Breaking News

ခင်မျိုးချစ် - ဧရိပ်သာ အပိုင်း (၃)



ခင်မျိုးချစ် - ဧရိပ်သာ အပိုင်း (၃)

(အတွေးအမြင်၊ ဩဂုတ် ၂၀၁၉)
(မိုးမခ) ဩဂုတ် ၇၊ ၂၀၁၉

1960 Guardian Magazine တွင် ပါဝင်ခဲ့သော ဒေါ်ခင်မျိုးချစ်၏ Aye-Yeik-Tha ဆောင်းပါးများကို ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)က ဘာသာပြန်သည်။ အင်္ဂလိပ်ဘာသာ ဆောင်းပါးများ၏ အချို့အပိုင်းများကို ထင်လင်း၏ မြန်မာဘာသာ ဆောင်းပါးများကို ဒေါ်ခင်မျိုးချစ်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာ ဆောင်းပါးများ၏ အချို့အပိုင်းများ၏ မူရင်းမှာ ဆရာထင်လင်း၏ မြန်မာဘာသာ ဆောင်းပါးများ ဖြစ်သည်။ ထို့ကြောင့် မူရင်းဖြစ်သော ဆရာထင်လင်း၏ မြန်မာဘာသာ ဆောင်းပါးများကို ထည့်လျှင် ပိုမကောင်းပါလားဟု မေးစရာ ရှိပါသည်။ မှန်ပါသည်။ ပို၍ ကောင်းပါသည်။ သို့သော် ၎င်းတို့ကို ဘယ်မှာ ရှာရမှန်း မသိပါ။ ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်ဘာသာ ဆောင်းပါးများသာ လက်ထဲတွင် ရှိပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အိမ်ထဲကို ဝင်လျှင် သတိထားပါ။
(ထင်လင်း၏ ရေးသားချက်)

ကြမ်းပေါ်မှာ ခွေးကလေး နှစ်ကောင် ရှိသည်။ ဒါ့အပြင် ကြောင်ကြီးနှစ်ကောင်၊ ကြောင်သေးသေးလေးတွေ ခုနစ်ကောင်၊ ဒီတော့ အားလုံးပေါင်း အင်း… ပေါင်းလိုက်တော့ အဲသလောက် ရတယ်။ တိရစ္ဆာန် အရေအတွက်သည် လူဦးရေထက် များနေသည်။ ကျွန်တော့်ကလေးတွေကလည်း ဆူလွန်းသည့်အတွက် ဧည့်သည်တွေ ရှိလျှင် အိမ်ထဲမှာ နေမခိုင်းဘူး။ မောင်းထုတ်ရသည်။

ဒါတွေကို ကြည့်ပြီး ခေါင်းမူးသွားလျှင် အစ်မကြီး၏ မီးဖိုချောင်ကို ဆက်ကြည့်ပါ။ သူကတော့ ကြွားဝါပြီး ပြောသည်။ သူ့မီးဖိုချောင်သည် အမေရိကန်က မီးဖိုချောင်၏ပုံစံ ဖြစ်သည်။ နိုင်ငံခြား ရုပ်စုံမဂ္ဂဇင်းထဲက အတိုင်း ဆောက်ထားတာဟု ဆိုသည်။ တော်တော် အံ့ဩသွားမည် ဖြစ်သည်။ သူ့မီးဖိုချောင်ထဲက ပစ္စည်းများကို အမျိုးအမည် ခွဲခြား၍တော့ မသိပါ။ မြင်ရသည့်အတိုင်း ပြောရလျှင် ခွက်တွေ၊ ပုလင်းတွေ၊ ဘူးတွေ… လေးဆယ်လောက် ရှိသည်။ ပြီးတော့ ခြင်းတွေ၊ အိတ်တွေလည်း နံရံတွေပေါ်တွင် ချိတ်ထားသည်။ ဒီတော့ ဘာကိုမျှ ကိုင်ကြည့်ဖို့တော့ မကြိုးစားပါနဲ့။ ခွေးလေး အရွယ်လောက် ရှိသည့် ကြွက်ကြီး ထွက်လာနိုင်သည်။ စိတ်မခိုင်သောသူ၊ စိတ်ပျော့သောသူများ အထူးသတိပြုပါ။

အကယ်၍ ခံနိုင်ရည်ရှိဦးမည် ဆိုလျှင် ဧရိပ်သာ၏ အခြားအပိုင်းများကို ပြချင်ပါသည်။ ဘယ့်နှယ်လဲ… ခံနိုင်ရည် ရှိဦးမလား။ ဟောဟိုမှာ စားပွဲရှည်ကြီးကို တွေ့လား။ စားပွဲပေါ်မှာ မီးပူတိုက်နေသူမှာ ကျွန်တော့် ဇနီး ဖြစ်ပါသည်။ ဤစားပွဲသည် ကျွန်တော်တို့၏ ထမင်းစားပွဲ၊ တခါတရံ ညအိပ် ဧည့်သည်များ လာသည့်အခါတွင် ညအိပ်ခုတင်ကဲ့သို့ သုံးနိုင်သော စားပွဲလည်း ဖြစ်ပါသည်။ ဤကဲ့သို့သော စားပွဲတလုံးကို ပိုင်ဆိုင်ရခြင်းသည် ဂုဏ်ယူစရာ မဟုတ်ပါလား။

ထိုစားပွဲကြီး၏ဘေးတွင် စင်တခု ရှိသည်။ ထိုစင်သည် စာအုပ်စင်၊ အစားအသောက်များ ထားသော စင်၊ အလှကုန်ပစ္စည်းစင်နှင့် အစုံဖြစ်ပါသည်။ စင်၏အပေါ်ဆုံးတွင် စာအုပ်များ ရှိပါသည်။ စာအုပ်များ၏အပေါ် တွင် ယောက်ျားဆောင်းသော ဦးထုပ်နှစ်လုံး၊ သုံးလုံးလောက် ရှိပါသည်။ စာအုပ်တွေကတော့ နေရာအနှံ့ပါပဲ ဟု ဆိုရပါမည်။ ကျွန်တော်သည် ထိုစာအုပ်များ အားလုံးကိုတော့ နှံ့အောင် မဖတ်နိုင်ပါ။ ဟိုနား၊ ဒီနား၊ ဟိုတကြောင်း၊ ဒီတကြောင်း ဖတ်ဖြစ်ပါသည်။ စာအုပ်များသည် အစီအစဉ်မရှိ၊ ရှုပ်ပွနေပါသည်။

တအိမ်လုံး ရှုပ်ပွနေခြင်းသည် အဘယ်ကြောင့်ပါလဲ။ အကြောင်းတခုကို ပြောရလျှင် မိုးတွင်း ရောက်သောအခါ တွင် တအိမ်လုံးက ရွှဲစိုနေသည်။ ဟိုတကွက်၊ ဒီတကွက်လောက်ပဲ ကျန်သည်။ ထို့ကြောင့် အချို့ပစ္စည်းများကို တနေရာတည်းတွင် စုပုံထားရပါသည်။ ဖိနပ်အဟောင်းများ၊ တူ၊ ဝက်အူလှည့်၊ ဝက်အူ၊ သံများနှင့် ပစ္စည်းမျိုးစုံတို့ကို ဗီရိုအောက်ထဲတွင် ထိုးထည့်ထားရပါသည်။

ဧရိပ်သာတွင် အေးပါသည်။ မိုးတွင်း၏ လများတွင် ပို၍ပင် အေးပါသည်။ အကြောင်းမှာ ဧရိပ်သာသည် အခြားအိမ်များထက် ထူးခြားသည်မှာ အပြင်တွင် မိုးရွာသည့်အခါတိုင်း အိမ်ထဲတွင်လည်း ရွာခြင်း ဖြစ်သည်။ ဧရိပ်သာ၏ အမိုးများသည် သံဆန်ခါပေါက်များပမာ ဖြစ်နေပါသည်။ ထို့ကြောင့် မိုးရွာလျှင် တအိမ်လုံးသည် စိုရွှဲနေပါတော့သည်။ ထို့ကြောင့် မိုးရွာသော ညများတွင် မိသားစုအားလုံးသည် ထိုင်၍ စကားပြောနေကြ သည်။ တခါတရံတွင် မိုးတိတ်သွားသည့်တိုင်အောင် စကားများ ပြော၍ မကုန်သေးပါ။

ဤနည်းအတိုင်း တနှစ်ပတ်လုံး နေကြရပါသည်။ ညအချိန်တွင် မိုးရွာသည့်အခါ ကလေးများနှင့် ကြောင်ကလေးများအတွက် နေရာရှာပြီး သူတို့ အိပ်နေသည့်အပေါ်တွင် ထီးများ ဖွင့်၍ မိုးထားရပါသည်။ အိမ်တွင် ထီးနှစ်ချောင်းသာ ရှိပါသည်။ ထီးတချောင်းသည် ကိုင်းများ ကျိုးနေလေ့ရှိပါသည်။ စိုစွတ်သော အဝတ်များသည် အပေါ်မှ ရေစက်များ ကျနေပါသည်။

ဤသို့ဖြင့် မိုးတွင်း တနှစ် ကုန်သွားပါသည်။ မနှစ်တုန်းကတော့ မိုးကို အာခံပြီး နေခဲ့ကြသည်။ ယခုနှစ်တော့ မိုးကို ကာကွယ်ရန် တခုခု လုပ်ရန် တိုင်ပင်ကြသည်။ အားလုံးတွင် ပိုက်ဆံမရှိပါ။ ဒါကတော့ အမြဲတမ်း ဖြစ်နေသော အ‌ခြေအနေ ဖြစ်ပါသည်။ မဆန်းတော့ပါ။ နွေရာသီလများတွင် ကျွန်တော်တို့က ဘာမျှ စိတ်မပူပါ။ “တို့အိမ်က မိုးမယိုတော့ဘူးကွ” ဟူ၍ပင် ပြောနေကြသည်။ သို့သော် မိုးခြိမ်းသံများကို ပြန်လည်၍ ကြားရသောအခါ ကျွန်တော်တို့အားလုံး နိုးကြားလာကြပြန်ပါပြီ။ ကျွန်တော်က မေးလိုက်သည်။

“ကိုင်း… ဘယ်လိုလဲ၊ မနှစ်တုန်းကလိုပဲ ထိုင်ပြီး ဆန္ဒပြကြဦးမလား”

ကိုလတ်သည် သူ၏ ပါးစပ်ထဲ ငုံထားသော ဆေးပြင်းလိပ်ကြီးကို ထုတ်၍ ကောင်းကင်ကို လှမ်း၍ ကြည့်လိုက် သည်။ သူက ပြောလိုက်သည်။

“အင်း… ခဏလောက် စောင့်ကြည့်ရအောင်”

ဤသို့ ပြောပြီး ဆေးပြင်းလိပ်ကြီးကို သူ့နှုတ်ခမ်းကြား ပြန်ထည့်လိုက်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဒီနှစ်တွင် မိုးနတ်မင်း၏ အင်အားကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဤသို့နှင့် မိုးတွင်းသို့ ရောက်လာပြန်သည်။ ဧရိပ်သာ၏ ထုံးစံအတိုင်း အပြင်မှ မိုးရွာလျှင် အိမ်ထဲမှာလည်း ရွာသည်။ ညအခါတွင် ကျွန်တော်တို့သည် အိပ်ရာမှ ထပြီး ထောင့်တစ်နေရာတွင် ကွေး၍ ထိုင်နေကြသည်။ တနေ့တွင် ကျွန်တော်သည် ကိုလတ်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ဒီနှစ်တော့ ခေါင်မိုးကို ဖာကြရအောင်”

“ဘာနဲ့ အမိုးကို ဖာမှာလဲ”

“ဓနိ၊ ဝါး… စသည်ပေါ့”

“မဖြစ်ဘူး၊ မဖြစ်ဘူး။ ငါတို့နဲ့ မလှမ်းမကမ်း အိမ်က ဘာနဲ့ ခေါင်မိုး ဖာသလဲ မေးကြည့်ပါလား”

“သူတို့ ကတ္တရာလိပ်တွေ ဝယ်တာ တွေ့တယ်”

“ဒါလည်း ကောင်းသားပဲ။ ဘယ်လောက် ကုန်သလဲ”

“တလိပ်ကို ဆယ်နှစ်ကျပ်”

“အေး… ဈေးလည်း ပေါတယ်ကွ၊ လက်သမားကို တို့ ခေါင်မိုးအတွက် ဘယ်နှလိပ် ကုန်မလဲ မေးကြည့်မယ်။ ပြီးတော့ ကတ္တရာတွေ ဝယ်တာပေါ့”

“ကိုင်း… မင်းမှာ ပိုက်ဆံရှိလား”

“မရှိဘူး”

“မင်း ဟိုနေ့က ရှုမဝမဂ္ဂဇင်းတိုက်က ပိုက်ဆံသွားထုတ်တာ မရခဲ့ဘူးလား”

“မရခဲ့ဘူး။ သူတို့က သူတို့ဆရာ ရှုမဝဦးကျော် အိပ်နေလို့ နောက်နှစ်ရက် ကြာမှ လာခဲ့ပါတဲ့”

“ဟာ… သူတို့ဆရာက နှစ်ရက်တောင် အိပ်မှာလားကွ”

“ဒါတော့ မသိဘူး”

ကျွန်တော်သည် ဆေးပေါ့လိပ် တလိပ်ကို မီးညှိဖို့ ကြိုးစားသည်။ ဆေးလိပ်သည် ရေစိုနေ၍ မအောင်မြင်ပါ။ ကျွန်တော် စိတ်ပျက်စွာဖြင့် ဆေးလိပ်ကို လွှင့်ပစ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ခေါင်မိုးပြင်ဖို့အတွက် ပိုက်ဆံတော့ ရှာရတော့မည်။

နောက်နေ့တွင် ကိုလတ်သည် ခန့်မှန်းခြေကို တွက်ပြသည်။ ကတ္တရာလိပ် လေးလိပ် ဆိုလျှင် အိပ်ခန်းကို မိုးနိုင်မည်။ ကျန်သည့်အပိုင်းကိုတော့ ထားလိုက်ပါ။ နောက်နေ့တွင် ကျွန်တော်တို့သည် ကိုလတ်၏ မိတ်ဆွေ ကိုစိုးမြင့်ထံမှ ဂျစ်ကား ငှား၍ ဆိုင်ကို သွားကြသည်။ လမ်းကျမှ ကိုလတ်က မေးသည်။

“မင်းမှာ ပိုက်ဆံ ပါရဲ့လား”

ထိုအခါကျမှ အလွန် မရှိမဖြစ် လိုအပ်သောအရာကို သတိရသည်။ ကျွန်တော်သည် ပူထူသွားပြီး အင်္ကျီအိတ်ထဲ စမ်းကြည့်လိုက်သည်။ ပြီးတော့မှ ဖြေလိုက်သည်။

“ပါပါတယ်”

ဟု သူဌေးကြီး၏ အမူအရာဖြင့် ဖြေလိုက်သည်။ အိတ်ထဲတွင် ငွေတရာတန် တချပ်ကို စမ်းမိသောကြောင့် ဖြစ်သည်။

ကျွန်တော်သည် ငွေတရာတန် တရွက်ကို အိတ်ထဲ ထည့်ပြီး ရှိမှန်းတောင် သတိမရဘဲ လျှောက်သွားတတ်သူပါလား။ ဒီတော့ သိပ်မဆိုးဘူးပေါ့။ ဒီရာတန် ဘယ်ကရသလဲ စဉ်းစားကြည့်လိုက်တော့ ကျွန်တော့်ယောက်ဖဆီက ဖြစ်ပါသည်။ သူသည် အညာမှာနေရင်း သူ့အိမ် မီးလောင်၍ ရန်ကုန်ကို မီးဘေးဒုက္ခသည်အဖြစ် ရောက်လာခြင်း ဖြစ်သည်။ သူသည် ရှိစုမဲ့စုငွေနှင့် ပစ္စည်းများ သယ်လာပြီး ထိုငွေကို ကျွန်တော့်ထံ အပ်ထားပါသည်။ ဒီတော့ ဘာလုပ်သင့်သလဲ။ ဒီငွေကို သုံး၍ ယခု အလွန်လိုအပ်နေသော ကတ္တရာလိပ်များကို ဝယ်ရပါမည်။

တိုလိုမိုလီဆိုင်တွင် ကတ္တရာလိပ်များကို ကြည့်လိုက်သည်။ ကိုစိုးမြင့်သည် ကတ္တရာလိပ်များကို မယုံကြည်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ မယုံကြည်တာလည်း မမှားပါ။ ကတ္တရာလိပ်များသည် ကတ္တရာ အခဲကြီးများနှင့် တူသည်။