Breaking News

လင်းသစ်နီ ● အဝေးရောက် တနင်္ဂနွေကို လွမ်းစရာစိတ်နဲ့ ပဲ့တင်

လင်းသစ်နီ ● အဝေးရောက် တနင်္ဂနွေကို လွမ်းစရာစိတ်နဲ့ ပဲ့တင်
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၉

မှားယွင်းနေတဲ့ တစ်စုံတစ်ရာဟာ
မင်းလက်ကလေး ကိုင်ထားချင်တဲ့ စိတ်မှာ ငြီးငွေ့အတိတ်နဲ့

ဘုရားမတယ် ပြောရင် အပိုဘဲ ဖြစ်မယ်
ဥုံဖွလုပ်ပြီး မန်းမှုတ်ထားတဲ့ ဘဝက
"စ”တိုးလောင်းဖို့
ကျနော့်ကို လက်ဖျောက်တီးခေါ်တယ်

ကျနော် ပျော်နေတယ် ပြောရင်
အမှားဘဲ ဖြစ်မှာ
မနက်ဖြန်ရောက်မှ တွေးရမဲ့ အကြောင်းကို
ဘာလို့ ဓားနဲ့ ထစ်ထားမိလဲ
လိုက်ကာကို ဆွဲဖွင့်ကြည့်တော့
လွင့်နေတဲ့ အသံမှာ သစ်ရွက်လေးတွေတောင် ကြွေလို့

အစာအိမ်ရဲ့ ရုပ်ဝတ္ထုကို
ဆူးတွေနဲ့ ထုဆစ်မိတာ အမှားလား

ဂျင်းဘောင်းဘီအဟောင်းနွမ်းလေးနဲ့
အိမ်ပြန်ရောက်လာတဲ့ တရားမှာ
လမ်းတွေက
လေထဲ ဝင်းမှဲ့နေလို့
ခူးဆွတ်ချင်စရာ။    ။

လင်းသစ်နီ