Breaking News

ဧရာ(မန္တလေး) - အလိမ္မာနဲ့ စာ


ဧရာ(မန္တလေး) - အလိမ္မာနဲ့ စာ

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၉

“အလိမ္မာ စာမှာ ရှိသည်” ဆိုတဲ့ စကားရှိပါတယ်။ လိမ္မာတယ်လို့ ဆိုရင် အချို့က လူကြီးမိဘစကားကို နာခံတာ (obedience) လို့ နားလည်တတ်ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ နာခံမှုဆိုတာထက် ကျွမ်းကျင်လိမ္မာမှု (skillfulness) ဆိုတဲ့ အဓိပ္ပါယ်က ပိုပြီး ဆီလျော်မယ်ထင်ပါတယ်။

ကျွမ်းကျင်လိမ္မာမှုကို နှစ်မျိုး ထပ်ခွဲနိုင်ပါတယ်။ ပထမအမျိုးအစားက ဆေးပညာ၊ အင်ဂျင်နီယာပညာ၊ ဥပဒေပညာ စတဲ့ ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်မှုမျိုး (professional skills) ပါ။ ဒုတိယအမျိုးအစားကတော့ critical thinking skill, creative thinking skill, communication skill, problem solving skills စတဲ့ ဘယ်နယ်ပယ်မှာမဆို အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုမျိုး (transferable skills) ပါ။

“အလိမ္မာ စာမှာ ရှိသည်” ဆိုပေမယ့် ကျွမ်းကျင်လိမ္မာမှုကို စာဖတ်ရုံသက်သက်နဲ့တော့ မရနိုင်ပါဘူး။ တက္ကသိုလ်ကနေ ဘွဲ့တစ်ခုခု ရထားရုံနဲ့လည်း မရသေးပါဘူး။ အတွေ့အကြုံကနေသာ ကျွမ်းကျင်လိမ္မာမှုကို ရနိုင်ပါတယ်။ ဒါကြောင့် အချို့တက္ကသိုလ်တွေက ဘွဲ့မပေးခင်မှာ အလုပ်သင်အဖြစ် လုပ်ငန်းခွင်အတွေ့အကြုံ ယူခိုင်းတာပါ။ ကျောင်းပြီးလို့ အလုပ်ဝင်ရင်လည်း လုပ်ငန်းကျွမ်းကျင်တဲ့ ဆရာသမားတစ်ဦးဦးရဲ့ လမ်းညွှန်မှုကို ယူရပြန်ပါတယ်။ လုပ်ငန်း မကျွမ်းကျင်သေးချိန်မှာ ခက်ခဲနေတတ်ပါတယ်။ မခက်ခဲတောင် ချောချောမွေ့မွေ့ မဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်သွားတဲ့ အခါမှာတော့ လုပ်ငန်းအထာကျသွားပြီး “သမားရိုးကျ” အတိုင်း လုပ်နိုင်သွားပါတယ်။ “သမားရိုးကျလုပ်နိုင်တယ်” ဆိုတာက ကိုယ့်ရှေ့က ဆရာသမားတွေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နိုင်သွားတာပါ။ (တိုးတက်ဖို့အတွက် ရှေ့က ဆရာတွေထက် ကျော်ပြီး လုပ်နိုင်ဖို့ လိုတယ်လို့ ပြောရင်လည်း၊ ကိုယ်ရှေ့ကလူတွေလောက် လုပ်နိုင်အောင်တော့ အရင် ကြိုးစားရပါသေးတယ်)။

ကိုယ်တိုင် “သမား” ဖြစ်ဖို့အတွက် ကိုယ့်ရှေ့က ဆရာသမားတွေထံ တပည့်ခံရတာမျိုးကို Discipline လို့ ခေါ်ပါတယ်။ Discipline ဆိုတာက တပည့် (Disciple) ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာပါတယ်။ သင်္ချာ၊ သမိုင်း၊ ဥပဒေ၊ စီးပွားရေးစတဲ့ ပညာရပ်နယ်ပယ်တွေကိုလည်း Discipline လို့ သုံးပါတယ်။ မိမိကိုယ် မိမိ ထိန်းထိန်း သိမ်းသိမ်းနေတတ်တာ၊ စနစ်ကျတာ၊ စည်းကမ်းရှိတာကိုလည်း Discipline လို့ သုံးပါတယ်။

