Breaking News

PDF တွေ အနေနဲ့ ပထမဆုံး သိမ်းယူနိုင်တဲ့မြို့ ကောလင်းနဲ့ စစ်ရေးအလားအလာ



မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၆ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၃


PDF တွေ အနေနဲ့ ပထမဆုံး သိမ်းယူနိုင်တဲ့မြို့  ကောလင်းနဲ့ စစ်ရေးအလားအလာ

စစ်ကိုင်းတိုင်းက ခရိုင်မြို့ တမြို့ဖြစ်တဲ့ ကောလင်းမြို့ဟာ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေအနေနဲ့ ပထမဆုံး သိမ်းယူနိုင်တဲ့ မြို့ဖြစ်လာခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ဆင်ရေးထဲက လို့မဆိုနိုင်သော်လည်း ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အခြေအနေ အပေါ်အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တဲ့ သဘောလို့ဆိုနိုင်ပါလိမ့်မယ်။ 

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာတော့ ချင်းရွှေဟော် နယ်စပ်မြို့၊ ဖောင်းဆိုင် စတဲ့မြို့တွေကို ကိုးကန့်လက်နက်ကိုင် တပ်က သိမ်းယူခဲ့တာ ဖြစ်သော်လည်း အခု ကောလင်းမြို့ကတော့ PDF တပ်ဖွဲ့တွေက သိမ်းယူခဲ့တာဖြစ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အောက်က လက်နက်ကိုင်တပ်က ပထမဆုံး သိမ်းယူနိုင်တဲ့ မြို့အဖြစ်နဲ့ အပြောင်းအလဲတခုကို ဖေါ်ပြလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းက PDF တပ်ဖွဲ့တွေအများစုမှာ စစ်ရေးနဲ့ပတ်သက်လို့ KIA က စစ်ရေးအတွေ့အကြုံ ရှိတဲ့သူတွေက စစ်ရေးပိုင်းမှာ ဦးဆောင်ကြတာဖြစ်လို့ KIA နဲ့ PDF ပူးပေါင်းထားတဲ့ လက်နက်ကိုင် အဖွဲ့အနေနဲ့ အချို့က ဖေါ်ပြကြပေမယ့် အများစုသော လက်နက်ကိုင်တွေက သက်ဆိုင်ရာ ဒေသက ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တွေဖြစ်ပြီး NUG ရဲ့ ထောက်ပံ့မှု၊ အမိန့်ပေးမှုအောက်ကနေ တိုက်ခိုက်နေကြတဲ့ တပ်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ 

ကောလင်းမြို့ဟာ ၂၀၁၉ ခုနှစ်မတိုင်ခင်က ကသာ ခရိုင်ထဲက မြို့နယ်ဖြစ်ပေမယ့် အဆိုပါနောက်ပိုင်းတော့ ခရိုင်အဆင့် တိုးမြှင့်ခဲ့ပြီး ခရိုင်မြို့ဖြစ်လာတာပါ။ မြစ်ကြီးနား မန္တလေး ရထားလမ်းပေါ်မှာ တည်ရှိပြီး ဧရာဝတီမြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ မြို့အနေနဲ့ လူဦးရေ ၂ သောင်းဝန်းကျင် သာရှိပေမယ့် မြို့နယ်တခုလုံးအနေနဲ့တော့ ၁ သိန်းခွဲလောက်ရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ 

တောင်ဘက်မှာ ချပ်သင်း၊ ကျွန်းလှ အစရှိတဲ့ မြို့တွေရှိပြီး မြောက်ဘက်မှာ ဝန်းသို၊ ပင်လယ်ဘူး၊ အင်းတော်တို့ ရှိပါတယ်။ အခုလို ခရိုင်ရုံးစိုက်ရာ ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းယူလိုက်ခြင်းဟာ PDF တပ်ဖွဲ့တွေအဖို့ စိတ်ဓါတ်ရေးရာအရ တက်ကြွဖွယ်ရာ ဖြစ်ပြီး မြို့ကို ဘယ်လို ထိန်းသိမ်းကာကွယ်မလဲ၊ မြို့ပေါ်မှာ နေထိုင်ကြတဲ့ သူတွေအနေနဲ့ မြို့ပေါ်မှာ ဆက်လက်နေထိုင်ကြမလား၊ သို့မဟုတ် စစ်ရေးအရ ပြန်လည်သိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အလားအလာကြောင့် အခြားမြို့တွေရွာတွေမှာတိမ်းရှောင် နေထိုင်ကြရမလား စတဲ့အနေအထားတွေလည်း စဥ်းစားစရာရှိလာတာ ဖြစ်ပါတယ်။

 မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး မသိမ်းနိုင်ခဲ့ဘဲ မီးရှို့ဖျက်ဆီးခံရတဲ့ မြို့အနေနဲ့ဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့ ဖြစ်ရပ်က စိတ်မကောင်းစရာ နမူနာတခုဖြစ်ပြီး ယခု ကောလင်းမြို့ကတော့ PDF တွေ သိမ်းယူနိုင်ခဲ့တဲ့ အနေအထားဖြစ်ပြီး တိုက်ပွဲတွေအတွင်း အရပ်သား အသေအပျောက်တော့ တိတိကျကျ မသိရသေးဘူးလို့ NUG/ PDF ဘက်က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။  နောက်တဆင့် အနေနဲ့ မြို့ကို ထိန်းသိမ်းထားနိုင်ရေး စစ်ရေးအရ စီမံမှု၊ ကာကွယ်မှုတွေက အရေးကြီးလာမယ့် အနေအထားလည်း ဖြစ်ပါတယ်။ မြို့တွေကို သိမ်းယူနိုင်ခြင်းက ရန်သူကို စိတ်ဓါတ်ရေးရာ အရအသာစီးရတယ်လို့ ဆိုနိုင်မှာဖြစ်ပေမယ့် ဘယ်လောက် အရင်းအနှီးကြီးသလဲ၊ မြို့တမြို့ကို ထိန်းထားနိုင်ဖို့ စစ်လက်နက်၊ ယန္တရား ဘာတွေ လိုအပ်မလဲ စတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာမှာဖြစ်ပါတယ်။ စိတ်ဓါတ်ရေးအရ ၊ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းလို့ ဆိုကြတဲ့ အခုလိုမြို့သိမ်းတိုက်ပွဲတွေအတွက် လက်နက်အင်အား၊ ငွေကြေးအင်အားနဲ့ စစ်ရေးမဟာဗျူဟာ စတဲ့ အရင်းအနှီးတွေ ရင်းနှီးထားကြရတာ ဖြစ်ပြီး ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့က စိတ်ဓါတ်ရေးအရ အရေးကြီးတဲ့ အချက်တချက်လည်း ဖြစ်လာနေပါတယ်။ 

နောက်တချက်က ဆီးရီးယား၊ ယူကရိန်းနဲ့ ဂါဇာဒေသစစ်ပွဲကြီးတွေမှာ - စစ်အင်အားကြီးသူတွေက ရန်သူကို ဘယ်လို တုန့်ပြန်ချေမှုန်းတတ်ကြသလဲဆိုတာကိုလည်း သင်ခန်းစာယူစရာအနေနဲ့ လေ့လာပြီး ရှေ့အတွက် ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အာဏာရှင်အာဆတ်က သူ့ဆန့်ကျင်သူတွေ၏ မြို့ ရွာ တွေကို ပြာပုံဆိုက်အောင် ဗုံးမိုးရွာ၊ အမြောက်မိုးရွာခဲ့ပါတယ်။ အာဆတ်၏ မဟာမိတ် ရုရှားစစ်အာဏာရှင် ပူတင်ကလည်း ယူကရိန်းကို လေကြောင်း၊ အမြောက်၊ ဒုံးကျည် အင်အားအသာနဲ့ ကျုးကျော်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ အစ္စရေးစစ်တပ်က လက်နက်အင်အားအသာစီးနဲ့ ဂါဇာမြို့တော်ကို အုတ်ပုံအတိဖြစ်အောင် တိုက်ခိုက်နေတာ မျက်မြင်ပါပဲ။ ပြည်သူတွေအားလုံးဟာ အိုးအိမ်စည်းစိမ်တွေအကုန် လက်လွတ်ပြီး အသက်ဘေးလွတ်ရာ ပြေးလွှားနေကြရတာ မြင်နိုင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အမြောက်လက်နက်တွေ သုံးပြီး အဝေးကနေ ပြည်သူတွေကို ကျေးလက်တွေကို ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသလို လေကြောင်းအတွက် လက်နက်များ ထပ်မံဖြည့်ဆည်းနေတာ ကြားသိနေရပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းက တိုက်ပွဲသတင်း စစ်ရေးသတင်းတွေ အပြင် ကောလင်းမြို့သိမ်းတိုက်ပွဲလို သဘောသဘာဝတူတဲ့ အကြောင်းအရာကတော့ ကရင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက စလို့ ကော့ကရိတ်မြို့ကို တိုက်ခိုက်မှု၊ ကြာအင်းဆိပ်ကြီးမြို့ကို တိုက်ခိုက်မှုတွေ တကြိမ်မက ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်က မြို့တွေကို ကေအန်အယ်လ်အေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ က သိမ်းယူနိုင်ခဲ့တာမရှိခဲ့ပါဘူး။ မြို့ခံတွေအဖို့ တကြိမ်မြို့ကို တိုက်ခိုက်တဲ့အခါတိုင်း ပြေးရ၊ ဗုံးခိုကျင်းထဲ ပုန်းရ၊ အချို့ အရပ်သားတွေလည်း လက်နက်ကြီးကျည် ထိမှန်ခံရတာတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယခု ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ ရက်နဲ့ နောက်ရက်အနည်းငယ်အတွင်းမှာလည်း ကေအန်အယ်လ်အေ နဲ့ ပူးပေါင်းအဖွဲ့တွေက ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေကို ထပ်မံတိုက်ခိုက်နေတာ ဖြစ်ပြီး ကော့ကရိတ်မြို့ နဲ့ ကြာအင်းဆိပ်ကြီးမြို့က မြို့ခံတွေ အနေနဲ့ စစ်လက်နက်ဒဏ် မခံရအောင် သတိနဲ့ နေထိုင်၊ တိမ်းရှောင်နေကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်စခန်းတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဘယ်အရာက ပိုအရေးကြီးသလဲဆိုတဲ့ မေးခွန်းလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲက ပြယုဂ်တခုဖြစ်သလို အရေးပါတဲ့ မဟာဗျူဟာကျတဲ့ စစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကတော့ စစ်ရေး အသာစီးရဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar