Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၅)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၅)

မိုးမခ ၊ မေ ၁၇ ၊ ၂၀၂၆


အူသာအူ လူမကြား၊ ကြားသော်လည်း နားရွံစရာ ဖြစ်နေတာက ဂွေးဘု လူမတန် ခွေးပုအူသံ။ ခွေးပုက ခွေးတစ်မျိုး၊ ဂွေးမြင်ရင် ဘုချင်တဲ့ ခွေးမျိုး။ ဒါ့ကြောင့် ဘယ်လူကမှ အကပ်မခံတာ၊ ဒါ့ကြောင့် ဂွေးဘုလူမတန်လို့ ပြောတာ။

ပုခမျာ အူရှာတယ်။ "ငါ အာဆီယံမှာ နှစ်စဉ်ကြေး ပေးနေတယ်လေ၊ အဲဒါ ငါ့ကို ဘာလို့ စောက်ဖက်မလုပ်ကြတာလဲ" လို့ ဒေါသတကြီးဟောင် သောကမီးလောင်။ အသံတောင် ဘလူးစ် (Blues) ဖြစ်သော်ညား အဲဒီ ဝမ်းနည်းပမ်းနည်း ကြေကွဲနေမှုကြီးကို ဘယ်သူမှ မကြား။ ကားလက်မှတ်ဖြတ်ထားပြီး ကားပေါ်တက်ခွင့်မရရုံမက မောင်းချခံရတဲ့ ခံစားချက်ကြီးနဲ့ ခွေးဝဲစားအူ အူတာပေါ့။

တသက်လုံး သူများ မီးဖိုချောင် နောက်ဖေးပေါက်က ဝင်ခိုးစားနေကျ နှုတ်သီးမဲ ဆိုတော့ မြင်တာနဲ့ မောင်းထုတ်တာ ဘာဆန်း။ နှစ်စဉ်ကြေးက အလစ်ဆွဲလာတဲ့ အသားတွဲလေ။ အာဆီယံက ပိုင်ရှင်အစစ်လာရင် ပေးဖို့ နှုတ်သီးဖြတ်ရိုက်ပြီး ယူထားကြတာ။

ခွေးပုက လေးဘက်သောင်းကျန်း နှုတ်သီးမဲ ခွေးသရမ်းမို့သာ တော်တော့တယ်။ ဆွဲလာတဲ့ အသားတွဲဟာ သူ့ဟာဖြစ်ကြောင်း၊ ဈေးဝယ်တစ်ယောက် ငွေတုနဲ့ ဝယ်လာတဲ့ အသားတွဲကို ဖြတ်ဆွဲထားတာမို့ အဲဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ဈေးသည်က ဆုချလိုက်တာ ဖြစ်ကြောင်း၊ ခိုးယူလာတာ မဟုတ်ကြောင်း၊ ခွေးတစ်ကောင် ဖြစ်ပေမဲ့ ငွေအတုအစစ်ကို အနံ့ရတာနဲ့တင် ခွဲခြားတတ်ကြောင်း အူညာချက် ထုတ်လိုက်သေးတာ။ အဲဒီ အူညာချက်မှာ KPay ထဲက ပိုက်ဆံတောင် ဖုန်းဖွင့်လိုက်တာနဲ့ ထွက်လာတဲ့ အနံ့ကနေ အတု အစစ် ခွဲနိုင်တဲ့ ပုအရည်အသွေးကို အသိအမှတ်ပြုသင့်ကြောင်းပါ ထည့်အူထားသေးတာ။ တကယ့်ကောင်။

ခွေးနည်းခွေးဟန်နဲ့ လေးဘက်မှာ ဆက်လက်သောင်းကျန်းမယ်ဆိုပြီးလည်း ဟောင်နေသေးတယ်။

ခွေးပုရဲ့ ဟောင်သံ အူသံတွေကို ဘယ်သူမှ မကြား။ ဖိလစ်ပိုင်လမ်းက မောင်းထုတ်သလို စင်ကာပူနဲ့ အရှေ့တီမောလမ်းကလည်း ဘယ်ခွေးမှ အဝင်မခံဘူးရယ်။ ခု ဖိလစ်ပိုင်လမ်းထဲ ဝင်လာတာတောင် စင်ကာပူလမ်းသားက လာမောင်းထုတ်ပေးနေတာဆိုတော့ စဉ်းစားသာကြည့်ပေါ့။ ခွေးနေရာရဖို့က ပုတသက် မဖြစ်နိုင်တော့။ တီမောဆိုလည်း ခွေးပု လိုက်ကိုက်ထားတဲ့ အမှုတွေတောင် လက်ခံစီရင်နေသေးတာလေ။

မလေးကလည်း "ဒီကောင်တွေ အလှစိုက်ပန်းမှန်းမသိ သောင်းကျန်း၊ လူတွေ အနားယူ အပန်းဖြေတဲ့ နေရာမှန်းမသိ ချေးပါ၊ ပျိုးပင်တွေ ယက်ဖြဲလုပ်နေတာတွေ မရပ်၊ လမ်းလျှောက်လာတဲ့ ကလေးတွေ လူကြီးတွေ လိုက်ဟပ်၊ ခွေးရူးပြန်ကာကွယ်ဆေးလည်း ထိုးပေးလို့မရ၊ ထိုးပေးထားတဲ့ကောင်လည်း မရှိတော့ တစ်ကောင်မှ အဝင်မခံနဲ့၊ မြင်တာနဲ့ မောင်းထုတ်ရမယ်" လို့ ပြောနေပြန်ပြီလေ။

အင်း ခွေးသား စားတာဆိုလို့ တရုတ်ပဲ ရှိမယ်။ ကျန်နိုင်ငံတွေကတော့ ဟောင်ကောင်သားမစား၊ ရှောင်ကြရှားကြတယ်။ ပြည်သူများအပေါ် ဗုံးကြဲကိုက်သတ်နေတာတွေအတွက် ခွေးတပ်ကို ထပ်မံအရေးယူမယ်၊ ပြီးတော့ ခွေးပုနဲ့ ခွေးတပ်ကို အစိုးရမဟုတ်၊ စောရအဖြစ် သတ်မှတ်ပြီး သုနခအာမီအုပ်စုလို့ အမေရိကန်အစိုးရက ဆက်လက်သိမှတ်မယ်တဲ့။ အာဆီယံ၊ အီးယူတင်မက လူမှန်သမျှက ပစ်ပယ်၊ ညစ်ကျယ်ခွေးအုပ်ကို ဒုတ်စာကျွေးကြတာကလား။

ထမင်းရှင် ပြည်သူတွေတင်မက ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေအပေါ်ပါ ဗုံးကြဲဖျက်ဆီး ကိုက်သတ်နေတဲ့ အကြမ်းဖက် သုနခအာမီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်လိုက်တော့မလေ။ ထရမ့်က တကယ့်မဘသ။ သူ့ခရစ်ယာန်ထိလို့ကတော့ သေဖို့သာပြင်ပေတော့။

အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်ပြီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ စုပေါင်းကာ မြန်မာနိုင်ငံမှာ ပြည်သူများနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rubio ထံ စာပေးပို့ခဲ့ကြလို့ အမေရိကန်အစိုးရက အခုနှစ် မေလ ၆ ရက်နေ့မှာ အဲလို ပြောဆိုလာတာလေ။

"ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို နေ့ထူးနေ့မြတ်တွေမှာတောင် တိုက်ခိုက်နေတာတွေအတွက် စာရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စာပြန်ပါတယ်။ သူရဲ့စာထဲမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အစိုးရလို့လည်း မသုံးထားသလို အသိအမှတ်လည်း မပြုထားဘူး။ သူက မြန်မာအာဏာသိမ်းစစ်တပ် (Military Regime) လို့ပဲ သုံးနှုန်းထားတယ်။ မြန်မာ Military Regime ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားတယ်" လို့ Burma Research Institute ဥက္ကဋ္ဌ Zo Tum Hmung က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပြတယ်။

ခွေးစိတ် ခွေးအတွေး ခွေးအမြင်နဲ့ လူတွေ အားကိုးယုံကြည်ရာတွေကို တမင်ဖျက်ဆီးတာ။ လူတွေ အားကိုးရာမဲ့ ကြောက်လန့်တုန်လှုပ်နေအောင် လုပ်တာ၊ အဲလိုလုပ်ရင် နောက်ဆုံးမှာ ခွေးကို လူက အားကိုးလာမယ်လို့ ထင်တာပေါ့လေ။ ဆိုတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တွေလည်း အကုန်ပတ်ကိုက်တော့တာ။ အစ္စလာမ်တွေကိုတော့ အရေးအခင်းတွေ ဖန်တီးပြီး အရင်ကတည်းက သီးသန့်ဗျင်းထားပြီးသား။

ဗုဒ္ဓဘာသာမှာက မူရင်း အိန္ဒိယနိုင်ငံကလည်း ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ ကြံနေတော့ အသံမထွက်၊ နောက်တိုး ထိုင်းနိုင်ငံတို့ကလည်း ပုလင်းတူဗူးစို့ဆိုတော့ မဟ။ ခုတော့ ခရစ်ယာန်တိုင်းပြည်တွေက ရှယ်ကျွေးတော့မှာ။

"အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးတွေ ဆက်လုပ်သွားမှာပါ။ လူကြီးမင်းတို့ အကြံပြုချက်တစ်ခုချင်းစီကို သေချာစိစစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဆင်ပြေပြေ ပေးပို့နိုင်အောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးအောင်နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသွားပါ့မယ်" လို့ အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က ပြောဆိုထားတယ်။

ရော်ဂျာစတုန်းရေ လော်ပါဦးအော်လည်း မလော်သာ၊ ရော်ဂျာ တော်ရာမှာ နေရကိန်းဆိုက်လာ။ ခုဆို အမေရိကန်က အပ်ထားတဲ့ သန်းတစ်ထောင်လည်း ပြန်ထုတ်ပေးဖို့ တွန်းအားပေးကြမယ် ဘာညာထိ ဖြစ်လာပလေ။

ရှေ့နေငှားမှ ထောင်လုံးလုံးကျဆိုသလို လော်ဘီငှားလိုက်မှ ဆော်ပြီဖြစ်လာတော့တာ။ ခွေးမျိုးတုံးချိန်တန်လာတဲ့ သဘော။ ကျချိန်ရောက်ပလားဆို လှုပ်သမျှ မြုပ်ရဖို့ ဖြစ်လာတာလေ။ လုပ်သမျှလည်း ဒုက္ခပေါ့။

အမေရိကန်လက်မခံ၊ အာဆီယံ၊ အီးယူ လက်လံ ခွေးပုဟာ ခွေးရူးမီးဝိုင်းဖြစ်နေရှာ။ AA နဲ့ ငြိမ်းချမ်းရေး စေ့စပ်ပေးဖို့၊ သိမ်းပိုက်ခံထားရတဲ့ ရခိုင်မြို့တွေ ပြန်ရရှိရေး ညှိနှိုင်းပေးဖို့ တရုတ်ဘောစုပ်သောသူ ရာထူးနဲ့ ရှီကျင့်ဖျင်နဲ့ ဝမ်ရွဲ့ဆီမှာ ဘောလုပ်တော်ထမ်းနေလေရဲ့။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဟာ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားပါဆိုပြီး ကလူ၏သို့ မြှူ၏သို့နဲ့ စို့ကလည်း စို့သေးတာ။ အူသံနဲ့ မလုံလောက်လို့ မြှူသံ ခြူသံပေးရှာတာ။ တရုတ်ကလည်း ခွေးခံတွင်းပျက်မနဲ့ လဒတောင်ပံကျိုး တွေ့ကြတာဆိုတော့ လုပ်ပေးပါ့မယ် စုတ်ပေးငတရယ်ပေါ့ကွယ်၊ မအလကလည်း အဲလယ် အဲလယ်၊ ဝုတ်တယ် စုတ်မယ်နဲ့ ပလုပ်ကယ်ဝဝ ဖုတ်ကြလေသတည်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar