Breaking News

နောင်ကျော် - လွမ်းတာနဲ့ ဥပက္ခာ

Than Htay Maung

နောင်ကျော် - လွမ်းတာနဲ့ ဥပက္ခာ

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၉


ကျနော့် တယောက်ချင်းရဲ့ခံစားမှုကို ပြောရရင် အချစ် အလွမ်း ခံစားမှုဖွဲ့ သီချင်းတွေ ကဗျာတွေ ဝတ္ထုတွေကိုနှစ်သက်တယ်။"ဘယ်ဆီလွမ်းမိ တတ်မသိ "လို့ ဆရာဇော်ဂျီ ရေးခဲ့တဲ့ကဗျာတစလို။ ခံစားရ တမ်းတမ်းတတဖြစ်ရ လွမ်းရတာမျိုးကို သဘောကျခဲ့တယ်။ဒါပေမယ့် ဘယ်သူဘယ်ဝါရယ်လို့တော့ ရည်ရွယ် ရည်စူးပြီး လွမ်းမိတာမျိုး တော့ မဟုတ်ခဲ့။မာမာအေး တွံတေးသိန်းတန် ခိုင်ထူး ခင်မောင်တိုး စိုင်းထီးဆိုင် မွန်းအောင် စသဖြင့်ပေါ့။ သူတို့ သီချင်းအတော်များများလည်း ထောင်မကျခင်တုန်းက ကြိုက်ခဲ့တယ်။တခြားသီချင်းတွေလည်း ရှိသေးတယ်။ ထားတော့။

ထောင်ထဲရောက်ပြီး မန်းထောင်မှာ ဦးလှရွှေနဲ့အတော် ကြာကြာနေရင်း ရင်းနှီးလာတော့ သူ့ကို မေးမိတယ်။(ကျနော်က သူ့ကို ဆရာလို့ခေါ်တယ်။သူက ကျားကျောင်းမှာ ဆရာ လုပ်ခဲ့ဖူးတာကိုး။)သူက July 7 batch ကလေ။ ဆရာတို့မျိုးဆက်က ကြည်အေးရဲ့ စာတွေကို ကြိုက်ကြ သလား လို့ ။အဲ့ဒီတော့ သူက ချက်ချင်းဖြေတယ်။ ငါတို့ တတွေက ကြည်အေးစာတွေ ကဗျာတွေ ကြိုက်ကြတယ် တဲ့။ကြည်အေး ဆိုတာ အိတ်ဇစ်လို့ နာမည်တပ်ခံရတဲ့သူ။ ဦးလှရွှေတို့လို လူတွေက ကွန်မြူနစ်လို့ သတ်မှတ်ခံရသူ တွေလေ။၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီးနောက် မှာ ကွန်မြူနစ်ပါတီကို တောခိုခဲ့ကြသူတွေ။ အဲ့ခေတ်က ကျောင်းသားသမဂ္ဂမှာ ထင်ရှားခဲ့ကြတဲ့ ကိုဗဆွေလေး ကို သက် ကိုထွန်းကြည် အပါအဝင် ခေါင်းဆောင်အတော် များများဟာ ပါတီကို တောခိုခဲ့ပြီး တော်လှန်ရေးနယ်မြေမှာ ကျဆုံးသူတွေ အဖမ်းခံရသူတွေနဲ့ ဖြတ်သန်းခဲ့ကြတဲ့ မျိုးဆက်ပါ။ဒီလို စိတ်ဓာတ်အရ ယုံကြည်ချက်အရ ပြတ် သားခဲ့ကြသူတွေဟာ ကြည်အေးရဲ့စာတွေကိုလည်း နှစ်သက်ခဲ့ကြတာကို ကျနော် စိတ်ဝင်စားမိတယ်။ပြီးတော့ သူက သာမန်အခြေအနေတွေမှာ အလွမ်းသီချင်းတွေကို ဆိုညည်းလေ့ရှိတယ်။ကိုချစ်ဆွေ ကိုသန်းလှိုင် ကိုမင်းနောင် မောင်မောင်ကြီးအပါအဝင် သူတို့ခေတ်က နာမည်ကြီးခဲ့တဲ့အလွမ်းသီချင်းတွေ။

တကယ့်ဘဝဟာ ဝတ္ထုတွေထဲက "စံဇာတ်ကောင်"မျိုးမဟုတ်ဘူးဆိုတာရယ် တော်လှန်ရေးသမားတွေမှာ လူပီသတဲ့ခံစားမှုမျိုး ရှိတတ်ကြတယ်ဆိုတာရယ် ယုံကြည် ချက်ကို လုပ်တဲ့နေရာမှာ ပုဂ္ဂလိက ခံစားမှုကို နောက်တန်း နေရာမှာ ထားတတ်လေ့ကြတယ် ဆိုတာရယ် တဦးချင်းရဲ့ ဘဝမှာရှိတတ်ကြတဲ့ အချစ်တွေ အလွမ်းတွေ သံယောဇဉ် တွေကို ယုံကြည်ချက်ရဲ့လက်အောက်ခံဘဝမှာ ထားတတ် ကြတယ်ဆိုတာရယ်ကို ပြောချင်တာပါ။

ယုံကြည်ချက်မရှိဘဲ လွမ်းနေတတ်သူတွေကို အပြစ်မဆိုသလို ယုံကြည်ချက်ကို စာအုပ်ထဲကလို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း စံဇာတ်ကောင်လို ကျင့်သုံးတတ်တဲ့ လူ့ဂွစာမျိုးတွေကိုလည်း အထင်မကြီးတတ်ပါ။

ကိုယ်ကျင်လည် ရှင်သန်ရတဲ့ခေတ်မှာ မတရားမှု မမျှတမှု ဖိနှိပ်ချုပ်ချယ်မှုတွေကို တွေ့နေလျက်နဲ့ ဥပေက္ခာပြုနေတတ်သူတွေထဲ ကိုယ်မပါရင် တော်လှပါပြီ။

လူဆိုတော့ လွမ်းတာ ဆွေးတာ တမ်းတတာ သတိရတာ ခံစားမိတာ ဗရုတ်ကျမိတာတွေ ရှိတတ်မှာပေါ့။ ဒါပေမယ့် ခေတ်သမိုင်းရဲ့တာဝန်ကို ထမ်းရတဲ့အချိန်တွေမှာလည်း အလွမ်းပင်လယ်ထဲ ပက်လက်မျောပြီး ယက်ကန်ယက် ကန်နဲ့ ကိုယ်ကျင့်တရား"စံ"ကနေ သွေဖည်ပျက်စီးမသွားဖို့ပဲ လိုတယ် မဟုတ်ပါလား။

ကိုယ်ဖြတ်သန်းနေရတဲ့ခေတ်ကို လှမ်းကြည့်လိုက်မိတော့ မပြေလည်တာတွေ မမျှတတာတွေ ဖိနှိပ် နိုင်ကျင့်မှုတွေ က ဥပဒေတခုလို ပြဋ္ဌာန်းနေတုန်းပါပဲလား မိတ်ဆွေ။