Breaking News

ရန်ကုန်မြို့ ငလျင်အန္တရာယ် ဘယ်လောက်ကြီးမားနိုင်လဲ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၈ မြင်ကွင်း

(မိုးမခ) မေ ၁၉ ၊ ၂၀၂၆


ရန်ကုန်မြို့ ငလျင်အန္တရာယ် ဘယ်လောက်ကြီးမားနိုင်လဲ 

မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်မှာ ရန်ကုန်မြို့ တောင်ဘက် ရန်ကုန်မြစ်ဝ မီးပြအနီးကို ဗဟိုချက်ပြုပြီး မဂ္ဂနီကျု့ ပြင်းအား ၅.၂ ရှိတဲ့ အလယ်အလတ်ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ 

ရန်ကုန်မြို့ အထပ်မြင့်အဆောက်အဦတွေမှာ နေထိုင်နေတဲ့သူတွေ ထိတ်လန့်ပြီး နေအိမ်အောက်ကို ပြေးဆင်းကြတာ၊ အချို့သော အထပ်မြင့် ဈေးဝယ်စင်တာတွေနဲ့ ရုံးတွေကို ရောက်နေတဲ့သူတွေ အဆောက်အဦအပြင်ဘက် ပြေးထွက်ကာ တိမ်းရှောင်နေကြတဲ့ အကြောင်းတွေ သတင်းတွေမှာ တွေ့မြင်ကြရပါတယ်။ 

အထပ်မြင့် အဆောက်အဦတွေ အများအပြားရှိတဲ့ ရန်ကုန်မြို့လို နေရာအဖို့ အခုလို ပြင်းအား အလယ်အလတ်ရှိတဲ့ ငလျင် လှုပ်ခတ်လိုက်တာဟာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရင် ဘယ်လိုဖြစ်နိုင်လဲ ဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်လာစေတာလည်း ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ၁ နှစ်သာသာက စစ်ကိုင်းမြို့အနီးကို ဗဟိုချက်ပြုပြီး ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ နေပြည်တော်၊ ပျဥ်းမနားတို့မှာ အပျက်အစီးကြီးကြီးမားမားနဲ့ လူပေါင်း ၄၀၀၀ နီးပါး အသက်ဆုံးရှုံး

ရန်ကုန်မြို့လောက် အထပ်မြင့် အဆောက်အဦမများတဲ့ မန္တလေးမြို့လို မြို့အနေနဲ့တောင် လူ ထောင်ချီ အသက်ဆုံးရှုံးကြရပြီး ပျက်စီးမှု အတိုင်းအတာပမာဏ ကြီးမားတဲ့အချက်ကို ထောက်ရင် အကယ်၍ မန္တလေး/စစ်ကိုင်းတို့မှာ လှုပ်ခတ်တဲ့ ငလျင်ပြင်းအားမျိုး ရန်ကုန်မြို့မှာ လှုပ်ခတ်ခဲ့ရင်ဆိုတဲ့ မေးခွန်းက စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာ ပြင်းအားကြီးမားတဲ့ ငလျင်လှုပ်ခတ်ခဲ့ရင် ငလျင်ဒဏ်ကြောင့် ဖြစ်နိုင်တဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေက မန္တလေးထက်ကြီးမားလိမ့်မယ်ဆိုတာ မှန်းဆရုံနဲ့ သိနိုင်ပါတယ်။ ငလျင်ဒဏ် ခံနိုင်ရည်မရှိတဲ့ အဆောက်အဦက ရာနှုန်းအများစု ဖြစ်နေတဲ့ အနေအထား၊ အဆောက်အဦတွေရဲ့ ခိုင်မာမှုအရည်အသွေးတွေ နဲ့ ပတ်သက်လို့ စစ်ဆေးကြပ်မတ်မှု အားနည်းခဲ့တဲ့ အခြေအနေကြောင့် လက်ရှိ အသုံးပြုနေကြတဲ့ လူနေအိမ်တိုက်တာတွေ၊ အများနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေ အများစုက အင်အားပြင်း ငလျင်သာလှုပ်ခတ်ခဲ့ရင် ပြိုကျ ပျက်စီးကြလိမ့်မှာ သေချာတဲ့ အနေအထားဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာ အထပ်မြင့် လူနေတိုက်တွေ အများစုဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကန်ထရိုက်တိုက် ခေတ်လို့ခေါ်တဲ့ ကာလမှာ ဆောက်လုပ်ကြတာတွေ ဖြစ်သလို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၁ ခု ၂ ခုအတွင်း ဆောက်လုပ်ခဲ့ကြတဲ့ အထပ်မြင့် လူနေတိုက်တာ အဆောက်အဦတွေဟာလည်း ငလျင် ဒဏ်ခံနိုင်ဖို့ ထည့်သွင်းစဥ်းစားခဲ့တာ မရှိသလို ငလျင်ဒဏ် မဟုတ်ဘဲ ပုံမှန် အရည်အသွေး စစ်ဆေးမှု သတ်မှတ်ချက်စံတွေတောင် မပြည့်မှီကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ 

အဆောက်အဦ အရည်အသွေး စစ်ဆေးဖို့ တာဝန်ရှိတဲ့ စည်ပင်သာယာအနေနဲ့ လာဘ်စားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာကြောင့် အကယ်၍သာ ငလျင်ဘေးလိုမျိုး ရင်ဆိုင်ရရင် ဘယ်လောက်ထိ ထိခိုက်ပျက်စီး သေကြေကြမလဲဆိုတာ အတိအကျ မမှန်းဆနိုင်သည့်တိုင် အန္တရာယ် ကြီးမားတယ်ဆိုတာတော့ ငြင်းမရတဲ့ အနေအထားဖြစ်ပါတယ်။ 

စစ်ကိုင်း ပြတ်ရွေ့ ငလျင်ကြောဟာ ရန်ကုန်မြို့ အရှေ့ဘက် တောင်နဲ့ မြောက် ဖြတ်သန်းတည်ရှိနေတာ ဖြစ်ပြီး မေလ ၁၈ ရက်နေ့ လှုပ်ခတ်တဲ့ငလျင်ဗဟိုချက်ဟာ အဆိုပါ ပြတ်ရွေ့ကြော ပေါ်မှာလို့ ယူဆရပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ ပိုမိုနီးကပ်တဲ့ ရန်ကုန်မြို့ အရှေ့ဘက်ခြမ်းမှာ တည်ရှိကြတဲ့ ဒဂုံမြို့သစ်တို့လို မြို့နယ်၊ ရပ်ကွက်တွေက ငလျင်ဘေးအန္တရာယ်ကို ရန်ကုန်မြို့ အနောက်ပိုင်း မြို့နယ်တွေထက် ပိုမိုခံစားရနိုင်တယ်လို့လည်း ငလျင်ကျွမ်းကျင်သူ ပညာရှင်တွေက ပြောဆိုထားကြတာပါ။ 

နဝတ အစိုးရလက်ထက်နဲ့ အဲဒီနောက်ပိုင်း ရန်ကုန်မြို့သစ်တိုးချဲ့ကြရာမှာ မြို့ရဲ့ အရှေ့ပိုင်းတွေဆီ တိုးချဲ့ကြခြင်းဟာ ပြတ်ရွေ့ကြောနဲ့ ပိုမိုနီးကပ်စေခဲ့တာ ဖြစ်ပြီး ဒဂုံမြို့သစ် မြို့နယ်တွေက မြေအနေအထားက ပိုပြီးပျော့တာကြောင့်လည်း ပြင်းအားကြီးတဲ့ ငလျင်သာလှုပ်ခဲ့ရင် ပိုမိုထိခိုက်ခံစားရနိုင်ခြေ ရှိတာလည်း ဖြစ်ပါတယ်။ 

ငလျင် လှုပ်ခတ်တဲ့ ဖြစ်စဥ် သမိုင်းတွေအရ နှစ်ပေါင်း ၈၀ ကနေ ၁၀၀ ဝန်းကျင်မှာ အင်အားပြင်းထန်တဲ့ ငလျင်မျိုး တကြိမ်လှုပ်ခတ်လေ့ ရှိတာ၊ ရန်ကုန်၊ ပဲခူးဝန်းကျင်တွေမှာ အင်းအားပြင်း ငလျင် လှုပ်ခတ်ခဲ့တဲ့ ရာဇဝင်အနေနဲ့ ၁၉၃၀ ပဲခူးငလျင်က နောက်ဆုံး အနေနဲ့ လှုပ်ခတ်ခဲ့တဲ့အချက်တွေက ဒီဧရိယာတွေမှာ မကြာခင် နှစ်တွေမှာ အင်အားပြင်း ငလျင်လှုပ်ခတ်လာမလားဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

၂၀၁၁ ခုနှစ်က ဂျပန်တိုကျိုတက္ကသိုလ်နဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီ တို့ ပူးပေါင်း သုတေသနပြုချက်အရ ပဲခူး၊ ရန်ကုန်၊ ဧရိယာမှာ ပဲခူးငလျင်ကြီးပြီးနောက် နှစ်ပေါင်း ၁၅၀ မှာ ပြင်းအား ၇ အထက်ရှိတဲ့ ငလျင် နောက်တကြိမ် လှုပ်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဘီဘီစီ မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားပါတယ်။ 

နှစ်ပေါင်း ၁၅၀ ထက်စောပြီး လှုပ်ခတ်တာမျိုးလည်း ဖြစ်နိုင်သလို အကယ်၍ စောပြီးလှုပ်ခတ်ရင်တော့ ပြင်းအားအနေနဲ့ ၇ အဆင့်ကို အနည်းငယ်လျော့ပြီး ၆ အထက် ရှိတဲ့ငလျင်မျိုး ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြောင်း အဆိုပါ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

ဒီအချက်အလက်တွေ ခန့်မှန်းချက်တွေကို ကြည့်ရင် ရန်ကုန်မြို့အနေနဲ့ လာမယ့် ခုနှစ်တွေ ဆယ်စုနှစ်တွေက အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်လာနိုင်ခြေရှိတာကို စောင့်ကြိုနေရတဲ့ သဘောလည်း ဖြစ်ပါတယ်။ နှစ်ကာလ တိုးလာတာနဲ့အမျှ လှုပ်ခတ်မယ့် အင်အားပြင်း ငလျင်ရဲ့ ပြင်းအားက ပိုမိုပြင်းထန်လာနိုင်တဲ့ သဘော၊ အင်အားစုဆောင်းလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အဲလို အနေအထားမှာ အန္တရာအတွက် ကြိုတင်ပြင်ဆင်မှု၊ အားပြင်းတဲ့ ငလျင်လှုပ်ခဲ့ရင် သေချာပေါက် အန္တရာယ်ကျရောက်နိုင်တဲ့ အဆင့်မမှီတော့တဲ့ လူနေ အထပ်မြင့် အဆောက်အဦတွေ ဖြိုဖျက် အစားထိုးဆောက်လုပ်တာ၊ အသစ်ဆောက်လုပ်မယ့် အထပ်မြင့် အဆောက်အဦတွေကို ငလျင်ဒဏ် ခံနိုင်ရည်အတိုင်းအတာတခုထိ ရှိအောင် အရည်အသွေးစံနှုန်း သတ်မှတ်ဆောက်လုပ်စေတာတွေ အရေးတကြီးလိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

သို့ပေမယ့် အာဏာသိမ်းပြီး အရပ်ဝတ် ဝတ်ထားတဲ့ စစ်အစိုးရ ရဲ့ အုပ်ချုပ်မှုအောက်မှာ အထက်က လိုအပ်တဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုမျိုး ရှိလာဖို့ မျှော်လင့်လို့ မရတဲ့ အနေအထားဖြစ်ပါတယ်။ 

ငလျင်ဘေးဒဏ်ကနေ ကြိုတင်ကာကွယ်ရေး ပညာပေးမှုတွေလည်း နည်းပါးလွန်းတဲ့အနေအထားမှာ ရန်ကုန်မြို့က အထပ်မြင့် အဆောက်အဦတွေမှာ နေထိုင်နေကြတဲ့သူတွေ အဖို့တော့ နှစ်တရာကျော်မှာတကြိမ်ပြန်လာတတ်တဲ့ အချိန်ကိုက်ဗုံးတခုလို ဖြစ်နေတဲ့ အင်အားပြင်း ငလျင်ကို စက္ကန့်နာရီ ရေတွက်ရင်း စောင့်စားအသက်ရှင်နေကြရသလို ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar