Breaking News

သားကြီးမောင်ဇေယျ - တသိမ့်သိမ့် ဧရာဝတီ

(ကာတွန်းစောငို ၏ ၂၀၁၄ တုန်းက ကာတွန်းပါ)


သားကြီးမောင်ဇေယျ  - တသိမ့်သိမ့် ဧရာဝတီ

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၉
မီဒီယာကောင်စီဝင်တွေ မြစ်ကြီးနားကို ရောက် ပါပြီ။

မဏ္ဍိုင် သုံးရပ်နဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာ တို့အကြား ဆက္ဆံရေးချောမွေဖို့ မီဒီယာကောင်စီက ဘာများလုပ်ပေးနိုင်မလဲ။ နားစွင့်နေမိ။

မြစ်ဆုံအရေး၊ ကျောက်စိမ်းတူး ဖေါ်ရေး အပါအဝင် သယံဇာတ ပြသနာ ၊ မူယစ်ဆေးဝါးပြသနာ၊ တစ်ရှုးငပျောစိုက်ခင်းပြသနာ၊ လက်နက်ကိုင်တိုက်ပွဲများပြသနာ၊ တိုက်ပွဲရှောင် ပြည်သူတွေရဲ့ ပြသနာ၊ စတဲ့ တိုင်းပြည်အတွက် အရေးကြီးပြီး မြန်မာပြည်သူတွေ စိတ်ဝင်စားတဲ့ ပြသနာတွေကို ထိပ်တန်းတင်နေတဲ့ သတင်းမီဒီယာတွေ ။

စစ်အာဏာရှင် ဆီက ဆက်ခံခဲ့ရတဲ့ အမွေဆိုးတွေကို ထမ်းပိုးရင်း မောဟိုက်နေတဲ့ လက်ရှိအစိုးရ။

ဒီအဖွဲ့အစည်းနှစ်ရပ်တို့ရဲ့ ပွတ်တိုက်မှုတွေ က တခါလေ အသံတွေ ကျယ်လောင်လာလိုက်၊ တခါတလေ တိုးသွား လိုက် ။ တခါတလေ ဆူညံလာလိုက်။ တခါတလေ တိတ်သွားလိုက်။

သတင်းလည်း ရေး သေနတ်သံလည်း နားထောင် ၊ အသက်ကိုလည်း ဖက်နဲ့ထုပ်ထား ၊ အမှားတွေလည်း တင်ပြ ။ သတင်းဌာနတွေကပေးတဲ့ မဝရေစာ သတင်းရေးခ၊ အသပြာ နည်းနည်းနဲ့ အသက်ဆက်နေရတဲ့ သတင်းသမားတွေရဲ့ ဘဝ။ အဆိုးတွေပျောက်မသွားပဲ ကိုယ်အသက်ပျောက်မှာ စိုးရိမ်နေရတဲ့ အခြေအနေ။ သတင်းလွတ်လပ်ခွင့်တို့ သတင်းရယူခွင့်တို့၊ လူအခွင့်အရေးတို့ဆိုတာတွေက မြို့ကြီးပေါ်က သတင်း ပညာရှင်ကြီးတွေရဲ့ အသံ၊ ဟိုတယ်နံရံ့ကတဆင့် ရိုက်ခတ်လာတဲ့ ပဲ့တင်သံ ။ နယ်သတင်းထောက်တွေ အတွက်တော့ ရင်ခုန်သံ ။ ဒီလိုမဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲက သူတို့ သတင်းသမားတွေ မားမားမတ်မတ် ရပ် ကာ တင်ပြခွင့်ရတဲ့ နေရာကလေး တခု။ ဂုဏ်သိက္ခာရှိရှိ တင်ပြခွင့်ရတဲ့ အခွင့်အရေးကလေးတခု။ ဒီအခွင့်အရေးကို သူတို့ ထိုက်ထိုက်တန်တန် အသုံးပြုဖို့ ပြင်ဆင်ကြ။ တိုင်ပင်ကြ။ ဆွေးနွေးကြ။

“ကျွန်တော်တို့ ဝန်ကြီးချုပ်ကို တွေ့ဆုံမေးမြန်းခွင့်ရဖို့နေနေသာသာ ဝန်ကြီးချုပ်ကို တွေ့ခွင့်တောင်မရကြပါဘူး၊

တွေ့ခွင့်တောင်းတိုင်း ဝန်ကြီးချုပ် စာဖတ်နေတယ် မအားသေးပါဘူး ဆိုတဲ့ အကြောင်းပဲ ...

အောက်ခြေဝန်ထမ်းတွေက ပြောနေပါတယ်၊ ဝန်ကြီးချုပ် အသံမပါပဲ သတင်းလုပ်ရင် တဖက်သတ် အသံပဲဖြစ်နေတယ်။ တဖက်သတ် အသံနဲ့ သတင်းလုပ်ပြန်ရင်လည်း သတင်းက ဘက်လိုက်သလိုဖြစ်နေပြန်ရော၊“

“ကျနော်တို့က အစိုးရဘတ်ဂျက် တွေကိုသိချင်ပါတယ်။ အစိုးရက အခွန်ငွေတွေ ဘယ်လိုသုံးစွဲနေတယ်ဆိုတာ ပြည်သူတွေ သိအောင် ဖေါ်ပြချင်ပါတယ်။“

“လွတ်တော်ပြီးတိုင်း အနှစ်ချုပ် အချက်အလက်တွေကို မေးမြန်းချင်ပါတယ်။“

“တရားရုံးပရဝဏ်ထဲမှာ ဖြစ်ဖြစ် တရားရုံးအနီးတဝိုက်မှာ ဖြစ်ဖြစ် တရာစီရင်ရေးကို မထိခိုက်ဘူးဆိုရင် ဓါတ်ပုံရိုက်ခွင့် ရုပ်သံရိုက်ခွင့် တွေရချင်ပါတယ်။ ဒါမှ တရားစီရင်ရေးဟာ ဘယ်လောက် မှန်မှန် ကန်ကန် တရားစီရင်နေသလဲ၊ တရားမျှမျှတတ တရားစီရင်နေသလဲ ဆိုတာ ပြည်သူတွေကို တင်ပြနိုင်မှာ ဖြစ်ပါတယ်။“

အထက်ပါ အသံတွေကတော့ ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ ကျင်းပ တဲ့ မဏ္ဍိုင်လေးရပ် ဆွေးနွေး ပွဲ မတိုင်ခင်တရက် အကြို စက်တင်ဘာ ၂၉ ရက် နေ့မှာ သတင်းထောက်တွေ အချင်ချင်း ဆွေးနွေးနေတဲ့ အကြောင်းအရာတွေပါ။ တနည်းပြောရရင် သတင်းထောက်တွေ ဆီက ထွက်လာတဲ့ အသံတွေပါ။

အဲဒီနေ့မှာပဲ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ပါတ်သက်တဲ့ အကြောင်းတွေကို ဒေါ်အဲလိဇဘတ်နဲ့ ဦးဇော်မိုးထက် တို့က အစိုးရအဖွဲ့ ကို တင်ပြဖို့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ သတင်းထောက်တွေက တာဝန်ပေးလိုက်ပါတယ်။

အလားတူပါပဲ ဥပဒေပြုရေးမဏ္ဍိုင် နဲ့ ပါတ်သက်လို့ ဦးဝေဖြိုးအောင်၊ ဦးဟိန်းထက်အောင် တို့က တင်ပြဖို့ တာဝန်အပ်နှင်းခြင်းခံရပါတယ်။

တရားစီရင်ရေးနဲ့ ပါတ်သက်လို့ ဦးဂျာနော်၊ ဒေါ်ခင်မိမိမိုး တို့က တင်ပြဖို့ တာဝန်ယူ လိုက်ကြပါတယ်။

နောက်တစ်ရက် စက်တင်ဘာ ၃၀ ရက်နေ့ မှာတော့ အုပ်ချုပ်ရေးမဏ္ဍိုင် (အစိုးရအဖွဲ့ ) ၊ တရားရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ( လွှတ်တော်) ဆိုတဲ့ မဏ္ဍိုင် သုံးရပ်နဲ သတင်းမီဒီယာ မဏ္ဍိုင် တို့ တွေ့ဆုံတဲ့ ပွဲကလေးကျင်းပခဲ့ကြပါတယ်။ ဒီပွဲကလေးကို ဦးဆောင် ဖန်တည်းခဲ့တာကတော့ သတင်းမီဒီယာကောင်စီ ဖြစ်ပါတယ်။

သတင်းမီဒီယာ ဆိုတဲ့ မဏ္ဍိုင်ဟာ အခြားမဏ္ဍိုင် သုံးခု နဲ့ ပြည်သူတွေကို ချိတ်ဆက်ပေးရတဲ့ မဏ္ဍိုင်တခု လို့ နိုင်ငံတကာက အသိအမှတ်ပြုထားပါတယ်။ အဲဒါကြောင့် သတင်းမီဒီယာ မဏ္ဍိုင်နဲ့ အခြားမဏ္ဍိုင် သုံးရပ်တို့ ထိတွေ့ ဆက်ဆံရေးဟာ အလွန်အရေးပါ ပါတယ်။

မဏ္ဍိုင် သုံးရပ်နဲ့ သတင်းမီဒီယာ မဏ္ဍိုင် တို့ဟာ သဘာဝအားဖြင့်မတူတာကြောင့် ပွတ်တိုက်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အဲဒီပွတ်တိုက်မှုတွေဟာ ပြည်သူအများ တိုးတက်ဖွံဖြိုးရေးကို အကြောင်းခံတာကြောင့် ရန်ဖက်သဘောမဆောင်ပဲ မိတ်ဖက်သဘော ဆောင်လိုကြပါတယ်။ မဏ္ဍိုင်တခုနဲ့တခု အထောက်အပံ့ပြုရင်း တိုင်းပြည်ဖွံဖြိုးရေး အတွက် လက်တွဲ ဆောင်ရွက်ဖို့ ဆန္ဒဟာ အားလုံးရဲ့ ရင်ထဲမှာ ရှိနေပါတယ်။

အဂတိ တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးတွေ ရှင်သန်မှ မီဒီယာ ဖွံဖြိုးလာမှာပါ။ မီဒီယာဖွံဖြိုးလာမှ အဂတိ တိုက်ဖျက်ရေးတွေ အောင်မြင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးလည်း တည်ဆောက်နိုင်မယ်၊ အဲဒါမှ ဒီမိုကရေစီအရေး တွေ ရှင်သန်ဖွံဖြိုးလာမယ်ဆိုတာ သူတို့ သိနေကြပါတယ်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က သတင်းသမားတွေနဲ့ တွေ့ဆုံဖို့ သူဘက်က အချိန်ပေးမယ်၊ မေးစရာ ရှိရင်လည်း မေးမြန်းနိုင်ဖို့ သူ့က ဖိတ်ခေါ်ကြောင်း အပြုံးတွေနဲ့ အတူ ဖြေကြား ပေးခဲသလို ၊ ကချင်ပြည်နယ် လွှတ်တော် ဒု ဥက္ကဌ ဦးခန်းလင်း ကလည်း လွှတ်တော်ရဲ့ စည်းကမ်းနဲ့ ဥပဒေတွေကို အသိပေးရင်း သတင်းထောက်တွေနဲ့ ရင်းရင်းနှီးနှီး မကြာခဏ တွေ့ဆုံဖို့ လမ်းတွေ ဖွင့်ပေးလိုက်ပါတယ်။ အထူးသဖြင့် သတင်းသမားတွေ ဆက်သွယ်ရမယ့် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖုန်းနံပါတ်တွေကို ပေးသွားပါတယ်။

ကချင်ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာ ကလည်း မီဒီယာသမားတွေ အတွက် တရားရုံးလက်စွဲ စာအုပ်တွေ လိုသလောက် ပေးမယ်လို့ ပြောလိုက်ပါတယ်။

သူတို့ တယောက်နဲ့ တယောက် ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ကြပါပြီ။ သူတို့ တစ်ယောက်အခက် အခဲကို တစ်ယောက် နားလည်သဘောပေါက်ကာ တယောက်နဲ့ တစ်ယောက် အပြုံးချင်း ဆက်သွယ် နိုင်ကြပါပြီ။ ရင်ဘတ်ချင်းနီးဖို့ သူတို့ မကြာခဏတွေ့ဆုံခွင့်တွေ ရကြပါပြီ။

သူတို့ မြစ်ဆုံအရေး ပွင့်ပွင့်လင်းလင်း မေးခွင့်ရတော့မှာပါ။

ကျောက်စိမ်းတူးဖေါ်ရေးလုပ်ကွက်တွေ အကြောင်း ထဲထဲဝင်ဝင် သိခွင့်ရကြတော့မှာပါ။

လက်နက်ကိုင် တိုက်ပွဲတွေ အကြောင်း ဂဃနဏ အသိပေးခွင့်ရကြတော့မှာပါ။

မူးယစ်ဆေးဝါးတွေ ရဲ့ ကန့်လန့်ကာ နောက်ကွယ်က အကြောင်းတွေ ရေးသားနိုင်ကြတော့မှာပါ။

တစ်ရှုးငပျောစိုက်ကွင်းတွေအကြောင်း လုံးစေပတ်စေ့ ပြောပြနိုင်တော့မှာပါ။

တိုက်ပွဲရှောင်ပြည်သူတွေရဲ့ အကြောင်းလဲ စဉ်ဆက်မပြတ်ရေးသားနိုင်ကြတော့မှာပါ။

တရားသူကြီး လက်ဆောင်ရလိုက်တဲ့ ချိန်ခွင်ပျက်ကလေး အကြောင်းပြောရင်း သူတို့ အတူတူ ရယ်မော နိုင်ကြတော့မှာပါ။

သတင်းသမားတွေဟာ သတင်းမှန်ကန်ဖို့၊ တိကျဖို့၊ ဘက်မလိုက်ဖို့၊ မြန်ဆန်ဖို့ ဆိုတဲ့ ကျင်ဝတ်တွေ၊ ဦးတည်ချက်တွေ နဲ့ သတင်းတိုင်းကိုလည်း တာဝန်ယူမှု တာဝန်ခံမှု တွေနဲ့ လုပ်ကိုင်ကြသလို၊ အစိုးရအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားရေးဝန်ထမ်းတွေကလည်း တိုင်းပြည်တည်ငြိမ်ရေး ဖွံဖြိုးတိုးတက်ရေး၊ အတွက်တာဝန်ခံ ဆောင်ရွက်နေရသူတွေဖြစ်ပါတယ်။ သူတို့ ဟာ ရောက်နေတဲ့ နေရာချင်းမတူသလို ရှု့ထောင့်ချင်းမတူ ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ခေတ်ရေစီးနဲ့ အတူတူ တလူးလူး တလိမ့်လိမ့် လိုက်ပါခဲ့ရတာချင်းတော့တူပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ခေတ်ရေစီးနဲ့ အတူတူ လိုက်ပါရင်း အချင်းချင်း ပွတ်တိုက်မိတာတွေ ရှိပါတယ်။ အဲဒီလို ပွတ်တိုက်မှုတွေ ကြောင့်လဲ သူတို့ဘ၀ သူတို့ အတွေးအမြင်တွေဟာ လိမ့်နေတဲ့ ကျောက်ခဲလုံးကလေးတွေလို ရေညှိ မတက်ခဲ့ပါဘူး။

နောက်တစ်ရက် မနက်ခင်းမှာတော့ တည်းခိုခန်း အပေါ်ထပ်ကနေ ဧရာဝတီကို ငေးနေမိပါတယ်။

ငယ်ဘဝက ရေစီးအားပြင်း ပြင်း နဲ့ အခက်အခဲ ကျောက်ဆောင် တွေကို တိုက်ခိုက် ကျော်လွှား ခဲ့တဲ့ ဧရာဝတီ။

အရွယ်ရောက်လို့ ရင့်ကျက် လာတဲ့အခါ မိမိ တိုက်စားခဲ့တဲ့ မြေဆီမြေနှစ်တွေကို သယ်ဆောင်ပို့ချ ပြီး မြေသစ် ယာသစ်တွေတည်ဆောက်ပေး ရင်း ရှင်သန်စီးဆင်းနေတဲ့ ဧရာဝတီ။

ဧရာဝတီဟာ စံနမူနာ ကောင်းတခု အဖြစ် ကျွန်တော်တို့ နှလုံးသားထဲကို တသိမ့်သိမ့် စီးဝင်နေသံ ကြားနေမိပါပြီ။

သားကြီးမောင်ဇေယျ (၄-၁၀-၂၀၁၉)