မြန်မာ့အရေး အဆုံးအဖြတ်က မိမိတို့လက်ဝယ်မှာသာ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၄ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၂၃
မြန်မာ့အရေး အဆုံးအဖြတ်က မိမိတို့လက်ဝယ်မှာသာ
မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခ ဆိုတဲ့စကားလုံးတွေက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတကာသတင်းတွေထဲ တွေ့မြင်နေကျ စကားလုံးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်သူအဖို့တောင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းဆိုတဲ့ စကားလုံးကို မကြာခဏ သတင်းတွေထဲ ကြားနေရသလို နေ့စဥ်ဘဝတွေမှာလည်း ပစ်ခတ်မှုဖြစ်တာ၊ ဗုံးကွဲတာ၊ ကျေးရွာတွေမှာ မနေနိုင်ပဲ မကြာခဏထွက်ပြေးတိမ်းရှောင်ကြရတာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ကိုင် ခုခံသူ၊ အားပေးထောက်ခံသူ စွပ်စွဲချက်နဲ့ ကျေးရွာတွေမှာ နေရာမှာတင် စစ်မေးခြင်းမရှိ ပစ်သတ်ခံရတာတွေ နေ့စဥ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ငွေကြေး အနည်းငယ်ချောင်လည်တဲ့သူတွေက မြို့တွေကို ထွက်ပြေးတိမ်းရှောင်ပြီး နေထိုင်ကြတာတွေလည်း များပြားလာနေတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ၊ ကချင် နဲ့ ချင်းပြည်နယ်တွေမှာ စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအဖို့ မိမိတို့ ကျေးရွာတွေမှာ ပြေးလိုက်၊ ပြန်လာလိုက် တိမ်းရှောင်နေကြရတာ၊ နယ်စပ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်တာ၊ သို့မဟုတ် မြို့ပေါ် အချိန်ကာလတခု တိမ်းရှောင်ခြင်းဖြင့် အသက်ဘေးက လွတ်ဖို့ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။
ခုရက်ပိုင်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ကြီးရဲ့ အစည်းအဝေး ကျင်းပချိန်မှာ ကြားနေကျရဆုံး စကားလုံးတွေကတော့ အာဆီယံမူ ၅ ချက်၊ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ NUG စတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ တနည်းအားဖြင့် မြေပြင်မှာ နေ့စဥ် တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်၊ ထွက်ပြေး တိမ်းရှောင်နေကြရစဥ် အသက်တွေဆုံးရှုံးနေရတဲ့ အချိန်မှာ ဒီအရေးကို ဝိုင်းဝန်းအဖြေရှာကြဖို့ အာဆီယံနိုင်ငံက ခေါင်းဆောင်တွေက ဆွေးနွေးပွဲ စကားဝိုင်းမှာ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တနှစ်မှာ အနည်းဆုံး ၂ ကြိမ်ခန့်ကျင်းပလေ့ရှိတဲ့ အာဆီယံနိုင်ငံများရဲ့ အစည်းအဝေး၊ ညီလာခံ စတဲ့အစည်းအဝေးတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့ ဘာတွေ အဖြေ ထွက်မလဲလို့ မျှော်လင့်မှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အခု တကြိမ် အာဆီယံနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာလည်း အလားတူ မြန်မာ့အရေး နဲ့ ပတ်သက်လို့ မူ ၅ ချက်ကို ဘယ်လို အကောင်အထည်ဖော်ဖို့ ဖိအားပေးမလဲ ဆိုတဲ့ မျှော်လင့်ချက်၊ ထိုင်းနိုင်ငံရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားမှု စတာတွေက အကောင်းဘက် ရလဒ် ထွက်ဖို့ မျှော်လင့်စရာများရှိမလားဆိုပြီး နားစွင့်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း၊ စစ်အာဏာသိမ်းမှုအကျိုးဆက် စီးပွားရေး ပိတ်ဆို့မှု၊ တလွဲစီမံခန့်ခွဲမှု၊ စစ်စရိတ်ကုန်ကျမှုကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းလာတဲ့ ဒဏ်တွေအကြားက လူထုတွေအနေနဲ့ နိုင်ငံတကာက စစ်ကောင်စီကို ဘယ်လို ဖိအားထပ်ပေးနိုင်မလဲ၊ သို့မဟုတ် တော်လှန်ရေးအဖွဲ့တွေကို လက်တွေ့ ရုပ်ဝတ္တုပစ္စည်းတွေ ကူညီပြီး ထောက်ခံလာတော့မလား စသဖြင့် ဖြစ်စေချင်တဲ့ ဆန္ဒ၊ အတွေးထဲရှိတာတွေနဲ့ နားစွင့်ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းမှာ အားကောင်းကောင်းနဲ့ ပြောဆိုပေးနေတဲ့ စစ်ကောင်စီကို ဒဏ်ခတ်မှုတွေ တခုပြီးတခု ချမှတ်နေတဲ့ အမေရိကန်ပြည်ထောင်စုက ခုတကြိမ် ဘာများထပ်မံ အရေးယူတာတွေ ရှိမလဲလို့ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေက မျှော်လင့်ကြပေမယ့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံရဲ့ ဆောင်ရွက်မှုကို ဆက်လက်ထောက်ခံမယ်လို့ အာဆီယံ လက်ထဲ ထပ်လွှဲခဲ့တာ ဖြစ်ပါတယ်။
