Breaking News

ကျော်မောင်(တိုင်းတာရေး) ● သက်တော်ရှည် ပုဂံ

ကျော်မောင်(တိုင်းတာရေး) ● သက်တော်ရှည် ပုဂံ
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၉

ပုဂံအကြောင်း စတင်သိခဲ့ရသည်မှာ သူရဲကောင်းဘုရင်မင်းမြတ်တို့၏ ကျေးဇူးမကင်းမှုကြောင့်ဟု ပြောကြမည်ဆိုပါလျှင် အကျွနု်ပ်အတွက်မှာမူ အမျိုးသားပညာဝန်ဦးဖိုးကျား၏ ကျေးဇူးကြောင့်ဖြစ်ပေသည်ဟု ပြန်လည်ချေပရပေမည်။ အဘယ် ကြောင့်ဆိုသော် ပုဂံပြည်တွင် သတ္တဝါကြီးလေးကောင် သောင်းကျန်းနေမှုအား နှိမ်နင်းခဲ့သော လူစွမ်းကောင်းဒဏ္ဍာရီ ပုံဝတ္ထု တပုဒ်ကို ဦးဖိုးကျားက ပြန်လည်ဖော်ထုတ်ခဲ့သောကြောင့်ဖြစ်ပါသည်။ အတန်းကျောင်းတွင် စတင်သင်ခဲ့ရစဉ် အကောင်ကြီး လေးကောင်ကို စိတ်မဝင်စား၊ ထိုထိုအကောင်ကြီးတွေအား လေးမြားဖြင့်ခွင်းကာ ရှင်းလင်းသုတ်သင်ခဲ့ပြီး ဘုရင့်သမီး တော် နှင့်လက်ဆက်ခွင့်ရ၍ အိမ်ရှေ့မင်းဖြစ်ခဲ့သော လုလင်ငယ်အား အားကျကြလေသည်။ ထိုဝတ္ထုကြောင့်ပင်လျှင် ပုဂံဆိုသည်ကို စတင်၍ ကြားဖူးခဲ့လေသည်။

ပုဂံခေတ်မှသည် ခေတ်အဆက်ဆက်ပြောင်းခဲ့၍ လေးနှင့်မြားကား ခေတ်တုံးခဲ့ပြီဖြစ်သောကြောင့် အားကစားပြိုင်ပွဲများမှအပ ပြင်ပတွင်ကိုင်လေ့မရှိကြသဖြင့် မာလကာကိုင်းဖြင့်ပြုလုပ်ထားသော လောက်လေးခွဖြင့်သာ အကောင်ကြီး အကောင် လတ်များရှာရင်း ဟိုဒီပစ်ခတ်ရင်း ကျေနပ်ခဲ့ရလေသည်။

ပုဂံရာဇဝင်ပြောကြမည်ဆိုလျှင် တုတ်ထမ်းဓါးထမ်းပြီးမှ ပြောကြရရိုးထုံးစံရှိသည်ဟူသော ဆိုထုံးကိုလည်း ငယ်စဉ်က နား မလည်ခဲ့။ ရာဇဝင်တွေ သမိုင်းစာတိုပေစတွေ ဖတ်ပြီး လူကြီးများ၏ ကွမ်းစားပြီးပြောကြသော စကားဝိုင်း၊ လက်ဖက်ရည်ကြမ်းသောက်ပြီးပြောကြသော စကားဝိုင်းတို့တွင် လူတတ်လုပ်ကာ ဝင်ပြောတော့မှ ထိုဆိုထုံးမှန်ကြောင်း နားလည်ခဲ့သည်။ သူတို့သည်လည်း တုတ်ထမ်းဓါးထမ်းပြီး မပြောကြသော်လည်း မိတ်ဆွေအချင်းချင်း စကားများမတတ် ထ၍လက်သီးထိုးတော့ မတတ်ဖြစ်ကြသည်ကိုလည်း ကြုံတွေ့ခဲ့ပြီး ရယ်မောခဲ့ရသေးသည်။ နောက်တော့မှ ပညာရှင်များသည်ပင်လျှင် ကိုယ်စီရရှိ သော အထောက်အထားများအရ သူမှန်သည် ကိုယ်မှန်သည်ဟု ငြင်းခုံနေကြဆဲရှိကြကြောင်းသိရပြီး မရယ်နိုင်ခဲ့ရသော ပုဂံရာဇဝင်ဖြစ်ခဲ့ပေသည်။

နှောင်းနောက်တွင်လည်း ကွမ်းဆော်ကြောင်ဖြူမင်း၊ စုက္ကတေးမင်း (ထိုအမည်ကို ရင်းနှီးခဲ့သည်မှာ အစ်ကို၏သူငယ်ချင်းမှ နောက်ပြောင်သည့်သဘောဖြင့် ထိုနာမည်ကို ထပ်တလဲလဲရွတ်နေသည်ကို ကြားရာမှ ဖြစ်)၊ အနော်ရထာမင်း၊ ကျန်စစ်မင်း၊ အလောင်းစည်သူတို့ဟူသော နာမည်ကျော် ဧကရာဇ်မင်းတို့ကိုလည်း ပုဂံနှင့်တွဲ၍ သိခဲ့ရ ကြားခဲ့ရပေသည်။

“ဟယ် အမတ်တို့ ၊ နင်တို့ငါ့ကို အိုပြီဟု ထင်ကြသည်၊ ငါမအိုသေး” ဟူသော ပုဂံခေတ်မှသည် ယခုကာလအထိ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်ခဲ့သောမြန်မာကျော် မိန့်ဆိုခြိမ်းခြောက်စကားကလည်း တက္ကသိုလ်ဝင်တန်း၏ မြန်မာစကားပြေစာအုပ်ထဲတွင်ရှိနှင့်နေပြီ မဟုတ်ပါလော။ “သိုးကလေ” အစချီသော ချစ်ခြင်းဖွဲ့လင်္ကာနှင့်အတူ အနန္တသူရိယအမတ်ကြီး ရေးဖွဲ့ခဲ့သည် ဆိုသော "သူတည်းတယောက်" အစချီ မျက်ဖြေလင်္ကာတို့မှာလည်း ထိုပုဂံခေတ်က ရေးဖွဲ့ခဲ့သည်ဟု လေ့လာခဲ့ရသည် မ ဟုတ်ပါလော။ ရာဇကုမာရ်ကျောက်စာကြောင့်လည်း ပုဂံပြည်သည် စစ်တလင်းဖြစ်ရမည့်ဘေးမှ ကင်းခဲ့ပုံရကြောင်း ခန့်မှန်း ရ ကောက်ချဆွဲရသည် မဟုတ်ပါလော။

ထိုတွင် ပုဂံသည် သူရဲကောင်းတို့၊ မင်းမျိုးမင်းနွယ်တို့သာ ရှိသောတိုင်းနိုင်ငံကြီး ဖြစ်လေသလား၊ သူတို့မှသာလျှင် ပုဂံကို ချစ်ကြလေသလားဟု အထင်အမြင်ဖြစ်မိသည်။

ထိုအထင်အမြင်သည် ဆရာဇော်ဂျီ၏ “ပုဂံဈေး” ဝတ္ထုတိုကို ဖတ်မိသောအခါတွင်မှ ရှင်းရှင်းပျောက်ကွယ်သွားခဲ့ပါသည်။ မရှိ၍ရှိသူ၊ ရှိ၍မရှိသူ ဟူသော စိနဘုရင်မေးမြန်းသောစကားထာကို ဖြေရှင်းချက်နှင့်အတူ ပုဂံဈေး လုလင်ပြောခဲ့သော “ကျွန်တော်သည် ပုဂံကို ပိုမိုမြတ်နိုးပါသည်” ဟူသော စကား၊ ဝတ္ထုနောက်ဆုံးအပိုဒ်တွင် “ပုဂံဈေးသည် လူအမျိုးမျိုး၊ လူအစားစားတို့ ကျက်စားရာ နေရာပေတည်း။ ရယ်သံ၊ ငိုသံ၊ ရန်ဖြစ်သံ၊ ညည်းညူသံတို့ အုတ်အုတ်ကျက်ကျက် မြည် ဟည်းသော နေရာပေတည်း။ အသွားအလာ အပြေးအလွှားတို့ဖြင့် လှုပ်ရှားသော နေရာပေတည်း” ဟူသော စာသားတို့ကို ဖတ်ရှုရသောအခါ ပုဂံသည် အောက်ပြည်အောက်ရွာတွင်မွေးဖွားခဲ့ပြီး ရှေးအမည် ဒဂုံဟူသော ရန်ကုန်မြို့ကြီး၌ ကြီးပြင်း ခဲ့သော အကျွနု်ပ်၏ နှလုံးသားအတွင်းဝယ် ညောင်ပင်အမြစ်ကဲ့သို့ တွယ်မိနေလေသည်မှာ ယနေ့ထက်တိုင် ဖြစ်လေသည်။ အညတရဖြစ်သော ပုဂံပြည်သူ ပြည်သားတို့သည်လည်း ဆရာဇော်ဂျီ၏ ဝတ္ထုထဲမှ လုလင်ကဲ့သို့ပင် ပုဂံပြည်ကို ချစ်သောစိတ် ရှိကြပေလိမ့်မည်မှာ မလွဲဧကန်ပင်။

ပုဂံသို့ ယခုအသက်လေးဆယ်ကျော်သည့်တိုင် တခေါက်မှ မရောက်ဖူးသေး။ ရုပ်ရှင်များ ဓာတ်ပုံများ ပန်းချီကားများတွင်ပါသော အလှတရားများနှင့်ပြည်စုံသည့် ပုဂံ၏ရင့်ကျက်မှုများကို မျက်မြင်မဟုတ်ဘဲ တဆင့်ခံစားရသည်မှာ အားမရ။ ပုဂံမရောက်ဖူး သေးလျှင် မြန်မာမဟုတ်သေးဟူသည့် ဆိုရိုးကလည်း ရှိသေးသည်။ ပုဂံသွားလည်ကြမလို့ဟု မိတ်ဆွေတဦးဦးက ပြောသံ ကြားလျှင် စိတ်ထဲအလိုလိုပျော်မိသည်။ ပုထိုးအို လမ်းအိုတို့အကြား မြင်းလှည်းသွားသောကြောင့် ဖုန်တထောင်းထောင်းထ နေသော ပုဂံ၏ ဆေးရေးပန်းချီကားများကိုမြင်လျှင် အကျွနု်ပ်၏သွေးသည် ပုဂံသို့ ရောက်ဖူးချင်လှသောစိတ်ဆန္ဒကြောင့် အပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်ရောက်သည့်အခါ ရေသည် စတင်ဆူပွက်သကဲ့သို့ပင် ပွက်ပွက်ဆူဝေကာ မနေနိုင်မထိုင်နိုင် လှုပ်လှုပ်ရှားရှားဖြစ်လာရပေသည်။

