Breaking News

မောင်လူရေး - ဟေလာဝါလာ ပြည်မြန်မာ

Photo - SBS News


မောင်လူရေး - ဟေလာဝါလာ ပြည်မြန်မာ

(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၁၉

တလောက သဘာဝပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ ဘုန်းကြီးများ စကားဝိုင်းသွားတယ်။ ပညာသည်တွေလဲပါတာပ။ မှတ်သားလာတာနဲ့ ကိုယ်ထင်ရာမြင်ရာလေးစွက်ပြီး နှက်လိုက်အုံးမယ်။
ဒီဒွန္နရာမှာ နည်းပညာအပြောင်းအလဲရယ်၊ ရာသီဥတုအပြောင်းအလဲရယ် ဖြစ်နေတယ်တဲ့။
သေချာသပါ့။ တနိုင်ငံလုံး ပိုးစိုးပက်စက် ရေနစ်နေချိန်မှာ ရွှေဘိုက မိုးမရွာဘဲ မိုးအုံ့နေတာ ရက်အတော်ကြာပြီ။ ဆီကြိတ်ဖို့ ပဲလေး လှမ်းချင်တာတောင် လှမ်းမရ။
ကိုယ့်နိုင်ငံက ပညာရေးအဆင့်နဲ့ နည်းပညာအပြောင်းအလဲမှာ မပါနိုင်ပေမယ့် ခရိုနီ ခရိုနက် ခရိုပျက် ဗိုလ်ပျက် ဝန်ထမ်းပျက်တွေရဲ့ စာရိတ္တအဆင့် မြှင့်မားလွန်းတာကြောင့် ရာသီဥတုပြောင်းလဲရာမှာတော့ ရှေ့ဆုံးကပါတာပေါ့လေ။
သစ်ခုတ် တောင်ဖြို တောရှင်း အဆိပ်သွင်းနိုင်ငံရှော်ကြီးကိုး။
ဒါပေလို့ ဒါတွေကို အစိုးရက အရေးပေါ်လို့ မသတ်မှတ်ဘူးတဲ့။ ဘာ့လိုဆို သူတို့ရဲ့အရေးပေါ်က ရွေးကောက်ပွဲဖြစ် ဖြစ်နေလို့တဲ့။
တကယ်တော့ ရာသီဥတုပြောင်းလဲမှုက သက်ရှိများပျောက်ကွယ်နိုင်တဲ့အထိ ပြသနာပါလို့ ပညာရှင်များက ပြောတယ်တဲ့။ ဒီနှုန်းအတိုင်းဆက်သွားရင် ဒီရာစုကုန်ထိဘဲတဲ့။ ပူလွန်းလို့ သက်ရှိမျိုးစိတ်တွေ ပျောက်ကွယ်သွားမယ်တဲ့။ ခုကို ၅၀%ပျောက်သွားဆိုဘဲ။ ကိုယ့်မြို့ရွှေဘိုလဲ ဒီနှစ်အပူဒီဂရီ ၄၄၊ ၄၅လောက်ကို နေစရာမရှိတော့ဘူး။ တရိတ်ရိတ်ဆက်တက်လာရင် နောက်နှစ်နှစ် သုံးနှစ်ဆို ပြေးစရာ မြေရှာထားရမယ့်ကိန်း။ အိန္ဒိယတချို့ပြည်နယ်တွေ ၅၀ရောက်လို့ သေတဲ့သတင်းတွေဖတ်ရ။ ဥရောပလဲ ဖြစ်နေပတဲ့။ သေကြသတဲ့။ အမေရိကလဲ တချို့နေရာတွေ ပူလွန်းလို့ဆိုဘဲ။

ကိုယ့်အစိုးရကလဲ နိုင်ငံရေးပြသနာရှင်းရင်းနဲ့ ဖွံ့ဖြိးရေးကို မလုပ်နိုင်တဲ့အခြေ။ လက်နက်ကိုင်အစုံကို အမှီပြုတဲ့သစ်ခုတ်သူတွေကို မတားနိုင်သေး။ ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူကိစ္စမကိုင်နိုင်ေသး။ ဒေသတွင်း အလုပ်အကိုင် မဖန်တည်းပေးနိုင်တော့သစ်ခုတ်ကြ ရွှေကျင်ကြ ကျောက်တူးကြ။ အစိုးရကိုယ်တိုင်လဲ သယံဇာတနှိုက်တဲ့ စီမံကိန်းတွေဘဲထပ်ချတော့ သဘာဝပတ်ဝန်းကျင်က ပိုပျက်စီး။ ပညာပေးမရှိ စိုက်ပျိုးမြေဖန်တည်းမပေးနိုင်​တော့ တောင်ယာခုတ်လို့ ပျက်တဲ့တောလဲ ပိုပြောင်။ သင်္ကြန်ပြီး ပူတာအိုကနေ မြစ်ကြီးနားထိ ကားနဲ့ပြန်လာတော့ တောင်ယာလက်ချက်နဲ့ မြင်မြင်သမျှ တော တောင် ပျက်နေတာတွေ့ရ။ ကားဆရာကတောင် ဒီဒေသက အရင်က နွေဆိုတာ မရှိဘူးတဲ့။ အခုတော့ နွေကရှိရုံမက ပူလာပြီတဲ့။ တမြန်မနှစ်က ရခိုင်ဘက်သွားတုန်းကလဲ လမ်းတလျှောက်တောင်တန်းတွေ ပြောင်တလင်းခါလို့။
အသိဘုန်းကြီးတပါးကတော့ သူ့ကျောင်း သူ့ရွာကို ပလပ်စတစ်ကင်းစင်ရွာဖြစ်အောင်လုပ်နေသတဲ့။ အဲဒီပလပ်စတစ်ကလဲ တကယ့်ပြသနာကိုး။ စနစ်တကျစွန့်ဖို့ကော ရီဆိုင်ကယ်လုပ်ဖို့ကော မတတ်နိုင်သေးတဲ့နိုင်ငံလေ။ ခု ကိုယ့်ကျောင်းတော့ ကျောင်းထဲက ပလပ်စတစ်အမှိုက်ကို ရေသန့်ဗူး ဖျော်ရည်ဗူးတွေထဲ သိပ်ထည့်ခိုင်းထားရတယ်။ ကလေးတွေက ဘာလုပ်မလို့လဲမေးတော့ မင်းတို့ကို ပလပ်စတစ်ကျောင်းဆောက်ပေးမလို့ေြပာထားရတယ်။ 

ရှမ်းပြည်အပျိုစင်ဒေသမှာလဲ ပူလာပြီတဲ့။ ဟိုတုန်းက အလွန်အေးတဲ့ တိုင်းရင်းသားဒေသတိုင်း ပူကုန်ကြပြီလေ။ ၂၀၁၈တုန်းက လားရှိုးကနေ တန့်ယန်းသွားတော့ လမ်းမှာ တမျှော်တခေါ်မြင်ကွင်းတွေကြည့်ေနတုန်း လိုက်ပို့ပေးသူက သူတို့ငယ်ငယ်က အိမ်ဆောက်ဖို့ ဒီနေရာကို သစ်လာခုတ်ကြရတာတဲ့။ အင်မတန်နက်တဲ့တောကြီးတွေတဲ့။ ယုံနိုင်စရာမရှိဘူး။ တပင်မှကို မကျန်တော့တာတဲ့။ အော်လို့ဘဲ မှတ်ချက်ချနိုင်တော့တယ်။ 
နောက် လားရှိုးကနေ မိုင်းရှူးသွားတော့ ကားဆရာနဲ့ တလမ်းလုံး စကားလက်ဆုံကျတယ်။ သူက ခုမှ ကားလေးမောင်းတာတဲ့။ အရင်က သစ်ထုတ်တဲ့ကားဘဲ မောင်းသတဲ့။ မြန်မာပြည်သစ်ထုတ်တဲ့နေရာ သူမမောင်းဘူးတာရှားသတဲ့။ အထူးသဖြင့် ရှမ်းနဲ့ ကချင်။ သူ ၂၁နှစ်ကြာတယ်တဲ့ သစ်ကားမောင်းခဲ့တာ။ သူပြောမှ ကချင်ဘက်က သစ်ပွဲတော်ကြီးတွေအကြောင်းကြားဘူးတော့တယ်။ အဲဒီနေရာတွေမှာ ရေဘဲ ရှားတာ၊ အရက်နဲ့ ဆေးက ကြိုက်သလောက်တဲ့။ အကုန်လုံး တရုတ်ပို့ရတာဆိုဘဲ။ သူပြောသလိုဆို မရေမတွက်နိုင်အောင် ထုတ်ခဲ့ကြတာ။ သစ်ပွဲတော်တွေက နှစ်တိုင်းရှိပါတယ်တဲ့။ ပွဲတော်ချိန်ဆို ဟိုဘက်က ကွင်းလာထိုး၊ လမ်းကြောင်းထိုးပေးပြီး သယ်မယ့်ကားကြီးတွေရောက်လာတော့တာဘဲတဲ့။
လက်ရှိသင်ရိုးညွှန်းတမ်းက တိုင်းရင်းသားတွေနဲ့ လုံးဝမကိုက်၊ မြန်မာစာကလဲ ငါးတန်းခြောက်တန်းရောက်တာတောင် ဂငယ် ပစောက်မကွဲ၊ မိခင်စာလဲ မသင်ရ၊ တိုင်းရင်းသားဘာသာစကားနဲ့သင်တဲ့ေကျာင်းတွေကို အစိုးရက အသိအမှတ်မပြုဆိုတော့ မျိုးဆက်သစ်တွေအပေါ် ဒေသခံလူကြီးသူမတွေရဲ့သြဇာကျဆင်းလာပြီး သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာပေးလုပ်ဖို့ဆိုတာလဲ မလွယ်တော့ဘူးတဲ့။

 ပြီးတော့ သူတို့အမြင်မှာ ကိုယ်က ထိမ်းသိမ်းနေရပြီး မဆိုင်တဲ့သူတွေလာခုတ်တာကျ ငုတ်တုတ်ထိုင်ကြည့်နေရတာလဲ အဓိပ္ပါယ်မရှိတော့ ထိမ်းဖို့ပြောတာ ငပေါလိုဖြစ်လာတယ်တဲ့။

 ပြီးတော့ အားလုံးက မူးယစ်ဆေးဝါးအတွက် ငွေမြန်မြန်ရဖို့လိုတယ်လေ။ ရွှေနဲ့ သစ်က ငွေမြန်မြန်ပေါ်တယ်မဟုတ်လား။ ငြိမ်းချမ်းရေးဟာ ပါးစပ်ဖျားမှာရှိတာကလဲ ဒါတွေကို ပိုအားကောင်းစေတာတဲ့။ ဒီလုပ်ငန်းတွေအပေါ်က နှစ်ဖက်ဆက်ကြေးရနေတာဆိုတော့ တကယ့်အပြောင်းအလဲကို ဘဟ်သူမှ လုပ်ချင်ဟန်မတူဘူးတဲ့လေ။ ငြိမ်းချမ်းရေးဆိုတာလဲ ပရောဂျက်တောင်းတဲ့ဟာ ဖြစ်နေရှာပေါ့။
ဖားကန့်မှာဆို သဘာဝပတ်ဝန်းကျင်က ပျက်ချင်တိုင်းပျက်နေဘီပေါ့၊ ဆိုးကျိုးတွေလဲ ခံနေရပြီပေါ့လို့ တပါးကဆိုတော့ တနိုင်ငံလုံးပျက် တနိုင်ငံလုံးခံနေရတာပါတဲ့။ အင်း ခု မော်လမြိုင်ဘက်ဖြစ်နေတာကြည့်ပေါ့။ ကိုယ့်ဘက်ကျ မိုးခေါင်၊ ခေါင်တဲ့ဘက် သီးနှံမဖြစ်၊ ရွာတဲ့ဘက် သီးနှံနစ်။ သစ်ခုတ် ရွှေတူး ကျောက်တူး ဘယ်ကုမ္ပဏီကမှ သဘာဝပတ်ဝန်းကျင်ကောင်းအောင် ပြန်လုပ်ပေးမှာမဟုတ်ဘူး။ ဖုတ်ဖက်ခါ ပြန်သွားမှာချည်း။ 

