Breaking News

ကိုစိန်းလမ်း (သုံးခွ) ● နေရောင်ခြည်လည်း ဝင်းပစေ

ကိုစိန်းလမ်း (သုံးခွ) ● နေရောင်ခြည်လည်း ဝင်းပစေ
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၉

အိမ်ရှေ့မှာ... စိတ်မချမ်းသာ 
အိမ်နောက်လှည့်ကြည့် 
စိတ်နောက်ကျိ ရှုပ်ပွေ။ 
နားမခံသာ 
အသူရာနဲ့သိကြား
နေရာများမှားသလား 
သတ်ကွင်းထဲမှာ 
လည်စင်းခံနေကြရ 
ဘဝကအခါခါသေ
မြေစာပင်တွေ တစ်စစီ။ 

ကြိမ်မီးအုံးနှလုံးသားနဲ့ 
ဘဝရဲ့တန်ဖိုးကိုမတွက်ချက်နိုင်တော့
ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ 
လူ့ပြည်က အပ်တစ်စင်း 
ဒီနေရာမှာ ဆုံရလေခြင်း။ 

တရားသဘောတွေရွတ်ဆိုကြ 
ဘဝကတိုတိုလေးတဲ့.. 
တိုတိုလေးဆိုတဲ့ဘဝမှာ 
ဒုက္ခတွေက မိုင်ပေါင်းကုဋေ 
ဝဋ်ကြွေးတွေက မပြေနိုင်။ 

ညီမလေးရေ.. 
အားခဲထားကွဲ့ 
ဗုံးခိုကျင်းထဲကထွက်ရတဲ့အခါ 
ငါတို့တွေ
နေစာလှုံကြရအောင် 
ဟို ခပ်ဝေးဝေးက
မြင်နေရတဲ့ 
ဝင်းကနဲ လက်ကနဲဟာ
နေရောင်ခြည်သာဖြစ်ပါစေ။ ။ 

ကိုစိမ်းလန်း (သုံးခွ)
၃၁၊ ၈၊ ၂၀၁၉