Breaking News

ဖိုးသံ(လူထု) - "ကျနော်နဲ့ ဦးလေးဦးတင်အောင်"


ဖိုးသံ(လူထု) - "ကျနော်နဲ့ ဦးလေးဦးတင်အောင်"

(မာယာမဂ္ဂဇင်း အမေရိက၊ ၂၀၀၅)
မိုးမခ၊ အောက်တိုဘာ ၂၅၊ ၂၀၁၉

ကျနော့် စာဖတ်တတ်ကာစ ကာလတွေမှာ ကျနော်အဖတ်များဆုံး စာတွေက ရွှေဥဒေါင်း(စုံထောက် မောင်စံရှားစသည်)၊ ဒဂုန်ရွှေမျှား(အမ်ကြာရိုးစသည်)နဲ့ ဇဝန(ဆိုးပေစသည်) တို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကာလမှာကိုပဲ ကျနော်အလေးစား၊ အထင်အကြီးဆုံးစာရေးဆရာဟာ ဗန်းမော်တင်အောင်ပါ။ ကျနော် သူ့အကြောင်းကို စသိတဲ့အချိန်မှာ သူဟာ ထောင်ထဲရောက်နေပါပြီ။ သူပုန်ကြီး၊ ပြည်တော်သာ ခင်ခင်ဦး စတဲ့ဝတ္ထုတွေကြောင့် ဖြစ်ပါတယ်။ သူ့စာရဲ့ အရသာနဲ့ တန်ဘိုးကို မသိခင်ကတည်းက သူ့ရပ်တည်ချက်ကြောင့် လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။အဲဒီတုန်းက ကျနော့်ပတ်ဝန်းကျင်က လူကြီးတွေဟာ ကျနော်ဖတ်နေတဲ့ စာပေတွေအကြောင်း မဆွေးနွေး၊ မပြောဆိုကြပဲ ဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ သူ့အကြောင်းကိုပြောတာ မကြာခဏ ကြားရပါတယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း သူ့အမှုနဲ့ ပတ်သက်လို့ မကြာမကြာ ဖတ်နေရပါ တယ်။ သူ့စာအုပ်တွေ၊ အထူးသဖြင့် ဖဆပလအစိုးရက ပိတ်ပင်တဲ့ စာအုပ်တွေကို တခုတ်တရ စုံစမ်းစုဆောင်းတာတွေလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ကျနော့အနေနဲ့ အဲဒီစာအုပ်တွေကို နာမည်နဲ့လွမ်းခဲ့ရတာ အကြာကြီးပါ။နောက်တော့ မထင်မှတ်ပဲ ဦးလေးဗန်းမော်တင်အောင်ကို သွားတွေ့ပါတယ်။ နွေရာသီကျောင်း ပိတ်ရက်ကာလ တခုမှာပါ။ ဘယ်မှာလဲဆိုတော့ ရန်ကုန်ထောင်ကြီးအထဲမှာပါ။ ဘယ့်နှယ်၊ ၁၉၅၅ ခုလောက်အချိန်မှာ ကျနော်က အသက်ဘယ်နှနှစ် ရှိလိုမို့ ထောင်ထဲရောက်သွားရတာလဲလို့ မေးစရာရှိ ပါတယ်။ ဟုတ်ပါတယ်။ မဆလခေတ်နောက်ပိုင်းမှာ လူဖြစ်လာသူတွေအဖို့ လုံးဝနားမလည်စရာ ဖြစ်မှာပါ။

အဲဒီတုန်းက ကျနော့အဖေကို ဖဆပလအစိုးရက ပုဒ်မ(၅)နဲ့ ထောင်ထဲထည့်ထားတုန်း ကျနော်က သွားတွေ့ပါတယ်။ ကျနော့်အဖေဟာ ထောင်သားတွေအတွက် သာရေးနာရေး၊ ဘာသာရေးတွေမှာ၊ အကုန်လုပ်ကိုင်ပေးနေလို့ ထောင်အာဏာပိုင်များကလည်း သူ့ကို လေးစားပါတယ်။ ဒါနဲ့ ကျနော်သူ့ကို သွားတွေ့တဲ့အခါမှာ ထောင်အထဲ၊ အဆောင်အထဲထိ သွားတွေ့လို့ ရခဲ့ပါတယ်။ မနက်မှာ ဝင်သွား၊ ညနေထောင်မပိတ်ခင် ပြန်ထွက်လာ၊ အဲဒီအထဲမှာပဲ နေ့လည်စာစား၊ ကလေးဆိုတော့ နေချင်သလိုနေ၊ သွားချင်ရာကို သွားခွင့်ရခဲ့ပါတယ်။

ရန်ကုန်ထောင်ကြီးကို ၆၀ ခုနှစ်တဝိုက်လောက်မှာ ထောင်အဖြစ်ကနေ ကောက်ပဲသီးနှံဌာန ဆန်ဂို ဒေါင်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ နောက်တော့ ၇၀ ခုနှစ်များထဲမှာ ဖျက်ပစ်လိုက်ပါတယ်။ ဟိုတုန်းကတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ ပုဒ်မ (၅)နဲ့ ဆွဲတာ၊ စတာတွေကို အင်းစိန်ထောင်မှာ မထားလေ့ပါဘူး။ ရန်ကုန်ထောင်ကြီးထဲမှာ ထားလေ့ရှိပါတယ်။ ကျနော့်အဖေကို ပုဒ်မ(၅)အဆောင်လို့ ခေါ်တဲ့ အဆောင်ကြီးထဲမှာ ထားပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံရေးလောကသားတွေနဲ့ စာနယ်ဇင်း လောကသားတွေချည်းလို ဖြစ်နေပါတယ်။ အဲဒီတုန်းက ဘယ်သူတွေ ရှိတယ်ဆိုတာ ကျနော်အကုန် မသိခဲ့၊ မမှတ်မိခဲ့ပေမယ့်၊ တွေ့ခဲ့ သိခဲ့အထဲမှာတော့ နိုင်ငံရေးလောက ကဆိုရင် ဗကပက ဗိုလ်အုန်း မောင်၊ အလံနီက သခင်ဖေဌေး၊ ပြည်သူ့ရဲဘော်က ဗိုလ်ထိန်လင်း၊ စသူတွေ ရှိပါတယ်။ စာနယ်ဇင်း သမားတွေ အထဲကတော့ ကျနော့်အဖေအပါ ဦးလေးဗန်းမော်တင်အောင်၊ မောင်နေဝင်း(လူထု)၊ ရွှေဒါး၊ စသူတွေ ရှိပါတယ်။ ဒီမှာ တောထဲက မိလာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အမျိုးအမျိုးက လူတွေ အတော်များပါတယ်။ စစ်မော်တော်ယဉ်တစင်းကို မောင်းပြီးတောခိုလာတဲ့ ကွန်မြူနစ်ပါတီက ဗိုလ်ဖုန်း၊ ထောင်ထဲမှာကျသွားတဲ့ တကသ ကိုတင်မောင်ဝင်း(ခရမ်း)ရဲ့ အကို ပြည်သူ့ရဲဘော်က ဗိုလ်စက်စိန် စတဲ့ လူမျိုးတွေပါ။

ပုဒ်မ(၅) အဆောင်ကြီးထဲကို ရောက်သွားတယ်ဆိုတော့ အဲဒီတုန်းက သတင်းစာတွေထဲမှာ မျက်နှာဖုံးက ပါလေ့ရှိတဲ့ သခင်ဖေဌေးတို့၊ ဗိုလ်အုန်းမောင်တို့လို ပုဂ္ဂိုလ်တွေကို တွေ့ရတော့ ကျနော် အတော်ကျေနပ်သွားပါတယ်။ ဒါပေမယ့် အာသာမပြေပါဘူး။ ကျနော် အတွေ့အမြင်ချင်ဆုံးလူကို မတွေ့ရ သေးလို့ပါ။ ဒါကြောင့် ကျနော်က အဖေ့ကို "အဖေ၊ ဗန်းမော်တင်အောင် ဘယ်မှာလဲဟင်"လို့ တဖွဖွ မေးနေမိပါတယ်။ ဒါကြောင့် ကျနော်တို့ သတင်းစာတိုက်မှာ လက်ထောက်အယ်ဒီတာနဲ့ သတင်းထောက်လုပ်တဲ့ ကိုနေဝင်းက ကျနော့်ကို အဆောင်အောက်ထပ်၊ အဝင်ပေါက်ကနေဆိုရင် ဘယ်ဘက်တန်းမှာနေတဲ့ ဦးလေးဦးတင်အောင်ဆီကို လိုက်ပို့ပါတယ်။ ဟောဒါ မင်းတွေ့ချင်တဲ့ ဗန်းမော်တင်အောင်ပဲ ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ကျနော်က ကလေးပေမယ့် ဦးလေးဦးတင်အောင်က သူ့ အမှတ်တဆိပ်ဖြစ်တဲ့ ကြည်လင်ရွှင်ပြတဲ့ အပြုံးနဲ့ ကြိုဆိုပါတယ်။ သူ့အပြံုးက တသက်မမေ့နိုင်တဲ့ အပြံုး မျိုးပါ။ နောင်ဆယ်စုနှစ်တွေ လွန်တော့လည်း မပြောင်းလဲတဲ့ အပြံုးဖြစ်ပါတယ်။

နောက်တော့သူ ကျနော်တို့အိမ်၊ ကျနော့်မိဘများဆီကို လာတာ နှစ်ခါ၊ သုံးခါလောက်တွေ့ဖူး ပါတယ်။ ဒါပေမယ့် အရွယ်ကွာတော့ အဲဒီစကားဝိုင်းထဲမှာ ကျနော်မပါနိုင်ပါဘူး၊ ရေနွေးကြမ်းချရင်း၊ လက်ဖက်ချရင်း ခိုးကြည့်ရတာမျိုးပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ ကျနော်တယောက် သူ့စာတွေနဲ့ ရင်းနှီး နေပါပြီ။ အထက်မှာပြောခဲ့တဲ့ စာအုပ်တွေသာမက မြိုင်၊ ဒေါက်တာရေချမ်း၊ ချောကလက်ဗိုလ်ကြီး၊ ပါမောက္ခအုန်းကျော်၊ မုန်တိုင်းထဲကလူ၊ ပြောရရင် စာရင်းက အရှည်ကြီးပါ။ ကျနော့်ပတ်ဝန်းကျင်က လူတွေကလည်း သူ့စာတွေနဲ့ ရင်းနှီးတဲ့ လူတွေချည်း ဖြစ်ပါတယ်။ တနည်း-ကျနော်က သူ့စာတွေကို ဖတ်တဲ့လူမျိုးတွေနဲ့မှ အပေါင်းများလာတယ်လို့ ဆိုရမယ်ထင်ပါတယ်။ မိတ်သစ်ဖွဲ့ရင် ဒါမှမဟုတ် လူတယောက်ကို ကိုယ်က နိုင်ငံရေးအရ စည်းရုံးချင်ရင် ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေကို အရင်ဆုံး ပေးဖတ်ကြည့်ပါတယ်။ ပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပြီး ဆက်လှမ်းတာပါ။ ဒါကို နိုင်ငံရေး လုပ်ဖူးသူတိုင်း ကြုံဖူးမယ်လို့ ယုံပါတယ်။ ကုန်ကုန်ပြောရရင် ကိုယ်ကကြိုက်တဲ့ မိန်းကလေးကိုတောင်မှ စာဖတ်စေချင်ရင် ဦးလေးရဲ့ 'မြိုင်' ကို ပေးဖတ်ပါတယ်။ အခုကျနော်နေတဲ့မြို့ကို သူများက ဘယ်မှာရှိတာလဲလို့မေးရင် ကျနော်က ဗန်းမောင်တင်အောင်ရဲ့ ငွေနှင်းမှုန်မှုန် ထဲကမြို့ ကလေးလို့ ပြောလေ့ရှိပါတယ်။

ကာလတခုရောက်တော့ ဦးလေးဦးတင်အောင်ရဲ့ စာအုပ်တွေဟာ ရောင်းအကောင်းဆုံး စရင်းမှာပါ နေတာ မှတ်မိနေပါတယ်။ ဖေတော့မောင်တော့ ၀တ္ထုတွေ၊ အလွယ်ဖတ် အပေါ့ဖတ်စာတွေအကြားမှာ သူ့စာအုပ်လိုဟာတွေ ထိပ်ဆုံးရောက်ခဲ့တာဟာ ကျနော်တို့ ဗမာစာပေလောကရဲ့ ထူးခြားချက် လည်းဖြစ်၊ ဂုဏ်ယူစရာလည်း ဖြစ်တယ်လို့ အောက်မေ့မိပါတယ်။ တခြားနိုင်ငံတွေမှာ ဒါမျိုးကို တွေ့ရခဲလှပါတယ်။ ကျနော်တို့နိုင်ငံဟာ ဆင်းရဲလှ၊ နောက်ကျလှပေမယ့် နိုင်ငံရေးနိုးကြားမှုနဲ့ စာပေကို တန်ဘိုးထားမှုတို့မှာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ ဆိုရဲပါတယ်။ ဦးလေးဦးတင်အောင်ဟာ ဗမာစာဖတ်ပရိသတ်ကို အဲဒီလို အဆင့်မြင့်အောင် ကူညီတွန်းပို့ခဲ့သူတွေထဲက တဦးဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

နောက်တခါ ဦးလေးဦးတင်အောင်နဲ့ တွေ့တာကတော့ တသက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ တွေ့ဆုံမှု ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်နေ့ည။ ကျနော်တို့ကို ကိုကိုးကျွန်းပို့တဲ့ ပြည်တော်အေး သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။ တွဲဖက်ထောင်ထဲက ခေါ်လာတဲ့ အညာဖက်က နိုင်ငံရေးအကျဉ်းသမားတွေကို သင်္ဘောဝမ်းထဲဆင်းခိုင်းလို့ ဆင်းလိုက်တော့ ဝပ်လေးဆယ်အား လောက် မီးလုံးတွေ ထွန်းထားတဲ့ သင်္ဘောဝမ်းခန်းထဲမှာ ကိုယ့်အရင်ရောက်နှင့်တဲ့ အောက်ပြည်က ဘဝတူတွေကို တွေ့ရပါတယ်။ အဲဒီတော့ ကိုယ်အရင်ဆုံး လုပ်တာဟာ ထောင်ထဲရောက်နေသူတွေ လုပ်လေ့ရှိတဲ့အတိုင်း ကိုယ်သိတဲ့လူ ဘယ်သူများပါလေသလဲလို့ စူးစမ်းတာပါ။ မေးတော့တာပေ့ါ။ အဲဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ကိုယ့်အရင် သင်္ဘောဝမ်းထဲရောက်နေသူက "ဗန်းမောင်တင်အောင်၊ မြသန်းတင့်....." စသဖြင့် ပြောပြပါတယ်။ သင်္ဘောဝမ်းခန်းက ကျယ်လှတာ မဟုတ်ပေမဲ့ သူသူကိုယ်ကိုယ် ပင်ပမ်းငြီးငွေ့နေ၊ လူတွေ ပြွတ်သိပ်ကျပ်နေ စတဲ့အကြောင်းတွေကြောင့် အစမှာ လူရုပ်တွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ ဒါကြောင့် သူလက်ညှိုးထိုးပြတဲ့ ဖက်ကို လှမ်းကြည့်လိုက်တော့ သင်္ဘောဝမ်းခေါင်း နံရံကိုမှီပြီး ထိုင်နေကြတဲ့ သခင်ခင်အောင်(နောင်ကျတော့ ကျွန်းမှာ အားလုံးက အန်ကယ်ကြီးလို့ ချစ်ချစ်ခင်ခေါ်တာ ခံရသူ)၊ ဦးလေးဦးတင်အောင်နဲ့ ဦးလေးမြသန်းတင့်။
သူတို့သုံးယောက်စလုံးဟာ စျာန်သမာပတ် ဝင်စားနေသလား ထင်ရလောက်အောင် အင်မတန် အေးဆေး တည်ငြိမ်တဲ့ မျက်နှာထားတွေနဲ့ ထိုင်နေကြပါတယ်။ ဒါဟာ နောင်မှာ ကျနော် အနီးကပ် ထပ်တွေ့ရမယ့် ဦးလေးဦးတင်အောင်ရဲ့ သမာဓိရုပ်ပုံလွှာပဲ ဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတဲ့အခါပဲ ဖြစ်ဖြစ် စမ်းသပ်မှုတွေကို ရင်ဆိုင်တဲ့အခါပဲ ဖြစ်ဖြစ်၊ သူဟာ အဲဒီလို တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ ရင်ဆိုင်တာချည်း တွေ့ရပါတယ်။ ကိုကိုးကျွန်းမှာ အစာငတ်ခံတိုက်ပွဲတွေ ကျင်းပတယ်ဆိုရင် တိုက်ပွဲစတယ် ဆိုတာနဲ့ ပထမအသုတ် တိုက်ပွဲဝင်တွေကို တိုက်ပွဲဆောင်ရဲ့ အရှေ့မှာ ရပ်စေပြီး ကျန် အကျဉ်းသားများနဲ့ မိတ်ဆက်ပေးလေ့ ရှိပါတယ်။
"ရက် ၄၀ တိုက်ပွဲ" မှာ ပထမအသုတ် တိုက်ပွဲဝင်တွေကို မိတ်ဆက်ပေးတုန်းက အရပ်မြင့်မြင့်နဲ့ မားမားရပ်နေတဲ့ ဦးလေးဦးတင်အောင်ရဲ့ တည်ငြိမ်ခိုင်မာ ပြတ်သားတဲ့ သဏ္ဍန်ကို အခုထိ မြင်ယောင်နေ ပါတယ်။ ဒါနဲ့ သူတို့ရှိရာကို ကျနော်က သွားပြီး ကိုယ့်ကိုယ်ကို ဘယ်သူပါလို့ ပြောပြ ဂါရဝပြုတော့မှ ဦးလေးဦးတင်အောင်ရဲ့ မျက်နှာမှာ ကျနော်မမေ့နိုင်တဲ့ လွန်ခဲ့တဲ့ ၁၃-၁၄နှစ်က တွေ့ဖူးတဲ့ အပြုံးကို ပြန်တွေ့ရပါတယ်။ မတူတာ တခုက အခုတခါမှာတော့ သူ့အပြံုးမှာ ဂရုဏာအရိပ်အယောင်တွေ သန်းနေပါပဲ။

ကိုကိုးကျွန်းကို ရောက်တော့ သင်္ဘောပေါ်ကနေ ကမ်းပေါ်ကို ဒုက္ခသည်တွေလို အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ လှိုင်းတွေအကြားမှာ အလဲလဲ အကွဲကွဲ လျှောက်လာခဲ့ကြပြီးတဲ့နောက် ခြစ်ခြစ်တောက် ပူလောင်နေတဲ့ သဲသောင်ပြင်ပေါ်မှာ ကျနော်တို့ကို ထိုင်စောင့်ခိုင်းထားပါတယ်။ အဲဒီနောက် အကျဉ်းထောင်အထူးအရာရှိ ဒုဗိုလ်မှူးကြီး ထွန်းရင်လောဆိုသူက သတိပေးခြိမ်းခြောက် တဲ့ မိန့်ခွန်းတခုခြွေပါတယ်။ မိန့်ခွန်းပြောပြီးတော့ သူက- ဒီထဲမှာ စာရေးဆရာဗန်းမော်တင်အောင် ပါတယ်လို့ သိရတယ်။ ရပ်ပြစမ်းပါလို့ တောင်းဆိုလို့ ဦးလေးဦးတင်အောင်က ရပ်ပြရပါတယ်။ ရန်သူ လေးစားအသိအမှတ်ပြုရတဲ့ ကျနော်တို့ ဦးလေးပါလား။

ကျွန်းပေါ်ကိုရောက်တော့ သဘာဝကျစွာပဲ တခြားအဖွဲ့အစည်းကလူတွေနဲ့ ထောင်အမှုထမ်းတွေ အပါအဝင် လူတိုင်းဟာ သူလိုပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှုကို ဂရုတစိုက် ကြည့်ကြပါတယ်။ ကျနော်လည်း ခြွင်းချက် မဟုတ်ပါဘူး။ ကျနော် ပထဆုံးသတိထားမိတာက ဦးလေးဟာ အနေအထိုင် အင်မတန် စည်းကမ်းရှိ၊ သပ်ယပ်တာပါ။ နောက်တော့ ဆက်သတိထားမိတာက သူဟာ အပြောအဆိုမှာလည်း အင်မတန် စည်းကမ်းရှိ သပ်ယပ်တာပါပဲ။ ဒါဟာ အတွေ့အကြုံ၊ အသိပညာ ပြည့်ဝတယ်ဆိုတဲ့ လက္ခဏာသာမကပဲ ပုဂ္ဂိုလ်ရေး မာန်မာနလည်း ကင်းတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ သူဒေါသထွက်တယ် ဆိုတာ တွေ့ရခဲလှပါတယ်။ ကျနော်တော့ တခါမှ မတွေ့ဖူးပါ။ လူငယ်တွေနဲ့ စကားပြောတဲ့အခါ လေးလေးစားစား၊ သိမ်သိမ်မွေ့မွေ့၊ လေအေးလေးနဲ့ ပြောတတ်တဲ့ ဦးလေးဟာ ပြင်းပြင်းထန်ထန် ငြင်းခုန်ရပါတယ်ဆိုတဲ့ အစည်းအဝေးတွေမှာလည်း အလားတူပဲ အေးအေးဆေးဆေး ပြောတတ် ပါတယ်။ ဒီနေရာတွေမှာ ကျနော့်အဖေနဲ့ တူလိုက်လေလို့ အောက်မေ့မိခဲ့ပါတယ်။
ဦးလေးက နိစ္စဓူဝလို မပျက်မကွက်လုပ်တဲ့ အလုပ်တွေကတော့ ကျန်းမာရေးလေ့ကျင့်ခန်းနဲ့ ညမှာ ရေဒီယိုသတင်း နားထောင်တာ၊ နောက်ပြီး အဲဒီသတင်းကို နောက်မနက်မှာ ကျောက်သင်ပုန်းပေါ်မှာ အများဖတ်ရအောင် ရေးပြတာပါပဲ။ ရေဒီယိုကို အိပ်ဆောင် ၁၁ ဆောင်က တညစီ အလှည့်ကျ ယူနား ထောင်ကြတာဆိုတော့ သူများအဆောင်တွေကို သွားပြီးနားထောင်ရတဲ့ ဇွဲမျိုး ရှိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဦးလေးကတော့ တခြားအဖွဲ့အစည်းက အဆောင်တွေကိုပါ ညစဉ်သွားပြီး မှန်မှန်နားထောင်၊ မှန်မှန် သတင်းရေးပါတယ်။ မနက်စာ သွားစားတဲ့အခါ ဦးလေးရဲ့ ကျောက်သင်ပုန်းသတင်းကို ကျနော်တို့ နေ့စဉ် စောင့်ဖတ်ခဲ့ကြတာကိုလည်း မှတ်မိနေပါတယ်။ အစာအိမ်ရောဂါ ဆိုးဆိုးဝါးဝါးရှိတဲ့ ဦးလေးဟာ သတင်းရေးတာ ပျက်ကွက်ခဲလှပါတယ်။

ကိုကိုးကျွန်းမှာ အယူအဆရေးရာတိုက်ပွဲ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာကို လူအတော်တော် များများ ကြားဖူးကြမှာပါ။ ဦးလေးဟာ အဲဒီအရှုပ်အထွေးပေါင်းစုံ အကြားမှာ သူလုပ်စရာရှိတာကို မယိမ်းမယိုင်လုပ်သွားတာဟာ အတုယူစရာပါ။ မှန်တာပြောရရင် ဦးလေးရဲ့ တချို့အရည်အချင်းတွေကို ကျနော့်အနေနဲ့ အသက်လေးရလာမှ ပိုသဘောပေါက်လာတာ ဖြစ်ပါတယ်။ သူတပါးရင့်ကျက်တာကို သဘောပေါက်ဖို့အတွက် ကိုယ်ကလည်း တစုံတရာတော့ ရင့်ကျက်ဖို့လိုတယ်လို့ ဆိုရမယ်ထင်ပါရဲ့။ သူနဲ့ နီးနီးနေရတုန်းက နားမလည်လိုက်တာတွေအတွက်လည်း နှမြောဝမ်းနည်းရပါတယ်။

ခုဒီစာကိုရေးတော့ ကျနော့ခေါင်းထဲမှာ နောင်တလိုလို၊ ဦးလေးကို တောင်းပန်ချင်စိတ်လိုလိုတွေ ပေါ်နေတာ အမှန်ပါပဲ။ မှန်တာပြောရရင် ကျွန်းပေါ်တုန်းက ကျနော်ဦးလေးကို မကောင်းပြောခဲ့တာတော့ မရှိပါဘူး။ ဒါပေမယ့် ကျနော့်အလေ့တခုက လူကြီးတွေနဲ့ ခပ်လှမ်းလှမ်းမှာ နေတတ်တာပါ။ ဒါကြောင့် ကျနော့်မိဘဆီကို စာရေးဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လာလည်ရင် ကျနော်က ရှောင်လို့သာ နေပါတယ်။ ဒီတော့ ဦးလေးဦးတင်အောင်နဲ့ ကျနော် သုံးနှစ်နီးပါးနေခဲ့တဲ့ ကိုကိုးကျွန်းပေါ်မှာ စကားများများ မပြောခဲ့ရပါဘူး။ အဲဒီအကျင့်ကြောင့် ကျနော်ဦးလေးနဲ့ နောက်ဆုံးတွေ့တဲ့တခါမှာလည်း စကားမပြောလိုက်ရပဲ ဖြစ်သွားခဲ့ပါတယ်။

အဲဒါက ကျနော် ထောင်ကလွတ်လာတဲ့ ၁၉၇၂ခုနှစ်၊ ဇွန်လအဆန်းပိုင်းမှာပါ။ ကျနော် အင်းစိန်ထောင်က လွတ်တော့ ကျနော့်အဖေနဲ့အမေက ထောင်ဗူးဝမှာ လာကြိုပါတယ်။ ပြီးတော့ နောက်တနေ့ညမှာ လူတချို့ကိုဖိတ်ပြီး တရုတ်ထမင်းဆိုင်တဆိုင်မှာ ထမင်းကျွေးပါတယ်။ ညစာပါ။ အဲဒီတုန်းက အဖိတ်ခံရသူတွေက သခင်လွင်၊ သခင်လှကျွေနဲ့ ဦးလေးဦးတင်အောင်၊ ဦးလေး မြသန်းတင့်တို့ပဲ ဖြစ်ပါတယ်။ စီစဉ်ပေးသူက ကျနော့်အကိုဝမ်းကွဲတော်တဲ့ ဝင်းမော်ဦး ဦးတင်မောင် ဖြစ်ပါတယ်။ အဲဒီလို ထမင်းအတူစားကြရာမှာ ကျနော့်အနေနဲ့ စကားတခွန်းမှ မပြောခဲ့ပါဘူး။ လူကြီးတွေနဲ့ ကျနော့်ကို မိတ်ဆက်ပေးတဲ့အခါမှာ ကျနော်က ပြုံးပြတာလောက်ပဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော်သူ့ကို နောက်ဆုံးတွေခဲ့တာပါပဲ။ သူကတော့ ကျနော် ၁၀နှစ်သားလောက်တုန်းက တွေ့ဖူးတဲ့ အပြံုးနဲ့ပဲ ကျနော့်ကို နှုတ်ဆက်ပါတယ်။ လူကြီးဝိုင်းမို့ ကျနော်က ဘယ်သူ့ကို ဘာစကားမှ မပြောခဲ့ပါ။ ဘေးက နားထောင်သူသာ လုပ်နေခဲ့ပါတယ်။ အဲဒါ ကျနော်နဲ့သူ နောက်ဆုံးအကြိမ် တွေ့တာပါပဲ။

သူကွယ်လွန်တယ်လို့ ကြားတော့ ကျနော်က ၀နယ်၊ ပန်ဆန်းမှာပါ။ ကြားတဲ့အခါမှာ ကျနော် စကားမပြောနိုင်ပဲ ငိုင်သွားခဲ့ပါတယ်။ စောလိုက်၊ မြန်လိုက်တာလို့ တွေးမိပြီး ပြည်သူ့အရေးတော်ပုံ အတွက် စာပေစစ်မြေပြင်က တပ်မှူးကြီးတယောက် လျော့သွားရပြီလို့ ဝမ်းနည်းမိပါတယ်။ တဆက်တည်း သူ့အကြောင်းတွေကို ကျနော်ပြန်စဉ်းစားတော့ ကျနော့်ဘဝမှာ သူ့စာပေတွေ၊ သြဇာညောင်းခဲ့ပုံကို ပြန်တွေးမိနေပါတယ်။ ဒီနေရာမှာ သူ့စာပေတွေကို ဆွေးနွေးဖို့ မရည်ရွယ်တာမို့ အကျယ်မပြောတော့ပါဘူး။ ဒါပေမယ့် ကျနော့်အပေါ် သူ့ကျေးဇူးကိုတော့ ချန်လို့မဖြစ်တာနဲ့ အနည်းအပါး ထောက်ပြချင်ပါတယ်။

ဦးလေးဦးတင်အောင်ရဲ့ ကျေးဇူးတွေထဲမှာ အင်မတန်အရေးကြီးတဲ့ တချက်က သူဟာ လူငယ်တွေ အတွက် စံပြပုံစံတွေ ထုဆစ်ပြသွားခဲ့တာပါပဲ။ ဒီဖက်မှာ သူ့လောက် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သူဟာ မရှိသလောက်နီးပါးပါ။ သူဟာ အချစ်အတွက် အရက်ပုလင်းထဲ ခေါင်းနှစ်ပြီး ဘဝကို အရှုံးပေးဖို့ အားမပေးခဲ့ပါဘူး။ လူငယ်ပဲ၊ လောကကြီးမှာ ပျော်ပျော်နေသေခဲ ဆိုသလို ထင်သလိုနေ၊ လုပ်ချင်သလိုလုပ်တဲ့ လမ်းမျိုးဆီကိုလည်း တွန်းမပို့ပါဘူး။ ငွေဟာ အရာရာကို ဖန်တီးနိုင် တယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း တည်ဆောက်မပေးပါဘူး။ သူ့ခေတ်က စာပေနယ်မှာ အဲဒီလို အယူအဆတွေကို သင်ပေးနေတဲ့ ကျော်ကြားတဲ့ စာရေးဆရာတွေ အများကြီးရှိပါတယ်။ အဲဒီလူတွေက ဦးလေးဦးတင်အောင်ကို လူပုဂ္ဂိုလ်အရ တိုက်ခိုက်လို့မရတော့ လက်ဝဲဆိုပြီး အယူအဆကို ဖိတိုက်ခဲ့ကြ ပါတယ်။ အဲဒီနောက် ရာစုနှစ်တဝက်မှ မကြာဘူး၊ ပတ္တမြားမှန်ရင် နွံမှာမနစ်ကြောင်း တွေ့ခဲ့ကြရပါတယ်။

အဲဒီခေတ်တုန်းက ဗန်းမော်တင်အောင် ဇာတ်လိုက်ပုံ လိုက်ဖမ်းတယ်ဆိုတဲ့ လူတွေ ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို လိုက်လုပ်သူတွေဟာ လူ့သိက္ခာ၊ လူကျင့်ဝတ်တွေကို စောင့်စည်းရတာမို့ တယ်မသက်သာလှတာတော့ အမှန်ပါ။
သူ့စာတွေကိုဖတ်ပြီး၊ သူ့အကြောင်းတွေကိုကြားပြီး၊ လူတယောက်ဟာ အဖိနှိပ်ခံတွေဘက်က ရပ်တည်ရမယ်၊ ကိုယ့်ယုံကြည်ချက်အတွက် အနစ်နာခံရမယ်ဆိုတဲ့ ခံယူချက်တွေ စွဲမြဲစေပါတယ်။ နိုင်ငံရေးကြောင့် ထောင်ထဲရောက်တာ ဂုဏ်ယူစရာဖြစ်တယ်လို့ ယုံကြည်လာစေပါတယ်။ ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူးအများကြီး ပါပါတယ်။

တလောဆီတုန်းက ဗမာပြည်စာပေလောကနဲ့ နီးစပ်တဲ့ နိုင်ငံခြားသား အမျိုးသမီးကြီးတဦးက ကျနော့်ဆီကို သူဗမာပြည်က ၀တ္ထုရေးဆရာတွေအကြောင်း စာတမ်းတစောင် ရေးနေတဲ့အကြောင်း ပြောပြရင်း ဗမာပြည်က စာရေးဆရာတွေအထဲမှာ ဘယ်သူတွေဟာ သြဇာကြီးခဲ့တယ် ထင်သလဲလို့ မေးပါတယ်။ ကျနော်က တင့်တယ်၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မောင်သာရ (နာမည်တွေ ရှေ့မှာ ဆရာ-ဦးမတတ်ခဲ့တာကို နားလည်ပါ)စသူတွေဟာ ပေါ်ပြူလာအဖြစ်ဆုံးပဲ။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာအညောင်းဆုံးကတော့ ဗန်းမော်တင်အောင်ပဲလို့ ပြန်ရေးပြလိုက်ပါတယ်။

ဒီတော့ သူက ဗန်းမော်တင်အောင်ရဲ့စာဟာ ဒီလောက် သြဇာကြီးနိုင်ပါ့မလား၊ သူ့စာအရေးအသား ဟာဆိုပြီး အတတ်ပညာပိုင်းတချို့ ပြောပြပါတယ်။ အဲဒီတော့ ကျနော်က တခြားတော့ မသိဘူး၊ သူ့ အသုဘနဲ့ ပါတ်သက်ပြီး ရေးကြတာတွေ၊ အထူးသဖြင့် ဆရာပါရဂူရေးတဲ့ ဆောင်းပါးကို ဖတ်ပြီး ဦးလေးဦးတင်အောင် သေရပုံကို ကျနော်သိတ်အားကျမိတယ်လို့ ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးနဲ့ လုံးဝမပါတ်သက်တဲ့ အနောက်နိုင်ငံသူ ပညာရှင်တယောက်အနေနဲ့ ကျနော်ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်ရဲ့လား မပြောတတ်ပါ။ ကျနော်သာ အဲဒီအသုဘကို ရောက်ရင် သူတကာလိုပဲ ပန်းခွေတွေက ပန်းတပွင့်ကို နှုတ်ယူပြီး ရင်ပတ်မှာ အမြတ်တနိုး ထိုးလာခဲ့မှာပါ။

-ဖိုးသံ(လူထု)-
[ ၁၃၆၇ ဝါဆိုလဆန်း၂ရက်၊ သက္ကရာဇ် ၂၀၀၅ ဇူလိုင် ၇ ရက်ထုတ် မာယာမဂ္ဂဇင်းက ပြန်လည် ကူးယူဖော်ပြပါတယ်]