နန္ဒအောင် - ဒီလူကတော့ ဒီလူပါပဲ
နန္ဒအောင်
(မိုးမခ) မေ ၂၇၊ ၂၀၂၂၆
အာဏာရနိုင်ငံရေးသမားတစ်ယောက်နဲ့ အတိုက်အခံနိုင်ငံရေးသမားတစ်ယောက် ဘာတွေကွာခြားသလဲ။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူညီကွဲပြားတဲ့စိတ်အခံရှိနေလို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှမတူညီနိုင်ပါ။ တစ်ယောက်နဲ့တစ်ယောက်ကို မနှိုင်းယှဥ်ကြည့်ခင်မှာပင် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ နေရာမျိုးစုံကနေ ကပြအသုံးတော်ခံသွားတဲ့ “ ဦးနု ” တစ်ယောက်တည်းကိုပဲကြည့်ပါ။ သခင်နိုင်ငံရေးသမား၊ ကိုလိုနီခေတ်က နိုင်ငံရေးအကျဥ်းသား၊ ဝန်ကြီးချူပ်၊လက်နက်ကိုင်တော်လှန်ရေးသမား စတဲ့ အာဏာရနဲ့ အတိုက်အခံအစွန်းနှစ်ဘက်ကို ကူးချည်သန်းချည်နှင့် ကူးခတ်နေတဲ့သူဖြစ်တယ်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ အစွန်းနှစ်ဘက်ကို ကူးချည်သန်းချည် ကူးခတ်ခဲ့တဲ့ဦးနုရဲ့ပုံရိပ်တွေကို မှန်ပြောင်းနဲ့ ခပ်ဝေးဝေးကနေလှမ်းကြည့်မိပါတယ်။
ဦးနုဟာ ဝန်ကြီးချူပ်အဖြစ် အာဏာရနိုင်ငံရေးသမားလည်း ဖြစ်ခဲ့ဖူးတယ်။ သခင်နိုင်ငံရေးသမား အဖြစ် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးသမား၊ ဦးနေဝင်းအုပ်ချူပ်တုန်းက `ပြည်ချစ်ပါတီ´ ထူထောင်ပြီး တောခိုကာ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ် အတိုက်အခံ နိုင်ငံရေးသမားနေရာကိုလည်း ရောက်ဖူးတယ်။
ဦးနုဟာ သခင်ဘဝတုန်းက မန္တလေးနန်းတွင်းအျကျဥ်းထောင်မှာ ဖမ်းဆီးခံရဖူးတယ်။ အဲဒီအချိန် အကျဥ်းသမားဘဝတုန်းက မန္တလေးထောင်ရဲ့အုတ်တံတိုင်းတွေကိုကြည့်ပြီး ကျော်ပြေးရင် လွတ်လောက်တယ်စဥ်းစားဖူးတယ်။ သူ ဝန်ကြီးချူပ်ဖြစ်တော့ အဲဒီအတွေးကိုအခြေခံပြီး မန္တလေးထောင်ရဲ့အုတ်တံတိုင်းတွေကို နှစ်ဆမြှင့်လိုက်တယ်လို့ဖတ်သားဖူးတယ်။ ဒါဟာ အတိုက်အခံနေရာကနေ အာဏာရှင်ဘဝရောက်သွားချိန်မှာ စဥ်းစားပုံ ဖြစ်တယ်။
ဦးနုဟာ သူဝန်ကြီးချူပ်တာဝန်ထမ်းဆောင်စဥ်က သူ့ရဲ့အတိုက်အခံတွေဖြစ်တဲ့ သခင်သန်းထွန်းတို့ကိုရည်ညွှန်းတဲ့ `သူပုန်ထတာ ကလေးကစားစရာမဟုတ်ဘူးလို့ ´တဖွဖွပြောဖူးတယ် ။ ဒါပေမဲ့ သူကိုယ် တိုင်အာဏာရှင်နဲ့ထိပ်တိုက်ရင်ဆိုင်လိုက်ရချိန်ရောက်တော့ ဦးနုကိုယ်တိုင် သူပုန်ထဖို့ဖြစ်လာခဲ့တယ်။ ဒါဟာ အာဏာရှင်ဘဝကနေ အတိုက်အခံဘက်ကိုကူးပြောင်းသွားချိန်က ဖြစ်တယ်။
မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နေရာစုံကနေ ကပြခဲ့တဲ့ဦးနုဟာ နိုင်ငံရေးကို ဘာသာရေးနဲ့ ရောထွေးပြီး လက်ခံထားတယ်လို့လည်း အများက သုံးသပ်ကြတယ်။ သိသာမြင်သာတဲ့အကြောင်းအရာက တော့ ဦးနုလက်ထက်မှာ အမဲသားစားခွင့်ပိတ်တယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ ဘာသာရေးကို နိုင်ငံရေးမှာပါ ရောထွေးလက်ခံကျင့်သုံးတဲ့ ဦးနုက ဒေးလ်ကာနက်ဂျီရဲ့ ‘ How to Make Friends and Influence People ’ ကို ‘ လူပေါ်လူဇော်လုပ်နည်း ’ ဆိုပြီး ဘာသာပြန်ခဲ့တယ်။ နောက်ပိုင်းမှာ ‘ မိတ္တဗလဋီကာ ’ လို့ နာမည်ပြောင်းခဲ့တယ်။
ဆရာမောင်သာနိုးကတော့ ဦးနုရဲ့ ‘ လူပေါ်လူဇော်လုပ်နည်း ’ ဘာသာပြန်စာအုပ်အကြောင်းကို အခုလိုဝေဖန်ရေးသားခဲ့တယ်။
“ ဗုဒ္ဓဘာသာကိုယ်ကျင့်တရားနဲ့ ကြီးပြင်းလာသူ၊ လူ့ယဉ်ကျေးမှုအစဉ်အလာတို့ကို လေ့လာထားလို့ တန်ဖိုးထားတတ်သူတို့က ဒီစာအုပ်ကိုနှာခေါင်းရှုံ့ကြပါတယ်။ သီလမမြဲသူ၊ တရားနဲ့ ဝေးသူ၊ ပိုက်ဆံရရင် ဘာမဆိုအကုန်လုပ်မယ်ဆိုသူတို့ကပဲ အလွတ်ကျက်ခဲ့ကြ၊ ဒေးလ်ကာနက်ဂျီ အဆိုအမိန့်အတိုင်း ကျင့်ကြံနေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ”
( ဒေးလ်ကာနက်ဂျီရဲ့ သားတပည့်များ ဆောင်းပါးမှ )
ဆရာမောင်သာနိုးတော့ လူပေါ်လူဇော်လုပ်နည်းစာအုပ်ထဲက သဘောတရားတွေကို ဘာသာရေးအမြင်ကနေကြည့်ရှုပြီး ဝေဖန်ရေးသားခဲ့တာပါ။ နိုင်ငံရေးမှာ ဘာသာရေးတွေရောထွေးပေါင်းစပ်ပြီး လက်ခံခဲ့တဲ့ဦးနုက ဘာသာပြန်ရေးတော့ ‘ လူပေါ်လူဇော် လုပ်နည်း ’ ကိုဘာသာပြန်ခဲ့တယ်။
အဲဒီအဖြစ်အပျက်တွေကိုကြည့်ရင် လူကတော့ ဦးနုတစ်ယောက်တည်းပါပဲ။ ဒီလူက ဒီလူပါပဲ။ မတူညီကွဲပြားတဲ့နေရာတွေရောက်သွားရင် လူတစ်ယောက်ရဲ့စဥ်းစားပုံ၊ လုပ်ဆောင်ပုံတွေဟာ မတူညီတော့ပါ။
စာရေးသူစိတ်ဝင်စားမိတာက လူတစ်ဦးတစ်ယောက်ဟာ နေရာအပေါ်မူတည်ပြီး ဘာလို့အတွေး အမြင်တွေပြောင်းလဲသွားတာလဲ။ သူ့ရဲ့ပင်ကိုယ်ဗီဇ စိတ်ကြောင့်လား၊ သူလက်ခံထားတဲ့ အိုင်ဒီအိုလိုဂျီကြောင့်လား။ ပတ်ဝန်းကျင်နေရာကပဲ သူ့ပင်ကိုယ်ဗီဇစိတ်ကို လွှမ်းမိုးသွားတာလား၊ အိုင်ဒီအိုလိုဂျီကို ဖုံးကွယ်သွားတာလား ဆိုတာကိုပါ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
