မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၂)
မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၂) အပိုင်း (၁၂)
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၉
● ကျိုင်းတုံ
ရှမ်းအရှေ့အတွက် လက်လှမ်းမှီသည့် သမိုင်းကို ပြန်ကြည့်လျင် ကျိုင်းတုံကို ဗဟိုပြုသော အုပ်ချုပ်ရေးတခု၊ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းတခုပေါ်ထွက်လာခဲ့သည်မှစ၍ အကြမ်းပြင်းခြေရာကောက်ကြည့်လိုပါသည်။ လက်ရှိ ရှမ်းအရှေ့ဟုဆိုကြသော ယနေ့ခေတ် အုပ်ချုပ်ရေးအရ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်တို့အားစိုးမိုးသည့် ကျိုင်းတုံနယ်မြေကို သမိုင်း မှတ်တမ်းများအရ ၁၁၃၄ ခုနှစ်မှ ၁၂၂၉ ထိ ဝ ခေါ် လဝများက ကြီးစိုးခဲ့သည်ဟု ဆိုပါသည်။ ထို ဝ များသည် ယနေ့ ကျိုင်း တုံမြောက်ဖက်ရှိ ဝ များဖြစ်သည်/ သို့မဟုတ် လွ ခေါ် လဝ များဖြစ်သည်ဟု အငြင်းပွါးများရှိသော်လည်း ကျိုင်းတုံ နယ် မြေအား အစောဆုံးကြီးစိုးခဲ့သည်မှာ ရှမ်းများမဟုတ်သည်ကတော့ အငြင်းပွါးဖွယ်ရာမရှိပေ။
၁၃ ရာစု ထိုင်းမြောက်ပိုင်း လန်နာမင်းဆက် ဖရားမန်ရိုင်း (ဗယ မာန်ရဲ ) လက်ထက်မှာ ကျိုင်းတုံနယ်မြေက ဝ သူလျှို အချို့ မွေးမြူကာ ကျိုင်းတုံဒေသအား သိမ်းပိုက်ခဲ့ပြီး ဝ တို့အားမောင်းထုတ်ကာ ရှမ်းတို့ အုပ်ချုပ်ရေး အစပြုခဲ့သည်ဆိုသည်။ ထို့ကြောင့်လည်း ကျိုင်းတုံအားရှမ်းစော်ဘွားအုပ်ချုပ် ရေးဦးစွာစတင်ခဲ့သော မာန်ကုန်( ၁၂၄၃-၁၂၄၇)နှင့် မာန်ကျိန်(၁၂၄၇-၁၂၅၃) တို့သည် ဝ လူမျိုးများဖြစ်ပြီး ဝ တို့အားတိုက်ထုတ်ရန် ဖရားမန်ရိုင်း မွေးမြူခဲ့သော သူလျှိုများဖြစ်သည်ဟု ဆိုသည်။ ထို ၂ ဦးလွန်သောအခါ ကျိုင်းတုံ ရှမ်းစော်ဘွား မျိုးဆက်အား ဖရားမန်ရိုင်း၏သားဖြစ်သူ စဝ်နမ်တောန် ကအေဒီ ၁၂၅၃ မှ ၁၂၆၄ ထိ ကျိုင်းတုံစော်ဘွားအဖြစ် ဆောင်ရွက် ကျိုင်းတုံစော်ဘွားဆက်ကို စတင်လိုက်ပါသည်။
ကျိုင်းတုံဖြစ်လာမည့်နေရာသည် စိမ့်စမ်းအားကြီး၍ လူနေ၍မရ၊ နောက် ဝ လူမျိုးများရောက်လာပြီး မြောင်းသွယ်ထုတ်၍ ရေများခမ်းခြောက်ပြီး လူနေ၍ ရသည်။ ထို့နောက် ဝ များလက်ထဲက ကျိုင်းတုံအား ယွန်းနှင့် ဂုံတို့က တိုက်ခိုက်ယူသည်ဟု ဆိုနိုင်သည်ဟု ဒေါက်တာသန်းထွန်း၏ နယ်လှည့်ရာဇဝင်တွင်ဖေါ်ပြထားသည်။
ထို့ကြောင့်လည်း ကျိုင်းတုံစော်ဘွားဆက်များ နန်းသိမ်းပွဲပြု လုပ်ရာတွင် ပထမ ဝ လူမျိုး ၂ ယောက်ကို နန်းတွင်းထဲခေါ်ယူ၍ ကောင်းစွာဧည့်ခံကျွေးမွေးရသည်။ စားသောက်နေဆဲ ဂုံအမျိုးသားတို့ အတင်းဝင်လာပြီး ဝ များကို ခြောက်လှန့် မောင်းထုတ် ရသည်။ ပြီးမှ နန်းအိမ်နှင့်တကွ တိုင်းပြည်ကို ရဟန်းတော်များအား အပ်နှံရသည်။ ရဟန်းတော်များက ဒကာတဦးကို လွှဲလို ကြောင်းပြောပြီး စော်ဘွားဖြစ်မည့်သူကို အုပ်ချုပ်ရေးတာဝန်ပြန်လွှဲလိုက်ပါသည်။ ထို့ကြောင့် ကျိုင်းတုံဒေသသည် မူလ ဝ များလက်မှ ၁၂၄၃ ခုနှစ်မှစ၍ ရှမ်းတို့ တိုက်ယူခဲ့ပြီး ၁၂၅၃ ခုနှစ်မှစ၍ ဂုံရှမ်းစော်ဘွားဆက် စတင်ခဲ့သည်ဟု ဆိုရပါမည်။
ကျိုင်းတုံစော်ဘွားအုပ်ချုပ်မှုစတင်သည်နှင့် ခေတ်ပြိုင်ဟုဆိုနိုင်သည့် ကျိုင်းတုံ (ကျင်းတုံ) ၏အရှေ့တောင်ဖက်ရှိ ချင်းရိုင်း (ကျင်းရိုင်း) နှင့် ကျိုင်းတုံ၏မြောက်ဖက်တွင် ကျင်းဟုန်တို့တွင်လည်း ရှမ်းစော်ဘွားအုပ်ချုပ်ရေးများရှိသည်။ သုံးပွင့်ဆိုင် ရှမ်း တို့၏အုပ်ချုပ်ရေးဒေသသည် ယခုအခါ ကျိုင်းတုံသည် မြန်မာပြည်တွင်း၌၎င်း၊ ချင်းရိုင်း၊ ချင်းမိုင်သည် ထိုင်းနိုင်ငံတွင်၌၎င်း၊ ကျင်းဟုန်၊ ဆစ်ဆောင်ပဏ္ဍားသည် တရုတ်ပြည်တွင်၌၎င်း တည်ရှိသည်။ ကျိုင်းတုံရှိရှမ်းများကို ဂုံရှမ်းဟု၎င်း၊ ချင်းရိုင်းရှိရှိ ရှမ်း များကို ယွန်းရှမ်းဟု၎င်း၊ ကျင်းဟုန်ရှိရှမ်းများကို လိရှမ်းဟု၎င်း ခေါ်ဆိုကြသည်။ ယနေ့ကာလ မြန်မာ၊ ထိုင်းနှင့်တရုတ် သုံးပွင့်ဆိုင်ဒေသရှိ တောင်တန်းများကြားရှိ မြေသြဇာကြွယ်ဝသော တောင်ကြားလွင်ပြင်ဒေသများတွင် ရှမ်းစော်ဘွားအုပ်ချုပ်သောနယ်များသည် ၁၂ /၁၃ ရာစုတွင် အပြိုင်းအရိုင်း ပေါ်ထွက်လာခဲ့သည်။
၁၂၅၃ ခုနှစ်သော ကျိုင်းတုံစော်ဘွားဆက်သည် နှစ်တရာကျော်အကြာ ၁၃၆၀ ခန့်တွင် မင်းမဲ့တိုင်းပြည်ခေတ္တဖြစ်သွားပြီးမှ အဆက်အနွယ်ရင်း ဖယုစော်ဘွားဖြစ်လာပြီး တည်ငြိမ်အောင် ထိမ်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ သူ၏ခေတ်တွင် ဟော်နန်း အသစ်ဆောက်ခြင်း မြို့ရိုးအသစ်ဖို့ပြီး ခိုင်ခန့်အောင်လုပ်ခြင်း၊ ရှေးထုံးစံအတိုင်း ရဟန်းသံဃာအားအပ်ပြီးမှ စော်ဘွားက ကိုယ်စားလည်အဖြစ် အုပ်ချုပ်ခြင်းတို့ပြုပြီး မြို့သည် ပြန်လည်စည်ကားလာခဲ့သည်ဟုဆိုသည်။ ၉ ဆက်မြောက် စော်ဘွား ဖြစ်သည့် ဆောန်လာက်ဆဲန်ပိုင် ( ၁၃၉၆ - ၁၄၁၀) လက်ထက်တွင် ကျိုင်းတုံသည် မကြုံစဖူး စည်ကားတိုးတက်လာ သည် ဟု ဆိုပါသည်။
ပုဂံခေတ်ကျောက်စာအရ ပုဂံဘုရင်ပိုင်နက် အရှေ့ဖက်နယ်နမိတ်သည်သံလွင်မြစ်ဟု ဆိုပေရာ ကျိုင်းတုံခေတ်ဦးကာလတွင် မြန်မာဘုရင် သြဇာမသက်ရောက်သောကာလဟုဆိုရမည်။
၁၁ ဆက်မြောက် စော်ဘွားဖြစ်သူ ဗယကျော်မတု ခေါ် စဝ်ယိခမ် (၁၄၁၀-၁၄၁၆) တွင် မှတ်သားဘွယ်အချက် ၃ ချက်ကို တွေ့ရသည်ဟု ဆိုပါသည်။ ပထမအချက်မှ ထိုင်းမှ ကျိုင်းတုံဒေသသို့ ဗုဒ္ဓသာသနာပြုများ ရောက်ရှိလာခြင်း၊ ဒုတိယအချက်မှာ ဒေသတွင်း မိုးခေါင်၍ နမ့်ခင်မြစ်ကမ်းတွင်လဟု ဖါးနတ်ပူဇော်ပွဲပြုလုပ်မှ မိုးအကြီးအကျယ်ရွာ၍ နှစ်စဉ် ဖားပွဲဟု ဖြစ်ပေါ် လာခြင်းနှင့် တတိယအချက် တရုတ်ပြည်မှ ကန်တော့လက်ဆောင်တောင်းခံလာရာ မငြင်းသင့်ဟုယူဆ၍ ပေးပို့ခြင်းတို့ဖြစ် သည်။
၁၈ ဆက်မြောက် စော်ဘွားဖြစ်သူ စဝ်ဆဲပေါမ် ( ၁၅၂၃-၁၅၂၄) လက်ထက် ဇင်းမယ်ကဝင်တိုက်၍ တရုတ်ပြည်တွင်းသို့ စော်ဘွားထွက်ပြေးရသည်။ ၂၁ ဆက်မြောက်စော်ဘွား ဗယကျောက်ယွတ်ဖရနိန္ဒ (၁၅၂၄-၁၅၆၀) ပြည်ရွာ ပြန်လည် ငြိမ်သက်၍ စည်ကားလာသည်။ ထိုင်း၊ တရုတ်တို့နှင့် ယဉ်ကျေးမှု ကူးလူးပျံ့နှံ့ခဲ့သည်။ မြန်မာနှင့်လည်း ပို၍ရင်းနှီးလာသည်။ ၁၅၅၇ ခုနှစ် ကတည်းက ကျိုင်းတုံသည် မြန်မာနှင့် ပူးပေါင်းပြီးဖြစ်သည်ဟုဆိုသည်။ ဟံသာဝတီ ဆင်ဖြူများရှင် (၁၅၅၁-၁၅၈၁) သည် ၁၅၅၈ ခုနှစ် အရှေ့တလွှားအား တိုက်ခိုက်သိမ်းပိုက်ရာတွင် ဇင်းမယ်ထိပေါက်ရောက်သည်ကို တွေ့ရသည်။
၁၅၅၉ ခုနှစ်တွင် ကျိုင်းတုံစော်ဘွားကိုယ်တိုင် မြန်မာမင်းနန်းတော်သို့ ရောက်ရှိရာ အရေးတယူ ဧည့်ခံပြုစုခြင်းခံရပြီး ပိဋ ကတ်သုံးပုံတစုံ လက်ဆောင်ရခဲ့သည်ဟုဆိုသည်။ ၂၂ ဆက်မြောက်စော်ဘွားအဖြစ် ကျောက်ဘွန်နမ် ခေါ် စဝ်မောန်ခ( ၁၅၆၀-၁၅၉၈) ကဆက်ခံသည်။ မြန်မာ-ထိုင်းအရေး အခင်းဖြစ်၍ ၁၅၆၄ ခုနှစ် တိုက်ပွဲများ ပေါ်ပေါက်လာသောအခါ ကျိုင်း တုံ ဆင် ၁၀၀၊ မြင်း ၁၀၀၀ ၊ လူအင်အား ၁၀၀၀၀ မြန်မာမင်းအား ကူညီခဲ့သည်ဟုဆိုသည်။ ထိုသို့ကူညီခြင်းကြောင့် မြန်မာက ကျိုင်းတုံအား များစွာမြှောက်စားခဲ့သည်ဟုဆိုသည်။
● ကျိုင်းတုံခေတ်ဦးမှတ်စု
အထက်ပါအကြောင်းအချက်များမှာ ဒေါက်တာသန်းထွန်း၏ နယ်လှဲ့ရာဇဝင်တွင် ဖေါ်ပြထားသော သမိုင်းအချက်အလက် များဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါသမိုင်းအချက်များမှ ၁၅၆၄ ခုနှစ်ထိ ကျိုင်းတုံဒေသအုပ်ချုပ်ရေးအား သုံးသပ်ပါက အောက်ပါ အချက်များတွေ့ရပါသည်။
၁။ ကျိုင်းတုံနေရာဒေသတွင် ကနဦးတွင် ဝ ခေါ် လဝ တို့ စတင်အခြေစိုက်နေထိုင်ခဲ့ကြသည်။
၂။ အေဒီ ၁၂၄၃ ခုနှစ်မှစ၍ ဝ တို့အားတိုက်ထုတ်၍ ရှမ်းလူမျိုးများ စတင်အခြေစိုက်နေထိုင်လာခဲ့ကြသည်။ အဆိုပါရှမ်းတို့ သည် ချင်းရိုင်းဒေသမှ ဖရားမန်ရိုင်း၏ အဆက်အနွယ်များဖြစ်ခဲ့ကြသည်။ ကျိုင်းတုံဒေသ (ယနေ့ မြန်မာပြည်) ၌ ဂုံရှမ်း၊ ဇင်း မယ်ဒေသ (ယနေ့ ထိုင်းနိုင်ငံ) ယွန်းရှမ်း၊ ကျင်းဟုန်ဒေသ (ယနေ့ တရုတ်နိုင်ငံ) တို့၌ လိရှမ်းဟူသော ရှမ်းမျိုးနွယ် စော်ဘွားအုပ်ချုပ်မှုများ ခေတ်ပြိုင်ပေါ်ထွက်လာခဲ့သည်။