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာေတာင် သဘာဝဝန်းကျင်ပျက်သွားတဲ့ဟာတြွေပန်လုပ်ဖို့ ထောက်ပံ့ထားတဲ့ဒေါ်လာငါးသိန်းအေကြာင်း လွှတ်တော် ဒုဥက္ကဌက ဝန်ကြီးချုပ်ကို မေးသံကြားရတယ်။ တိုင်းဒေသကြီးအစိုးရလုပ်ငန်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာထင်ရဲ့။ ဗီဒီယိုဖိုင်ကြည့်တော့ ဖြေတဲ့အသံက ဗလုံးဗထွေးနဲ့ဆိုတော့ ဘာဖြေသွားမှန်းမကြားရဘူး။ ရေးထားတာလဲ မတွေ့ရဘူး။ အလယ်ပိုင်းက တချို့ဒေသတွေကတော့ ရေနည်းလာ၊ ချိုးဖို့အနိုင်နိုင်၊ မြေဆီလွှ သယံဇာတထိမ်းသိမ်းဖို့ ဓာတုလျော့ဖို့တွေလဲ မလုပ်နိုင်။
ဒို့လုပ်နိုင်တာ ဘာရှိလဲ၊ ဘာလုပ်ကြမလဲဆိုတော့ ဝါးစိုက်ဖို့ အကြံပြုကြတယ်။ ဝါးက ကာဘွန်စုပ်ယူအားကောင်းသတဲ့။ ၅နှစ်ဆို သုံးရပြီတဲ့။ သစ်အစား ဝါးပေါင်းကွပ်ရမယ်ပေါ့လေ။ ကိုယ်တတ်နိုင်တာကတော့ ကိုယ့်အိမ် ကိုယ့်ကျောင်း ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်မြေ ကိုယ့်ရေမှာ ဝါးများများစိုက်ကြဖို့ဘဲတဲ့။
မြေလွတ်မြေရိုင်းလျှောက်စိုက်။ မြန်မြန်စိုက်ကြမှတဲ့။ အရေးပေါ်တဲ့။ ဒီနှုံးနဲ့ ဒီထက်တနှစ်ထက်တနှစ်ပိုပူလာရင် နောင်နှစ်နှစ်သုံးနှစ်ဆိုရင် ရွှေ့ပြောင်းမယ့်ဒေသတွေရှိလာမယ်။ ဘယ်လိုနေထိုင်မလဲ၊ 

နောင်လာနောင်သားတွေအတွက် ဘာလုပ်မလဲ။ ရာသီဥတုပညာရှင်တယောက်ကတော့ လူရော ဆက်မွေးသင့်သလားလို့ သူ့ကိုယ်ဝန်ကို ပွတ်ပြီး စဉ်းစားသတဲ့။ သူ့ကလေး ဘယ်လိုရှင်သန်မလဲဆိုတာ စဉ်းစားသတဲ့။ ရာသီဥတုပြောင်းလဲမှုကောင့်သေတယ်လို့ နာမည်တပ်မရပေမယ့် သေတာကတော့ ရာသီဥတုကြောင့် သိပ်များနေပြီ။ တိုးပွားနေပြီတဲ့။ ရှေ့လျှောက် ဘယ်မှာ အခြေချမလဲ၊ လုံခြုံတဲ့တနေရာရှိဖို့ မလွယ်ဘူး။ ကိုယ့်ကလေးတွေ အသက်ရှည်ဖို့ဆိုရင် ပြောင်းလွယ်ရွှေ့လွယ်အောင်လုပ်ရမယ်၊ ဘာသာစကားနှစ်မျိုးသုံးမျိုးသင်ေပးထားဖို့ လိုမယ်၊ ပါ့စပို့နှစ်ခုသုံးခုလုပ်ထားရမယ်၊ ပျက်မယ့်ဟာ မပျက်အောင် တားဖို့တော့မဖြစ်နိုင်တော့ဘူး၊ ခံသာမယ့်နေရာ ရှာဖို့ဘဲလိုတယ်လို့ ကလိုင်းမိတ်ချိန်းပညာရှင်များက သူတို့ကလေးတွေအတွက် စဉ်းစားသတဲ့။
အစိုးရတွေက ရာသီဥတုပြောင်းနေတာကို မပြောရင် အဲဒီအတွက် အလုပ်မလုပ်ရင် အမှန်က ရာဇဝတ်မှုကျူးလွန်တာဘဲတဲ့။ ၂၀၂၅မှာ ကာဗွန်သုညဖြစ်အောင်လုပ်၊ မဟုတ်ရင် သတ်မနေနဲ့ ကုန်မှာ။ တဖြည်းဖြည်းကပ်ဆိုက်တော့မယ်တဲ့။ ဒါဆိုရင် ဒို့ဆီ ငြိမ်းချမ်းရေးများ ရသွားမလားမသိဘူး။ တကယ်တော့ လူ့မျိုးနွယ်ကို သတ်မှာ ပြည်ကိုဖျက်မှာကက အစိုးရနဲ့ ခရိုနီဘဲလေ။ ခရိုနီတွေက အစိုးရနဲ့ပေါင်းပြီး သဘာဝကို ဖျက်လိုက်တော့ လူတွေ ရွှေ့ပြောင်းရမယ်။ ရောဂါဘယထူလာမယ်။ ပဋိပက္ခတွေနဲ့ စစ်ဖြစ်မယ်။ ခုဆို ရှမ်းပြည်မှာ ရေရှားလာ။ မြစ်တွေက ရေရှိနေမှ နေသာမယ်။ ဆိုင်ကလုန်းတွေ မကြာမကြာလာမယ်။ ဆိုင်ကလုန်းရှက်တာမရှိ။ ပင်လယ်ရေတက်လာရင် ချောင်းမြောင်းထဲ ဝင်လာမယ်။ ရေချိုးရှားလာမယ်။ စိုက်မရဖြစ်လာမယ်။ သိပ်ပူလာရင် စိုက်မရတော့ဘူး။ ငတ်ပြီ။ ခု ကမ႓ာ့လူဦးရေတဝက်က ရေရှားနေဘီ။ ဝါးစိုက်ရုံရှိတော့သည်။ စပါးကို SRIနည်းပညာနဲ့ စိုက်ဖို့လိုလာပြီ။ LED၊ ဆိုလာမီးသုံးဖို့လိုလာပြီ။
အမတ်တွေကို ရာသီဥတု ပြောင်းလဲမှာကို သိသလား၊ နည်းပညာရှိသလား၊ ဘယ်လိုပြင်ဆင်မယ်ဆိုတဲ့အကြံခများမှာရှိသလားလို့မေး၊ မဖြေနိုင်ရင် မဲမထည့်ဖို့ထိလုပ်ဖို့ လိုပြီတဲ့။
စည်ပင်က အိမ်တအိမ်မှာ သမံတလင်းခင်းခွင့်အပြည့်မပေးဘဲ ရေဝင်နိုင်ဖို့ နေရာချန်ပေးရမယ်ထိလုပ်ဖို့လိုသတဲ့။ မြေချန်ရင် မိုးရေသိုလှောင်ကန်ဖြစ်မှာကိုး။ အဲလို အသေးစိတ်ထိ လုပ်ဖို့လိုပြီတဲ့။
မြစ်ဆုံဒမ်ရဲ့ ဆိုးကျိုးကို အစိုးရတွေက ချမပြ။ အင်ဂျင်နီယာက ဘယ်တော့မှ မပေါက်ကွဲမဲ့စက်ရုံပါလို့ ကြွားလုံးထုတ်ခဲ့တဲ့ ဆိုဗီယက်က ချာနိုဘိုင်းဓာတ်ပေါင်းဖို ပေါက်ကွဲတုန်းကလဲ အစိုးရက ဖုံးကွယ်ခဲ့လို့ အတိုင်းအဆမဲ့ဆိုးကျိုးတွေ အဆက်မပြတ်ခံစားနေရ။ အစိုရတိုင်းက ဖုံးဖို့ဖိဖို့ ကြိးစားကြမှာဘဲတဲ့။ ဒါ သူတို့အကျင့်ဖြစ်နေသတဲ့။ မသိတာရဲ့ ထိခိုက်မှုဟာ အကန့်အသတ်မဲ့တယ်။ သိရင် တခုခုလုပ်နိုင်မှာသေချာတယ်တဲ့။ နာဂစ်မှာ စစ်အစိုးရက ဖုံးဖိခဲ့လို့ မသေသင့်ဘဲ သေသွားရသူအများကြီး။ နောက်ဆက်တွဲဆိုးကျိုးက အကန့်အသတ်မဲ့တုန်း။ နာဂစ်ဟာ မြန်မာ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို လူ့အသက်ပေါင်းသိန်းဂဏန်းကျော်နဲ့ သက်သေပြထားပြီး။ ရာသီပျက်နေဘီ။

တရုတ်စီမံကိန်းက လူထုကို စောင့်ရှောက်မယ့်ဟာမပါ။ သားငါးရှားလာ။ သစ်ပင်မပေါက်တဲ့နေရာ များလာ။ ဟေလာဝါလာ ပြည်မြန်မာ။