Breaking News

တင်မိုး - လူငယ့်ကြေးမုံ - ၃


တင်မိုး - လူငယ့်ကြေးမုံ - ၃
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၉

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် ဆရာတင်မိုးရေးသားပေးခဲ့သော လူငယ့်ကြေးမုံများ
(၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

လူငယ်တိုင်းမှာသမိုင်းရှိတယ်။ အတ္ထုပ္ပတ္တိရှိတယ်။ ကိုယ့်သမိုင်းကိုယ် မှဲ့စွန်းမှဲ့ပြောက်အထင်မခံရဘူး။
သန့်စင်အောင် အမြဲပွတ်တိုက်ဆေးကြောရမယ်။ သမိုင်းမှာအစွန်းထင်မိရင် တော်တော်နဲ့မပျောက်။
ကြောက်စရာအလွန်ကောင်းတယ်။
ဒါကြောင့် ကိုယ့်သမိုင်းကိုဖွပ်ပါ…။ လျော်ပါ…။ သန့်စင်ပါစေ…။
‘သတိ’သည်‘ဆား’၊ ‘ကဗျာ’သည်‘ပျား’တဲ့…။ အမှားကင်းအောင်နေပါလေ။

စိတ်ဓါတ်ခွန်အားတိုးပွားအောင် အတ္ထုပ္ပတ္တိစာတွေ များများဖတ်ပေးဖို့လိုမယ်။
ဗိုလ်ချုပ်အောင်ဆန်းအတ္ထု ပ္ပတ္တိဖတ်ရရင် ရိုးသားခြင်းက ထင်းထင်းပေါ်တယ်။ ဖြောင့်မတ်တာကိုတွေ့ရမယ်။ ကိုယ်ကျိုးမကြည့်၊ အများအကျိုးကိုကြည့်တတ်တာကိုသိရမယ်။ စံနမူနာယူစရာဖြစ်ရပ်တွေကို အမှတ်ရရဖြစ် နေမယ်။

တချို့ဆိုရင် ‘ဂျာနယ်ကျော်မမလေး’ရေးတဲ့ ‘သူလိုလူ’ကိုဖတ်မိလို့ သတင်းစာဆရာ၊ စာရေးဆရာ ‘ဂျာနယ် ကျော်ဦးချစ်မောင်’ကိုအားကျမိ၊ စံထားမိတယ်။ သူလိုစိတ်ဓါတ်မျိုးကို လေးမြတ်ကြည်ညိုမိတယ်။
‘ဗန်းမော်တင်အောင်’တို့၊ အခုအကျဉ်းစံသတင်းစာဆရာကြီး‘ဦးတင်းဝင်’တို့ဟာ ‘ဂျာနယ်ကျော်ဦးချစ် မောင်’ကို အားပြုခဲ့တဲ့ပုဂ္ဂိုလ်တွေပါ။ ကောင်းတာတွေအတုယူတော့ ကောင်းတဲ့စိတ်ဓါတ်တွေကူးစက်တယ်။ ကောင်းတဲ့အကျင့်စာရိတ္တကို အားကျမွေးမြူမိတယ်။

‘ဦးနေဝင်း’အတ္ထုပ္ပတ္တိကို ဒေါက်တာမောင်မောင်ကရေးခဲ့တယ်။ စိတ်ဝင်တစားဖတ်ကြည့်မိပါတယ်။ ဆောင် ရန်မဟုတ်။ ရှောင်ရန်သင်ခန်းစာတွေရခဲ့တယ်။သူ့ရဲ့မကောင်းတဲ့စရိုက်ဆိုးတွေ ရုပ်လုံးပေါ်နေတာမြင်ရတယ်။
စာရေးသူ‘ဒေါက်တာမောင်မောင်’ကတော့ ကုဋ္ဌနူနာကိုရွှေချ၊ သနပ်ခါးလူးပေးတာပဲ။

ဒါပေမဲ့ပင်ကိုယ်ကပုပ်နေလေတော့ ညှီစို့စို့ပုပ်အဲ့အဲ့အနံ့ကမပျောက်။ အဲဒီအတ္ထုပ္ပတ္တိကတော့ စံပြုစရာ အတ္ထုပ္ပတ္တိမဟုတ်။ ဝေးဝေးကရှောင်ရမဲ့ သရုပ်ဆောင်ဇာတ်ကောင်တွေဖြစ်တယ်။

အတ္ထုပ္ပတ္တိတွေဖတ်ရတာကောင်းတယ်။ ဆောင်ရန်၊ ရှောင်ရန်တွေကို ဝေဖန်စဉ်းစားချင့်ချိန်နိုင်တယ်။

‘မာန်ဝင်ကာ အလှဂုဏ်ကိုးသူရဲ
အန်ချင်စရာ ငါ့ပုံကဆိုးရော့သလား’တဲ့…။
(ဦးဖိုးစိန်ကြီးရဲ့မင်းကုသငိုချင်းမှ)

၁၅-၀၁-၂၀၀၃