Breaking News

တင်မိုး - ပြည်သူ့တပ်မတော်ဖြစ်လိုလျင်


တင်မိုး - ပြည်သူ့တပ်မတော်ဖြစ်လိုလျင်

ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၄)

(မိိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၉

(၁)

“တပ်မတော်” တဲ့။ ဒီနာမည်ကလေးကြားရ ရင်ထဲမှာ ချိုမြ။ ဒါကတော့ ဂျပန်ဝင်ခါစက ဘီအိုင်အေ … တဲ့။ ဘီဒီအေ …တဲ့။ နာမည်တွေက ကြားနေရတယ်။ ဘာမှန်းညာမှန်းတော့မသိ။ သိတာကတော့ တပ်မတော်လို့ အသံကြားတိုင်း ပီတိဖြစ်တယ်။ ကြက်သီးမွေးညင်းထတယ်။

“ဗိုလ်ချုပ်အောင်ဆန်း” တဲ့။ ဒီအသံကြားလျှင်ကြားချင်း ချစ်စိတ်ဝင်မိတယ်။ ငါတို့နိုင်ငံကိုကယ်တင်မယ့် ကယ်တင်ရှင်လို့ ထင်တယ်။ ငါတို့ရဲ့အကျိုးကို သက်စွန့်ကြိုးပမ်းထမ်းဆောင်မယ့် သူရဲကောင်းရယ်လို့ သွေးထဲမှာ စိမ့်ဝင်သွားတယ်။

“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့လို့ ဂျပန်ပြည်မှာကွယ် … တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ် …” တဲ့။ သီချင်းသံတွေ ဟိန်းနေအောင်ကြားရတယ်။ တက်ကြွမိတယ်။

“ငါတို့ဗမာပြည်မယ် … မိဘအပေါင်းကရယ် … ဗိုလ်အောင်ဆန်းလိုကွယ် သူရဲကောင်းတွေ မွေးကြရမယ်” တဲ့။ ကောင်းလိုက်တဲ့စာသား၊ ရင်ထဲမှာ တောက်ကြွားပါပေ့။

“ရဲဘော်သုံးကျိပ်” ဆိုပါလားဟေ့။ အားရစရာကြီး။ ဗိုလ်အောင်ဆန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လက်ျာ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်နေဝင်း၊ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင် … စတဲ့ အသံတွေကြားရတယ်။ နာမည်တွေကြားရတယ်။

ရွာထဲမှာ သုံးရောင်ခြယ်ဒေါင်းအလံကြီးကို ကိုင်ဆောင်ထားတဲ့လူငယ်တွေ လှည့်လာကြတယ်။ ပြည်သူတွေက ချစ်လိုက်ကြတာ။ သပြေပန်းတွေ ရေချမ်းတွေနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုနေကြတာ သတိရတယ်။ အဲဒီရှုခင်းကို မမေ့နိုင်ဘူး။ “သခင်မျိုးဟေ့ … တို့ဗမာ” ဆိုတဲ့ ကြွေးကြော်သံကြီးကို ကြားယောင်ယောင်။

(၂)နယ်ချဲ့အင်္ဂလိပ်တော်လှန်ရေး … တဲ့။ နောက်ပြီးတော့ … ဖက်ဆစ်ဂျပန်တော်လှန်ရေး … တဲ့။ ဒီတော်လှန်ရေးတွေကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေက ဦးဆောင်သတဲ့။ တပြည်လုံး ပြည်သူတွေက ထောက်ခံခဲ့ကြလို့တခဲနက် ဝက်ဝက်ကွဲအောင်မြင်ခဲ့သတဲ့။ ရွာကလူငယ်တွေလည်း တပ်မတော်ထဲ လိုက်သွားကြသတဲ့။ ကိုရင်ဝတ်နေတုန်း သင်္ကန်းတွေပုံထားခဲ့ပြီး ဗမာ့တပ်မတော်ထဲ ပါသွားကြသတဲ့။ ဗိုလ်မှတ်တို့၊ ဗိုလ်ထွန်းကြိုင်တို့ဆိုပဲ။ တို့ရွာက သူရဲကောင်း တွေပေါ့။ ဂုဏ်ယူစရာ၊ အားကျစရာ။

“ဖန်နေဝန်းသို့ညီ၊ ထွန်းလင်းပြောင်ပေသည်.. ဒါတို့တိုင်း၊ တို့ပြည် …. တို့ကာကွယ်မည်”

(၃)မြန်မာနိုင်ငံ လွတ်လပ်ရေးမကြေညာမီ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးခဲ့ရတယ်။ ကြေကွဲလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး။ ငါတို့ရွာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ရုံးနဲ့ ကွန်မြူနစ်ပါတီ ရုံးခန်းက ရဲဘော်လူငယ်တွေ မြေမှာလူးလှိမ့်ပြီး ငိုကြွေးကြ၊ တိုင်နဲ့ခေါင်းဆောင့်ပြီး တက်မတတ် ချက်မတတ် ငိုကြွေးကြနဲ့ ပွက်လောရိုက်ကုန်တယ်။ ရွာထဲက မိန်းမကြီးတွေလည်း ငိုကြီးချက်မ။ ဘုရားတကာ ဘုရားအမတွေကအစ မနေနိုင်။ မျက်ရည်တွေဖြိုင်ဖြိုင်ကျနေလို့ ရေစက်တောင် ဖြောင့်ဖြောင့်မချနိုင်။