၃။ အေဒီ ၁၂၅၃ တွင် ဖရားမန်ရိုင်း၏သား စဝ်နမ်တောန်မှအစပြု ကျိုင်းတုံစော်ဘွား အုပ်ချုပ်ရေးပေါ်ထွက်လာသည်။ ၁၉၅၉ ခုနှစ် မြန်မာပြည်စော်ဘွားများ အာဏာစွန့်လွှတ်ရသည့် ကျိုင်းတုံစော်ဘွား စဝ်ဆိုင်လုံထိ စော်ဘွားဆက် ၄၀ ရှိသည်ဟု ဆို ပါသည်။
၄။ ကျိုင်းတုံ ရှမ်းစော်ဘွားတို့ အုပ်ချုပ်ရေးတွင် တွေ့ရသည်မှာ နန်းအိမ်နှင့် တိုင်းပြည်အား ရဟန်းတော်များအား လွှဲအပ်၍ ရဟန်းတော်များကိုယ်စား စော်ဘွားအား အာဏာပြန်လွှဲအပ်အုပ်ချုပ်စေသည်ဖြစ်ရာ သံဃာများ၏ အခန်းကြီးမားသည်ဟု ဆိုနိုင်သည်။
၅။ ခေတ်ဦးစော်ဘွားများတွင် ၈ ဆက်မြောက်စော်ဘွား စဝ်ဆိုင်အောန် (၁၃၇၇ - ၉၆) သည် လူထုအားမတရားနှိပ်စက်မှုများပြု၍ စော်ဘွားဖြစ်ပြီး ၁၉ နှစ်ကြာတွင် နယ်နှင်ခံရသည်ဟု ဆိုသည်။ ၁၇ ဆက်မြောက်စော်ဘွား စဝ်ဆဲကော (၁၅၂၀-၁၅၂၃) သည်လည်း ဓလေ့ထုံးစံနှင့်သာသနာအား ဖေါက်လွှဲ ဖေါက်ပြန်ပြု၍ ဈေးရပ်တွင် ကားစင်တင်၍ အသတ်ခံရသည်ဟု ဆို သည်။ သို့ဖြစ်ရာ ခေတ်ဦးပိုင်းတွင် စော်ဘွားတို့အား လူထု၏ထိန်းကျောင်းမှုကြီးမားသည်ဟု ဆိုရမည်။
၆။ ၁၁ ဆက်မြောက် စော်ဘွား စဝ်ဟီခမ် (စဝ်ယိခမ်) ( ၁၃၉၆-၁၄၁၀) လက်ထက်တွင် ထိုင်းနိုင်ငံမှာ ဗုဒ္ဓသာသာနာပြုများ ကျိုင်းတုံဒေသသို့ ရောက်ရှိလာသည်။ ကျိုင်းတုံဒေသသို့ ဗုဒ္ဓသာသနာသည် ထိုင်းနိုင်ငံမှ စတင်ဝင်ရောက်သည်ကို တွေ့ရသည်။ ၂၁ ဆက်မြောက်စော်ဘွား ဗယကျောက်ယွတ်ဖရနိန္ဒ (၁၅၂၄ - ၁၅၆၀) လက်ထက် ၁၅၅၉ ခုနှစ်တွင် မြန်မာ့ နန်းတော်မှ ဗုဒ္ဓဘာသာပိဋကတ်သုံးပုံအား ကျိုင်းတုံစော်ဘွားလက်ခံရရှိသည်။ ကျိုင်းတုံဒေသသို့ မြန်မာပြည်ဖက်မှ ဗုဒ္ဓဘာ သာဝင်ရောက်လာသည်မှာ ထိုင်းမှ ဝင်ရောက်လာသည်ထက် နှစ် ၁၅၀ ခန့် နောက်ကျသည်ကို တွေ့ရသည်။