ယမန်နှစ်ကုန်ပိုင်းက အတည်ပြုထားတဲ့ အမျိုးသားကာကွယ်ရေးဥပဒေထဲက မြန်မာ့ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ကူညီမယ့် လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေလည်း ပေးအပ်မှု မစတင်နိုင်သေးတာတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာ့အရေးထက်ကို အရှေ့တောင်အာရှမှာ တရုတ်နဲ့ နိုင်ငံအချို့ရဲ့ ပင်လယ်ရေပိုင်နက် ကိစ္စ၊ ထိုင်ဝမ်ကျွန်းအရေးတို့က အမေရိကန် ပြည်ထောင်စုအတွက် ပိုပြီးအရေးကြီးတာကြောင့် မြန်မာ့အရေးက စိတ်ဓာတ်ရေးအရ အပြည့်အဝ အားပေးထောက်ခံပေမယ့်လည်း တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံအရေးမှာ ကိုယ်တိုင်ကိုယ်ကျ အကူအညီပေးတာ၊ ပါဝင်တာမျိုးမဟုတ်တာလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့လည်း ၄င်းရဲ့ သံတမန်ခင်း ဆက်သွယ်စကားပြောမှုပေါင်း ဆွေးနွေးမှုပေါင်း ပြီးခဲ့တဲ့ ၆ လကျော်ကာလအတွင်း အကြိမ် ၁၁၀ လောက်ရှိခဲ့တယ်လို့ဆိုပြီး ဘာရလဒ်ရလာပြီလဲ ဆိုတာနဲ့ပတ်သက်လို့တော့ ထုတ်ဖေါ်ပြောဆိုတာမရှိခဲ့ပါဘူး။
မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ရှုပ်ထွေးတယ်၊ အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့ ပြေလည်သွားနိုင်ဖို့ မျှော်လင့်ဖို့ မဖြစ်နိုင်တဲ့ သဘော၊ လတ်တလော အကြမ်းဖက်မှုတွေ ရပ်တန့်အောင်၊ ပြီးနောက်မှာ စားပွဲဝိုင်းမှာ နိုင်ငံရေး ပြဿနာတွေ ဆက်လက်ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့က လတ်တလော ထားရမယ့် ရည်မှန်းချက် သဘောမျိုးကိုလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယခုတကြိမ်မတိုင်ခင် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်လာခဲ့ရင် ဒုက္ခသည်ထောင် သောင်းချီကို ယာယီ အနေနဲ့ အချိန်အကန့်အသတ် တခုအနေနဲ့ လက်ခံနေရာပေးထား ရသလို၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ကာ နိုင်ငံရေးအရ ဝင်ရောက်ခိုလှုံလာသူတွေ နဲ့ နယ်စပ်အနီးတလျှောက် တိုက်ပွဲတွေ ဖြစ်ပွားတိုင်း ၄င်းတို့နိုင်ငံဘက်ကို ကျရောက်လာနိုင်တဲ့ လက်နက်ကြီးကျည်၊ လေကြောင်းဖြတ်ကျော်ဝင်ရောက်ပျံသန်းမှုမျိုးတွေကို စိုးရိမ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ တဖက်မှာလည်း စစ်ဗိုလ်ချုပ်တွေ သြဇာရှိတဲ့ နိုင်ငံရေးနယ်ပယ်၊ လွှတ်တော်၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဘုရင့်ဂိုဏ်းသားတွေကို အရေးကြီးတဲ့နေရာတွေမှာ ရှိနေအောင် လုပ်ထားတဲ့ထိုင်း နိုင်ငံရေးစနစ်အောက်မှာ မြန်မာစစ်အာဏာသိမ်း ကောင်စီကို စစ်ဗိုလ်ချုပ်တွေအချင်းချင်း အနေနဲ့ စာနာနားလည်ပေးပုံရပြီး တဖက်မှာတော့ အနောက်နိုင်ငံ မဟာမိတ်တွေနဲ့ မျက်နှာမပျက်စေဖို့ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို ကိုင်တွယ်ရာမှာ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတချို့ကို လိုက်နာ ကျင့်သုံးနေခဲ့တာ ဖြစ်ပါတယ်။
ချုပ်ပြောရရင် အာဆီယံ အစည်းအဝေးပြီးဆုံးသွားပြီးနောက် သုံးသပ်နိုင်တဲ့အချက်က မကြာခင် အချိန်တွေအတွင်း အာဆီယံရဲ့ ပိုမိုတင်းကျပ်တဲ့ ဖိအား၊ စစ်ကောင်စီကို တွန်းတွန်းတိုက်တိုက် ပြောဆိုနိုင်တဲ့အလားအလာမျိုး မမြင်တွေ့ရသလို အမေရိကန် အနေနဲ့လည်း အခြားသော ကမ္ဘာ့အရေးတွေက မြန်မာနိုင်ငံအရေးထက်ပို အရေးကြီးတယ်လို့ ယူဆနေတာကြောင့် မြန်မာ့အရေးက မိမိတို့ ပြည်တွင်းက အင်အားစုတွေရဲ့ အင်အား၊ နိုင်ငံရေး နားလည်အသုံးချနိုင်မှုတွေပေါ်မှာသာ အဓိကမူတည်မှာဖြစ်ပြီး နိုင်ငံတကာကို စည်းရုံးရေးထက် ပြည်တွင်းက မိမိတို့ရဲ့အင်အားစုတွေကို စည်းရုံခြင်းက ပိုပြီးအရေးပါတယ်လို့ ရှုမြင်မိပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar