Breaking News

သားကြီးမောင်ဇေယျ ● မငြိမ်းချမ်းလို့ မဖြစ်ဘူး

သားကြီးမောင်ဇေယျ ● မငြိမ်းချမ်းလို့ မဖြစ်ဘူး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၉

မငြိမ်းချမ်းလို့ မဖြစ်ဘူး...မငြိမ်းချမ်းလို့ မဖြစ်ဘူး  ... သီချင်းသံက ကျနော်စီးလာတဲ့ကားကလေးထဲမှာ လှိုင်းထနေပါတယ်။
ကျနော်နဲ့ ရန်ကုန်ကသတင်းထောက်တွေ လွယ်ကော်မြို့မှာကျင်းပမယ့် မငြိမ်းချမ်းလို့မဖြစ်ဘူး သီချင်းဂုဏ်ပြုပွဲကို သွားနေ ကြတာပါ။ ဒီပွဲလေးဟာ ဘယ်အစိုးရ ဘယ်နိုင်ငံရေးပါတီ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းရဲ့ဖိအားမပါပဲ ငြိမ်းချမ်းရေး လိုလားတဲ့ လူငယ်တွေ ဘာသာပေါင်းစုံအဖွဲ့တွေက ကြီးမှူးကျင်းပခဲ့တာပါ။ ဒါပေမယ့် ဒီပွဲကို လက်နက်ကိုင်တွေကလည်း မဆန့်ကျင်သလို အစိုးရကလည်း အသိအမှတ်ပြုလိုက်တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးသမား ကယန်းလူငယ်တွေရဲ့ ဖြူစင်တဲ့ စိတ်စေတနာ သိမ်မွေ့ထက်မြက်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကျင်းပခွင့်ရခဲ့တာလို့ ပြောရမှာပါ။

နောက်တရက် စက်တင်ဘာ (၁) ရက်နေ့ လွယ်ကော်မြို့နယ်ခန်းမမှာတော့ မြို့ပေါ်နဲ့ ကျေးလက် လူငယ် လူလတ် လူကြီး တွေ အဆောက်အဦ လျှံထွက်သည့်အထိ လူပေါင်း သောင်းနဲ့ချီ တက်ရောက်လာတာတွေ့ရပါတယ်။ ပွဲကျင်းပဖို့ အားကြိုး မာန်တက် ဆောင်ရွက်နေတဲ့ လူလတ်ပိုင်းတစ်ယောက်ကတော့ “ကျေးလက်ကလူတွေ ဒီပွဲတက်ဖို့ တိုင်းရင်းသား လက်နက် ကိုင်တွေက စိတ်ပါ လက်ပါ ခွင့်ပြုခဲ့တယ်” လို့ ဆိုပါတယ်။

မျက်လုံးကြောင်တောင်တောင်နဲ့ ကလေးငယ်လေးရယ် ....လောကကြီးအကြောင်း ကို မသိသေးချိန်
ပုခက်တွင်းမှ ဆင်းလို့ မြေကြီးပေါ်နင်းတာနဲ့ .... စစ်တလင်းက ကြိုနေသလားကွယ် ....

ကယန်းအမျိုးသမီးအဆိုတော်ကလေး နော်ဂူဂူးရဲ့ အက်ကွဲဆို့နစ်တဲ့အသံဟာ လှိုင်းထနေတဲ့ နောက်ခံတယောသံတွေနဲ့ အတူ လွယ်ကော်လူထုရဲ့ရင်ကို တဝုန်းဝုန်း ရိုက်ခတ်နေပါတယ်။ ဒီလိုခံစားမှုမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်က အင်း စိန်ထောင်ထဲမှာ ကျနော်တို့ ခံစားခဲ့ရဘူးပါတယ်။ အဲဒီတုန်းက ကျောင်းသားတွေဆိုတဲ့သီချင်းက ပန်းတိုင်းပွင့်ပါစေ သီချင်းပါ။ ရုပ်ရှင်မင်းသား မြတ်လေး ရေးစပ်သီဆိုခဲ့တာပါ။ အဲဒီတုန်းကတော့ ကျောင်းသားတွေသီချင်းဆိုတဲ့အခါ ထောင်နံ ရံတွေက အလိုက်တသိ ဟာမိုနီလိုက်လို့ပေါ့။ အဲဒီတုန်းက အသံကွဲကွဲနဲ့ သံပြိုင်လိုက်ဆိုတဲ့သူက ကွယ်လွန်သွားတဲ့ ကယား ပြည်သစ်ပါတီက ဗိုလ်မှူးစောလွင်ပါ။ အဲဒီတုန်းက သူဟာ အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားဆိုးကလေး တစ်ယောက်ပေါ့။ သူသာ ဒီလို အခန်းအနားမျိုး တက်ရောက်ခွင့်ရရင် သူမျက်နှာ ဘယ်လိုများနေမလဲလို့ တွေးကြည့်မိပေမယ့် သူရဲ့ အဓိပ္ပါယ်ဖေါ်ရခက်တဲ့ မှုံဝါးဝါး အပြုံးကလေးသာ ပေါ်လာပါတယ်။

မငြိမ်းချမ်းတော့ပြီလား မရိုးသားခြင်းတွေကြား ... မေတ္တာတရားတွေ ခန်းခြောက်သွားကာ ...
လုံးပါးပါးတော့မှာလား ကွဲပြားခြင်းတွေနဲ့သာ အဆုံးသတ်တော့မလား တိုင်းပြည်မဲ့လူမျိုးဘဝကို တွန်းပို့ကြတော့မလား ...


စင်ပေါ်ကပိတ်ကားမှာ မျက်ရည်စက်လက်နဲ့ ကလေးငယ်တွေ၊ ကြေကွဲမိခင်တွေ၊ ယိမ်းယိုင်ပြေးလွှားနေတဲ့ အဖွားအို၊ ပြည် တွင်းစစ်ရဲ့ ပုံရိပ်တွေ တခုပြီးတခု ပေါ်လာ။ တယောသံက တဝုန်းဝုန်းတိုက်ခတ်နေ။

လောဘ ဒေါသ နဲ့ မရိုးသားမှုတွေ မင်းမူ၊ ကွဲပြားမှုတွေ ကြီးစိုး။ ပြည်သူတွေကတော့ ပြည်တွင်းစစ်ကြောင့် ပြေးရင်း လွှားရင်း ဝေးမြေရပ်ခြား ထိရောက်ခဲ့ရ။ တိုင်းမဲ့ ပြည်မဲ့ လူမျိုးဘဝကို တွန်းပို့ခံနေရ။ သီချင်းသံနဲ့ ရုပ်ပုံတွေက အခန်းအနားတက်ရောက် သူအားလုံးကို အသက်ရှုဖို့ မေ့လျှော့သွားတဲ့အထိ စစ်ပွဲတွေကြားကို ဆွဲခေါ်သွားပါတယ်။

‘ပြည်တွင်းစစ် စဖြစ်ခါစက တနှစ် နှစ်နှစ်လောက်အတွင်း ပြီးသွားမယ်လို့ထင်ခဲ့ကြတယ်။ ခုတော့ စစ်ကြီးကရှည်သွားပြီ’ တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခေါင်းဆောင်တွေနဲ့ အနီးကပ်နေခဲ့တဲ့ ကဗျာဆရာကြီးဒဂုန်တာရာ ပြောစကားကို ပြန်လည်ကြား ယောင်မိပြန်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြည်တွင်းစစ်ကြီးဟာ နှစ်ခုနှစ်ဆယ် ရှိခဲ့ပါပြီ။ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ပါပြီ။
ဦးနေဝင်း စစ်အစိုးရလက်ထက် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ကြတဲ့ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ အနုပညာသည်တွေဟာ ထောင်တွေ၊ ကျွန်းတွေဆီကို အံကြိတ်ရင်း ရောက်ခဲ့ကြပါတယ်။

၁၉၇၄ ဦးသန့်အရေးအခင်းမှာ ကျွန်တော်တို့နဲ့ ရင်းနှီးခဲ့ကြတဲ့ထောင် အဆောင်မှူး အဘသောင်ရဲ့ပြောစကားအရ ငြိမ်းချမ်း ရေးတောင်းဆိုလို့ ထောင်ထဲရောက်လာတဲ့သူတွေများလွန်းလို့ ညဖက် ထောင်အဆောင်တံခါးကို ဖွင့်ပေးထားရတယ်လို့ ဆိုပါတယ်။

စစ်ဘုရင်ငယ်ကလေးတွေ၊ စစ်ဘုရင်ကြီးတွေ မှိုလိုပေါက်လို့ ကြီးနိုင်ငယ်ညှဉ်း စစ်ယဉ်ကျေးမှုတွေ ထွန်းကားနေဆဲပါ။ စစ်ပွဲ တွေကြောင့် စစ်စရိတ်တွေ မြင့်တက်ခဲ့ရသလို ကျန်းမာရေး လူမှုရေး ပညာရေး စရိတ်တွေ ခန်းခြောက်ခဲ့ရပါတယ်။ စစ်နဲ့ စီးပွားဖြစ်သူတွေက စစ်မီးကို လောင်စာတွေ ထည့်ပေးနေကြဆဲပါ။ စစ်ပွဲ စီးပွားရေးတွေလည်း အမြစ်တွယ်နေဆဲပါ။ လူတွေ လည်း စစ်ပွဲတွေနဲ့ အတူ မီးလောင်တဲ့တုံးငုတ်တိုပမာ မွဲပြာခဲ့ရပါပြီ။ ပြည်သူတွေကတော့ စစ်နွံနစ်လို့ စစ်ကျွန်ဘဝက မရုန်း ထွက်နိုင်သေးပါ။

‘ စစ်တကယ်တိုက်နေရတဲ့ အောက်ခြေစစ်သည်တွေက ငြိမ်းချမ်းရေး ကိုလိုချင်နေပါတယ်. ဒါပေမယ့် အကျိုးစီးပွားဖြစ်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ငြိမ်းချမ်းရေးမရဖို့ သြဇာအာဏာသုံးပြီး နည်းမျိုးစုံနဲ့ ကြိုးပမ်းနေကြလို့ ခုလို စစ်ပွဲတွေက တာ ရှည်နေတာပါ’ လို့ ကယန်းအနုပညာသည်လေးတစ်ယောက်က ကျွန်တော့်ကိုပြောလာပါတယ်။

မငြိမ်းချမ်းလိုကို မဖြစ်ဘူး မငြိမ်းချမ်းလိုမဖြစ်ဘူးနော် ....
အသွေးထဲ အသားထဲ နှစ်လုံးသားထဲ စွဲမှတ်ယူလို့ ...
နှလုံးသွေးနဲ့ရေးတဲ့ ကဗျာလေးများ မျက်ရည်များနဲ့ ရေးခြယ်ပန်းချီကား
ငိုညည်းသံနဲ့ ဆိုတဲ့ သီချင်းတွေ အဆုံးသတ်ခွင့်ကို ပေးပါ ... အိုး …

ကယန်းလူငယ်လေး သစ်လွင်အောင် (လွယ်ကော်) ရေးတဲ့ မငြိမ်းချမ်းလို့ မဖြစ်ဘူးနော် သီချင်းကလေး။ ကယားပြည်နယ် အပြန်လမ်းတလျှောက် ကျွန်တော်တို့ကားပေါ်မှာတော့ ရင်ကွဲသံတွေ လှိုင်းထလို့နေပါတယ်။ ဒီသီချင်းသံလေးဟာ တော အုပ်တွေ၊ ရေပြင်ကျယ်တွေ၊ တိမ်ပင်လယ်တွေ ဖြတ်သန်းပြီး မြန်မာပြည် တနံတလျှားက ပြည်သူတွေရင်ထဲကို ရိုက်ခတ်လာ နေပါပြီ။

မငြိမ်းချမ်းလို့ မဖြစ်ဘူး .... မငြိမ်းချမ်းလို့ မဖြစ်ဘူး …

သားကြီးမောင်ဇေယျ
၄- ၉- ၂၀၁၉