“မြန်မာမျိုးတွက်တာ … ခက်စရာ၊
ကိုးကွယ်ရာမဲ့ ကြုံလာပြီကွယ်၊
လူသားမိစ္ဆာလက်ဝယ် …
ခေါင်းဆောင်တွေဖြင့် ခန္ဓာကြွေရတယ်” …. တဲ့။
ကြေကွဲဝမ်းနည်းစရာ သီချင်းသံတွေ ဖုံးလွှမ်းလို့။
“သောင်းမြန် မရဏာသမုတ်မှာတော့
ချုပ်သနဲ့ ယင်းအလိုတွင် …
အောင်ဆန်းရယ် … ဒေါင်းလံ ပုဝါအုပ်ပါလို့
ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်” တဲ့။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းက အာဇာနည်ကဗျာကြီးရေးပြီး ငိုရှာတယ်။
တပြည်လုံးညှိုးချုံးစိတ်ငယ် ဝမ်းနည်းဖွယ်ပေါ့။

(၄)ကိုင်း ဒီနေ့ တပ်မတော်သမိုင်း။ ကောင်းကြသေးရဲ့လားဗျာတို့။

ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က တပ်မတော်သမိုင်းနဲ့မတူဘဲ ဗိုလ်နေဝင်းခေတ်က တပ်မတော်သမိုင်း အရိုင်းတကာ့ ရိုင်းလိုက်ပုံများ ပြောမပြောချင်။ ရေးလည်းမရေးချင်။ လက်နက်အားကိုးနဲ့ ပြည်သူတွေကို ဓားမိုးနှိပ်ကွပ်နေတဲ့ တပ်မတော်သမိုင်း၊ ရှက်လည်းရှက်မိပါရဲ့။

မရေးချင် မဖွဲ့ချင်ပေမယ့် ရေးရဦးတော့မှာပဲ။ ၁၉၊ ၆၊ ၂၀၀၅ နေ့က ဒေါ်စုမွေးနေ့မဟုတ်လား။ ဗိုလ်ချုပ်ကွယ်လွန်စဉ်က ရင်ခွင်ပိုက်ကလေးမျှသာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုတော့ တပ်မတော်ရဲ့ အကျဉ်းသားဖြစ်နေရရှာပြီ။

“ပြည်သူ့တပ်မတော်” ဖြစ်လိုလျှင်
“အောင်ဆန်း” ဆိုတာ၊ “စု” ဆိုတာ
ပြည်သူ့ဘက်က၊ တို့ဘက်က။

တို့တိုင်းပြည်ဟာ
ဆောင်ဆန်းတိုင်းပြည်၊ စုတိုင်းပြည်ကွဲ့။
နေဝင်းတိုင်းပြည်၊ စစ်တိုင်းပြည်မဟုတ်။

ဆန်းနဲ့စုက
ပြည်သူ့ချစ်သား၊ ချစ်သမီး။

နေဝင်းနဲ့တပ်က၊ သေမင်းတပ်။
အပြတ်အသတ် ပြည်သူမုန်းတဲ့
တပ်လုံလုံး ခပ်တုံးတုံး။

အောင်ဆန်းရဲ့သား၊ ပြည်သူပြည်သားတွေကို
လက်ပါးစေလုပ်၊ လက်ဝါးကြီးအုပ်ဖို့
အယုတ်တမာ ကြံစည်ခဲ့ကြတယ်။

ဒီအကြံရိုင်း၊ အမှန်အတိုင်းကို
မဆိုင်းဖွင့်ချတဲ့ စုပါးစပ်ကို
သေနတ်နဲ့ပိတ်ဖို့ ကြံစည်ခဲ့တယ်။

တပ်မတော်သား၊ ပြည်သူ့သားတို့
တရားသည်ကို၊ ချစ်တယ်ဆိုရင်
“စု” ကိုလွှတ်လိုက်ကြပါလေ။

ပြည်သူ့ရင်ခွင်၊ စုရင်ခွင်သို့
ခိုဝင်လှည့်ကြပါကုန်လော့။

အောင်ဆန်းရဲ့သား၊ စုရဲ့သားတို့
မြတ်တရားကို ချစ်ကုန်လော့။

ရာဇဝင်တန်ဆောင်၊ ဂုဏ်ရည်ပြောင်အောင်
အောင်ဆန်းတပ်မတော် ထူထောင်လော့။

ပြည်သူနဲ့ တပ်မတော်
တူပျော်ပျော်လက်တွဲပြီး
သူရဲကောင်း အာဇာနည်ဖြစ်စေလော့။

ဖက်ဆစ်ဝါဒ၊ အုတ်မြစ်ချတဲ့
ဒမြတပ်မတော် မဖြစ်စေရ။

ပြည်သူတိုင်းက၊ ချစ်မြတ်နိုးကြတဲ့

ဗမာ့တပ်မတော် ဖြစ်စေလော့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၅၀)၊ နိုဝင်ဘာ ၂၀၀၅