ပထမ Discipline ကတော့ သင်္ချာဆရာတစ်ယောက်လို၊ ရှေ့နေတစ်ယောက်လို၊ ဆရာဝန်တစ်ယောက်လို စဉ်းစားတွေးခေါ် လုပ်ဆောင်တတ်ဖို့ လေ့ကျင့်သင်ကြားပေးပါတယ်။ အသိပညာနဲ့ professional skill ရအောင် သင်ယူရပါတယ်။ ဒုတိယ Discipline ကတော့ ဘဝမှာ ကြုံတွေ့လာမယ့် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာမှာ လိုအပ်မယ့် အရည်အသွေးတွေကို သင်ယူရပါတယ်။ (Survival skills တွေလို့လည်း ခေါ်ချင် ခေါ်နိုင်ပါတယ်)။ မင်္ဂလသုတ်က “ဗာဟုသစ္စဉ္စ, သိပ္ပဉ္စ” ဆိုတဲ့ မင်္ဂလာနှစ်ပါးက ပထမ discipline မျိုးနဲ့ ဆိုင်ပါတယ်။ “ဝိနယော စ သုသိက္ခိတော, သုဘာသိတာ စ ယာ ဝါစာ” ဆိုတဲ့ မင်္ဂလာနှစ်ပါးကတော့ ဒုတိယ discipline နဲ့ ဆိုင်ပါတယ်။ ပညာရေးဆိုတာက ဗဟုသစ္စလို့ ခေါ်တဲ့ knowledge တင်သာမက သိပ္ပလို့ ခေါ်တဲ့ professional skills/ disciplinary skills တွေကိုလည်း ရအောင်ယူရပါတယ်။ ပြီးတော့ သုသိက္ခိတနဲ့ သုဘာသိတ လို့ခေါ်တဲ့ transferable skills တွေရအောင်လည်း ယူရပါတယ်။

ဒါပေမယ့် ယေဘုယျအားဖြင့် ပညာရေးမှာ မသိသေးတဲ့ ဗဟုသုတ အသစ်တွေကို သင်ကြားတာကိုပဲ ဦးစာပေးတတ်ကြပါတယ်။ သမိုင်းဆိုရင် နေ့စွဲတွေမှတ်ဖို့, သင်္ချာဆိုရင် ပုံသေနည်း အသစ်တွေကို မှတ်ကြရတယ်။ ဒါပေမယ့် သမိုင်းပညာရှင် တစ်ယောက်လို, သင်္ချာပညာရှင် တစ်ယောက်လို စဉ်းစားတတ်ဖို့ဆိုတဲ့ Disciplinary Thinking အပိုင်းမှာ အားနည်းနေတတ်တယ်... ။ အထူးသဖြင့် အချက်အလက်တွေကိုပဲ ဦးစားပေးမယ် ဆိုရင် အလွတ်ကျက်ပညာရေးပဲ ဖြစ်သွားနိုင်သလို disciplinary thinking မှာ အားနည်း သွားနိုင်ပါတယ်။ ပိုဆိုးတာကတော့ အလွတ်မှတ်ထားတဲ့ အချက်အလက် ဆိုတာတွေက မသုံးရင် ပြန် မနွှေးရင် လွယ်လွယ်နဲ့ မေ့ပျောက်သွား တတ်ပါတယ်။ Skills တွေကတော့ (စက်ဘီးစီးတာ, ရေကူးတာ တွေလို) အသုံးမချဘူး လေ့ကျင့် မနေဘူးဆိုရင်တောင် (သိပ် မကျွမ်းကျင်တာသာရှိမယ်) လွယ်လွယ် မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။

အကယ်၍ ပညာရေးကနေ စာတွေလောက်ပဲ ရခဲ့ပြီး ကျွမ်းကျင်မှုတွေ မရခဲ့ရင် အသက်မွေးဖို့ အတွက် ခက်နိုင်ပါမယ်။ စာတင်မက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကိုပါ ရခဲ့ရင်တော့ ဒီပညာနဲ့ အသက်မွေးနိုင်ပါလိမ့်မယ်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို ရှာမှီးဆည်းပူးရင်း ဝေဖန်ပိုင်းခြားစဉ်းစားတတ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ကြံဆနိုင်မှု၊ ပြောဆိုဆက်ဆံမှုစတဲ့ အရည်အချင်းတွေကိုပါ ရခဲ့မယ်ရင်တော့ ကိုယ်သင်ယူခဲ့တဲ့ ပညာရပ်နဲ့ အလုပ်မလုပ်ဘဲ အခြားနယ်ပယ်တစ်ခုခုမှာ အသက်မွေးမယ်ဆိုရင်တောင် အများကြီးအသုံးတည့်နေဦးမှာပါ။

ဒီတော့ ပညာတွေ သင်တယ်၊ စာတွေ ဖတ်တယ်ဆိုတာက သမားရိုးကျ (ဆရာကျကျ) တွေးခေါ် ပြောဆို လုပ်ဆောင်နိုင်ဖို့ ကျွမ်းကျင်လိမ္မာဖို့ ဆရာ့ထံ၊ စာအုပ်ထံမှာ တပည့်ခံတာ၊ Disciplined ဖြစ်အောင်လုပ်တာလို့ ဆိုချင်ပါတယ်။ ဒါဆိုရင် “အလိမ္မာ စာမှာရှိသည်” ဆိုတဲ့ စကားက ‘အလိမ္မာ’ ရဲ့ အဓိပ္ပါယ်ကို နာခံမှုရော၊ ကျွမ်းကျင်မှုပါ ယူနိုင်ပါလိမ့်မယ်။

P.S. Disciplinary Thinking အကြောင်းအသေးစိတ်ကိုတော့ Multiple Intelligences Theory ရဲ့ ဖခင် Howard Gardner ရေးတဲ့ Disciplined Mind, Five Minds for Future စတဲ့ စာအုပ်တွေမှာ ဖတ်နိုင်ပါတယ်။