၇။ ၁၁ ဆက်မြောက် စဝ်ဟိခမ် (၁၃၉၆-၁၄၁၀) လက်ထက်တွင် တရုတ်နိုင်ငံသို့ လက်ဆောင်ပဏ္ဍာ စတင်ပို့ဆောင်ရသည်။
၈။ ၁၈ ဆက်မြောက် စော်ဘွားဖြစ်သူ စဝ်ဆဲပေါမ် (၁၅၂၃-၂၄) လက်ထက်တွင် ဇင်းမယ်၏တိုက်ခိုက်မှုကြောင့် တရုတ်ပြည် သို့ စော်ဘွားထွက်ပြေးရသည်။
၉။၂၁ ဆက်မြောက်စော်ဘွား ဗယကျောက်ယွတ်ဖရနိန္ဒ (၁၅၂၄ - ၁၅၆၀) လက်ထက် ၁၅၅၇ ခန့်တွင် မြန်မာဘုရင် ဆင်ဖြူ များရှင် (၁၅၅၁-၁၅၈၁) နှင့် စတင်ပူးပေါင်းခဲ့သည်။ မြန်မာဘုရင်၏ နယ်ပယ်ချဲ့ထွင်မှု၊ ဇင်းမယ်၏ တိုက်ခိုက်မှု၊၊ တရုတ်တို့၏ လက်ဆောင်ပဏ္ဍာတောင်းခံမှုစသည့် အင်အား ြပိုင်ဆိုင်မှုများကြားတွင် ကျိုင်းတုံသည် မြန်မာနှင့် ပူးပေါင်းခဲ့သည်ကို တွေ့ ရသည်။
၈။ ၂၂ ဆက်မြောက် စော်ဘွားဖြစ်သူ ကျောက်ဘွန်နမ်ခေါ် စဝ်မောန်ခ (၁၅၆၀ -၁၅၉၈) လက်ထက် ၁၅၆၄ ခုနှစ်တွင် ဇင်း မယ်အား တိုက်ခိုက်သည့် မြန်မာဘုရင်အား ကျိုင်းတုံစော်ဘွားက ဆင် ၁၀၀၊ မြင်း ၁၀၀ ၊ လူ ၁၀၀၀၀ ပေးပို့ကူညီခဲ့သည်။
၉။ ၁၂၄၃ ခုနှစ်မှ စတင်၍ သမိုင်းတင်လာခဲ့သော ကျိုင်းတုံသည် နှစ် ၃၀၀ ခန့် လွတ်လပ်သော နယ်ပယ်တခုအနေဖြင့် ရပ် တည်လာခဲ့သော်လည်း အင်အားကြီးမား၍ နယ်ပယ်ချဲ့ထွင်လာကြသည့် တရုတ်၊ ထိုင်း၊ မြန်မာ့ ပဒေသရာဇ်နိုင်ငံများကြား ရှင်သန်ရန် ရုန်းကန်ခဲ့ရာမှ ၁၅၅၇ ခုနှစ်ခန့်မှစ၍ မြန်မာနှင့် ပူးပေါင်းခဲ့သည်ကို တွေ့ရသည်။ သို့သော် ကနဦးအစောပိုင်းတွင် မြန်မာဘုရင်၏ လက်အောက်ခံနယ်ပယ်ဆိုသည်ထက် အစောင့်အရှောက်ခံနယ်ပယ်ဖြစ်သည်ဟုဆိုရပါမည်။
၁၀။ ကျိုင်းတုံ စတင်ဝင်ရောက်အခြေစိုက်သည့် ရှမ်းများသည် မူလက ကျင်းရိုင်းဒေသမှ ယွန်းရှမ်းအဆက်အနွယ်များဖြစ်သော် လည်း နောက်ပိုင်းတွင် ကျိုင်းတုံဒေသ နမ့်ခင်ချောင်းဘေးတွင် နေထိုင်ကြ၍ "တိုင်းခင်" ဝါ ဂုံရှမ်းဟု ပြောင်းလဲခေါ်ဝေါ်ကြ သည်ဟု သုံးသပ်ရပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး