Breaking News

ဧရာ (မန်းတလေး) ● စင်္ကာပူကျောင်းတွေကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ (၃) ခု

ဧရာ (မန်းတလေး) ● စင်္ကာပူကျောင်းတွေကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ (၃) ခု
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၉

The Economics မဂ္ဂဇင်းရဲ့ “ကူးချလို့ရပါတယ် Copying Allowed” ဆိုတဲ့အမည်နဲ့ ဆောင်းပါးဟောင်းလေးတခုကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်ဖတ်လိုက်ရပါတယ်။ စင်္ကာပူကျောင်းတွေကနေ သင်ယူနိုင်တဲ့ သင်ခန်းစာ (၃) ခုကို ရေးထား တာပါ။

စင်္ကာပူဆိုတာက ၁၉၆၅ ခုနှစ် လွတ်လပ်ရေးရစကာလမှာ သယံဇာတ ချို့တဲ့သလို၊ စီးပွားရေးမိတ်ဖက်နိုင်ငံတွေလည်း သိပ် မရှိသေးပါဘူး။ အဲဒီ အနေအထားကနေ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမှာ အချက်အခြာနိုင်ငံတခု ဖြစ်လာစေတာကတော့ “ကျုပ်တို့ ဖွံ့ဖြိုးအောင်လုပ်ယူလို့ရမယ့် စင်္ကာပူရဲ့တခုတည်းသော သဘာဝ သယံဇာတကတော့ လူသားအရင်းအမြစ်ပဲ” ဆို တဲ့ ဝန်ကြီးချုပ်လီကွမ်ယူရဲ့ အမြှော်အမြင်ရှိတဲ့ မဟာဗျုဟာကြောင့်ပါပဲ။

ဒီနေ့ဆိုရင် စင်္ကာပူရဲ့ပညာရေးစနစ်က ကမ္ဘာ့ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ နိုင်ငံ တဒါဇင်လောက်က ၁၅ နှစ်အရွယ် ကလေးတွေကို သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးမျိုး စစ်ဆေးဖို့ OECD က သုံနှစ် တကြိမ် ကျင်းပတဲ့ PISA (Programme for International Student Assessment) စာမေးပွဲမှာ စင်္ကာပူက ထိပ်တန်းနေရာမှာ ဆက်တိုက်ရှိနေခဲ့ပါတယ်။ နိုင်ငံ တဒါဇင်လောက်က ၁၅ နှစ်အရွယ်ကလေးတွေကို သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးမျိုးစစ်ဆေးဖို့ OECD က သုံးနှစ် တကြိမ် ကျင်းပတဲ့ PISA (Programme for International Student Assessment) စာမေးပွဲမှာ စင်္ကာပူက ထိပ်တန်းနေရာမှာ ဆက်တိုက်ရှိနေခဲ့ပါတယ်။

ဒီလိုအဆင့်အတန်းကို ရောက်လာခဲ့တဲ့ စင်္ကာပူနိုင်ငံပညာရေးကနေ ဘာသင်ခန်းစာတွေ ယူနိုင်ပါသလဲ။

၁။ သမားရိုးကျ သင်ကြားနည်းစနစ်
ဒီနေ့ခေတ် နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ကလေးတွေ ကိုယ်တိုင်သင်ယူစေဖို့ မြေတောင်မြှောက်ပေးတဲ့ တိုးတက်တဲ့ သင် ကြားနည်း (Progressive teaching) စနစ်မျိုးထက်၊ ဆရာဗဟိုပြုသင်ကြားနည်းမျိုးကို စင်္ကာပူက ပိုပြီးဦးစားပေးပါတယ်။ နိုင်ငံတကာ လေ့လာချက်တွေအရ တိုက်ရိုက်သင်ကြားတဲ့ စနစ်ထက် ပိုပြီးထိရောက်ကြောင်း ဖော်ပြနေပေမယ့်၊ ပညာရေး ပြုပြင်သူတွေနဲ့ ဝေဖန်ရေးသမားအများစုကတော့ စင်္ကာပူရဲ့စနစ်က အမှတ်တွေကောင်းပေမယ့် တီထွင်ကြံဆမှု အားနည်းတဲ့ သနားစရာကလေးတွေကိုပဲ မွေးထုတ်ပေးတဲ့ “Drill and Kill” ပုံစံကြီးပါလို့ ဆိုကြပါတယ်။ Drill and Kill ဆိုတာက လေ့ ကျင့်ခန်းတွေ အကြိမ်ကြိမ် အထပ်ထပ်လုပ်ခိုင်းပြီး ကလေးတွေရဲ့သင်ယူလိုစိတ်ကို အညွန့်တုံးအောင် သတ်လိုက်တဲ့ စနစ် မျိုးလို့ ဆိုလိုတာပါ။ မိဘတွေကလည်း ဒီလိုစနစ်မျိုးပြောင်းလိုက်ရင် ကလေးတွေ စိတ်ဖိစီးမှု ပိုများလာမှာ၊ အချိန်ပိုတွေ ကျူရှင်တွေပို့ပေးရမှာကို စိုးရိမ်ကြပါတယ်။

ဒီဆောင်းပါးရဲ့ အောက်ကမှတ်ချက်တွေမှာလည်း ဒီလိုစိုးရိမ်မှုတွေ ဝေဖန်မှုတွေကို တွေ့ရပါတယ်။ အချို့လည်း ဒီစနစ်ကို ကြက်တူရွေး စာသင်နည်းလို့ ဝေဖန်ကြတာရှိတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံက သင်ကြားနည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ စင်္ကာပူက အလွတ်ကျက်သင်ကြားနည်း (Rote teaching) နဲ့ အမေရိကန်ရဲ့ တိုးတက်တဲ့သင်ကြားနည်း (Progressive teaching) ရဲ့ မျှခြေလောက်မှာရှိမယ်လို့ ဆိုနိုင်ပါတယ်။ (progressive education ရဲ့ ပြဿနာအချို့ကို To Kill the Mocking Bird ဝတ္ထုကိုအခြေခံပြီး “ပညာရေးစနစ်သစ်နှင့် အပြစ်မဲ့သည့် တေးသီငှက်” ဆိုတဲ့ အမည်နဲ့ ပို့စ်တခု ရေးခဲ့ဖူးပါ တယ်)။

အလွတ်ကျက်မှတ်မှုနဲ့ ကြိမ်ဖန်များစွာ လေ့ကျင့်မှုတွေ သိပ်မရှိခဲ့ရင် အခြေခံဗဟုသုတနဲ့ အခြေခံစွမ်းရည်တွေ အားနည်းနေ နိုင်ပါတယ်။ အဲဒီအခါမှာ ဘယ်လောက်ပဲ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ပါစေ ဘာကို တွေးရ၊ ဘာကို စဉ်းစားရမှန်း မသိ နိုင်သလို၊ ဘယ်လို စနစ်တကျ စဉ်းစားတွေးခေါ်ရမှန်းမသိဘဲ ဖြစ်နေနိုင်ပါတယ်။ ဆရာသင်သမျှ အလွတ်ကျက်မှတ်ရ၊ ဆရာခိုင်းသမျှ လေ့ကျင့်ရပေမယ့်၊ သင်သမျှ ခိုင်းသမျှရဲ့ အပြင်ကိုထွက်ပြီး တွေးခွင့်၊ မေးခွင့်ပေးမထားခဲ့ရင် စူးစမ်းလိုစိတ်၊ တီထွင်ကြံဆလိုစိတ်တွေကုန်ခမ်းပြီး ဘောင်လေးထဲမှာ စဉ်းစားပြောဆို နေထိုင်တတ်သွားနိုင်ပါတယ်။

၂။ ထူးခြားတဲ့ ချဉ်းကပ်သင်ကြားနည်း

စင်္ကာပူမှာ အကြောင်းအရာ များများသင်မယ့်အစား နည်းနည်းကိုပဲ နက်နက်ရှိုင်းရှိုင်း သင်ကြားတဲ့ နည်းစနစ်ကို အသုံးချပါ တယ်။ အထူးသဖြင့် စင်္ကာပူရဲ့ သင်္ချာသင်ကြားနည်းဆိုရင် ထိရောက်မှုရှိတဲ့အတွက် အမေရိကန်နဲ့ အင်္ဂလန် ကျောင်းတွေ မှာတောင် စပြီးသုံးလာကြပါတယ်။ “စင်္ကာပူသင်္ချာ” သင်ကြားနည်းရဲ့ အဓိကထူးခြားမှုကတော့ ပြဿနာတွေကို model ပုံစံလေးတွေဆွဲပြီး ဖြေရှင်းတဲ့နည်းစနစ်ပါ။ ဒီသင်ကြားနည်းစနစ်က အမေရိကန်နိုင်ငံသား ပညာရေး စိတ်ပညာရှင် Jerome Bruner (1915-2016) ဖော်ထုတ်ခဲ့တဲ့ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးလာပုံ အဆင့် (၃) ဆင့်ကို အခြေခံပြီး ရေးဆွဲ ပြဋ္ဌာန်းခဲ့ကြတာပါ။ ပြဿနာတွေကို ဖြေရှင်းရာမှာ မသိကိန်းတွေ၊ သင်္ကေတတွေ၊ ညီမျှချင်းတွေ စတဲ့ စိတ်ကူးနဲ့သာ သိရှိ နားလည်နိုင်တဲ့ ဒြဗ်မဲ့သဘောတရား (abstract) တွေနဲ့ မစဘဲ၊ လက်ဆုပ်လက်ကိုင် ပြနိုင် မြင်နိုင်တဲ့ ဒြဗ်ရှိသဘောတရား (concrete) တွေကနေ စပြီး ကိုင်တွယ်တယ်။ နောက် ဒါတွေကို မျက်စိနဲ့ မြင်နိုင်တဲ့ပုံစံလေးတွေ (Pictoral model) အဖြစ် ပုံဖော်ရေးဆွဲပြီးမှ ဒြဗ်မဲ့ သဘောဖြစ်တဲ့ ကိန်းဂဏန်းတွေ၊ သင်္ကတတွေနဲ့ စဉ်းစားတွက်ချက်ပါတယ်။ ဒါကြောင့် ဒီနည်းစနစ်ကို CPA (Concrete-Pictorial-Abstract) လို့လည်း ခေါ်ကြပါတယ်။

(မှတ်ချက်၊ မြန်မာပြည်က သင်္ချာသင်နည်းသစ်မှာ အပေါင်းသင်တဲ့အခါ ၁၀ ပြည့်အောင် ခွဲထုတ်ပြီးမှ ပေါင်းတဲ့နည်းကို သုံး လာတာကို တွေ့ရပါတယ်။ ဥပမာ ၉ + ၃ ဆိုရင် ၃ ကို ၁ + ၂ လို့ ခွဲထုတ်၊ ၉ + (၁ + ၂) = ( ၉ + ၁ ) + ၂ = ၁၂ လို့ အဖြထုတ်တာမျိုးပါ။ အမေရိကန်နိုင်ငံ Common Core Math မှာ သုံးတဲ့နည်းတွေကို မှီးထားဟန် တူပါတယ်။ အကယ်၍ ဒီနည်းကို မြင်နိုင် ကိုင်တွယ်နိုင်တဲ့ ပေသီးလုံး၊ ပုတီးလုံး စတဲ့ ပစ္စည်းလေးတွေကိုသုံးပြီး သင်မယ်ဆိုရင်တော့ CPA approach နဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ မဟုတ်ရင်တော့ ပေါင်းတတ်ဖို့အတွက် အရင် အနှုတ်တတ်ရမလို ဖြစ်နေတယ်လို့ ထင်ပါတယ်)။

၃။ ဆရာကောင်း မွေးထုတ်ခြင်း
နောက် သင်ခန်းစာယူနိုင်တဲ့အချက်ကတော့ စင်္ကာပူက ဆရာကောင်းတွေမွေးထုတ်ဖို့ အလေးထားတာပါပဲ။ စင်္ကာပူမှာ ဆရာ၊ ဆရာမတွေက တနှစ်ကို နာရီ ၁၀၀ လောက် သင်တန်းတက်ကြရပါတယ်။ အစိုးရကလည်း ဆရာ၊ ဆရာမတွေရဲ့ လစာကို ကောင်းကောင်း ပေးပါတယ်။ ဒါပေမယ့် အတန်း အရွယ်အစားကတော့ ကြီးပါတယ်။ OEDC နိုင်ငံတွေမှာ ပျမ်းမျှ ဆရာတယောက်ကို ကျောင်းသား ၂၄ ယောက်လောက်သာ ရှိပေမယ့်၊ စင်္ကာပူမှာ ဆရာတယောက်ကို ကျောင်းသား ၃၆ ယောက်လောက် ရှိပါတယ်။ ကျောင်းသား နည်းနည်းကို ရွက်ကြမ်းရေကြို ဆရာ ခပ်များများနဲ့ သင်မယ့်အစား၊ ကျောင်းသား ခပ်များများကို ဆရာကောင်း နည်းနည်းနဲ့ သင်ကြားတာက ပိုထိရောက်တယ်ဆိုတဲ့သဘောပါ။ ပညာရေးဝန်ကြီးဌာနကနေ အကောင်းဆုံးဆရာတွေကို ရွေးချယ်အသိမှတ်ပြုပြီး ဆုကြေငွေတွေလည်း ပေးပါတယ်။ ထိုအတူ ဆရာတွေရဲ့ အရည်အချင်း ကိုလည်း နှစ်စဉ် ကြပ်ကြပ်မတ်မတ် စိစစ်ပါတယ်။

Ref: 
The Economics, Copying Allowed: What Other countries can learn from Singapore’s School, Aug 30th 2018.