ပုဂံခေတ်အကကို အကပဒေသာပွဲများတွင် ကြည့်ရှုနှစ်သက်ဖူး နားထောင်ဖူးလေသည်။ ကြည့်ရှုသည့်အခါတိုင်း နှစ်သက် သည်ချည်း ဖြစ်သည်။ ပုဂံခေတ်တွင် ထိုကဲ့သို့ ဝတ်စားပြီး ထိုကဲ့သို့ ကကြ ဆိုကြ တီးမှုတ်ကြသလောဟု သိချင်နေမိသည်။ သုတပဒေသာ စာပေဗိမာန်ဆုရရှိခဲ့သော “ဆင်ယင်ထုံးဖွဲ့မှု (ဝတ်ဆင်ထုံးဖွဲ့မှု)” ကျမ်းစာအုပ်တွင် “ပုဂံဆိုသောအမည်သည်ပင် ပျူရွှာဟု အဓိပ္ပါယ်ရသော ပျူဂါမမှ ဆင်းသက်လာ၏” ဟူသောအကြောင်းနှင့် ပုဂံမတိုင်မီ ဝတ်စားဆင်ယင်မှု၊ ပုဂံခေတ်ပန်းချီ ကားတချို့မှရရှိသော အထောက်အထားများ၊ ပုဂံခေတ်ပြိုင် ပြည်ပနိုင်ငံတို့၏မှတ်တမ်းများ သမိုင်းများကို အထောက်အထား ပြု၍ ထိုခေတ်တွင် ပုဂံပြည်သူပြည်သားများ မည်သို့မည်ပုံ ဝတ်စားဆင်ယင်မည်ဖြစ်ကြောင်း ဆရာရွှေကိုင်းသားက လေ့လာ သုံးသပ်ပြခဲ့သည်။

ပုဂံသည် ယူနက်စကိုအဖွဲ့မှသတ်မှတ်သော ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေအမွေအနှစ်စာရင်းဝင်အဖြစ်သို့ အခြားသောနိုင်ငံများရှိ ဒေသငါးခု၊ ရေပေးဝေမှုစနစ်တခုတို့နှင့်အတူ မနေ့က (၆-ဇူလိုင်-၂၀၁၉) တွင် ရောက်ရှိခဲ့သည်။ ကြေငြာခြင်းမခံရမီ စကာ တင်စာရင်းတွင်ပါသောကြောင့် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းခံရခွင့် ရ မရ စိတ်လှုပ်ရှားမိသည်။ တိုက်ရိုက် ကြည့်ရှုခွင့်ရ၍ ကန့်ကွက်ခြင်းမရှိဘဲ ရွေးချယ်ခံရ ထောက်ခံမှုခံရသည်ကို မြင်ရကြားရသည့်အခါ သက်မဲ့ပုဂံအတွက် ကြိုးစား ခဲ့ကြသော လူပုဂ္ဂိုလ်များ ပညာရှင်များအား ကျေးဇူးတင်ရင်း ဂုဏ်ယူဝမ်းသာမိလေသည်။

ယူနက်စကိုရွေးချယ်မှု သတင်းနှင့်အတူ ပုဂံနောက်ခံရှုခင်းတို့ဖြင့် ရိုက်ကူးထားကြသော မိတ်ဆွေတို့၏ဓာတ်ပုံများ လူမှုကွန် ယက်ပေါ်တွင် ဝေေ၀ဆာဆာ ကြွားကြွားရွားရွား ရောက်လာကြသည်ကို တွေ့ရသည်။ အကျွနု်ပ်မှာကား တခေါက်မျှပင် မရောက်ဖူးသေးသောကြောင့် တင်စရာ ဓာတ်ပုံမရှိဘဲ ထိုသူများတင်သော ပုံများကိုသာ ဝမ်းသာအားရရှိလှစွာဖြင့် နှစ်သက် ပါသည်ဟူသော လက်မထောင်ခြင်းသင်္ကေတကို ရွေးချယ်နှိပ်၍ ရောက်ဖူးချင်သောစိတ်ကို ဖြေသိမ့်ရပေတော့သည်။

“အိုဘယ့် ပုဂံ
အသင် ပုဂံသည်
သက်တော် မည်မျှရှိပြီနည်း။ 

အိုဘယ့် ပုဂံ
အသင် ပုဂံသည်
သက်တော် မည်မျှရှည်မည်နည်း။”

၇-ဇူလိုင်-၂၀၁၉။
ကိုးကားချက်များ
ဦးဖိုးကျား (အမျိုးသားပညာဝန်)၊ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ။
ရွှေကိုင်းသား၊ ဆင်ယင်ထုံးဖွဲ့မှု။
ဇော်ဂျီ၊ ဇော်ဂျီ ဝတ္ထုတိုပေါင်းချုပ်။
https://whc.unesco.org/en/news/2004