုးကိုဝတ်ပြီး မိသားစုသုံးယောက် ပျော်ရွှင်ကြမယ်။ ပြီးတော့ ရဲဘော်ဟာ သူ့တပ်ရင်းကို ပြန်ရမယ်။ ကိုယ့်ဒေသတွင်းမှာ တာဝန်ထမ်းဆောင်ရတော့မှာမို့ ရဲဘော်နဲ့ မိသားစုကြား မိုင်ရာချီ မဝေးတော့ပေမဲ့ အလွမ်းမိုင်တွေကတော့ လျော့သွားမယ် မထင်ဘူး။
အဲဒီရွာကလေးမှာ တစ်ပတ်နီးပါးလောက် နေပြီး ရွာကလေးရဲ့ ပညာရေးအတွက် မောင်လူမွှေး တတ်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်ပေးခဲ့ပါတယ်။ အင်မတန် ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်ကြတာမို့ ရွာကလေးကနေ ထွက်ခဲ့တော့ မောင်လူမွှေးရော၊ မစ်(စ)မွှေးပါ စိတ်ထဲမှာ လွမ်းသလိုလို ခံစားကြရပါတယ်။ ဘုန်းကြီးကျောင်းကို ဆွမ်းပို့သွားရင်း လေယာဉ်လာလို့ ခေါင်းပေါ်ရွက်ထားတဲ့ ဆွမ်းလင်ပန်းတွေ မှောက်အောင် ပြေးပုန်းကြရတဲ့ ရွာကလေး၊ ရဲဘော်တွေကို နွေးထွေးစွာ ကြိုဆိုကြတဲ့ ရွာကလေး၊ ပညာရေးကို အားရှိသမျှ ရုန်းနေကြဆဲ ရွာကလေးဟာ နောက်မှာ ကျန်ခဲ့ပါပြီ။
တော်လှန်ရေးကာလ ပြီးတဲ့အထိ ရွာကလေးဟာ သူတို့ရွာက ရဲဘော်တွေကို မျက်ရည်စလေးတွေ တွဲခိုနေတဲ့ ပန်းကုံးလေးတွေနဲ့ ကြိုနိုင်ကြပါစေလို့ မောင်လူမွှေး ဆုတောင်းမိပါတယ် ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar