မောင်လူမွှေး - အိတ်ကလေးနှစ်လုံးနဲ့ ရဲဘော်နှစ်ယောက်
မောင်လူမွှေး - အိတ်ကလေးနှစ်လုံးနဲ့ ရဲဘော်နှစ်ယောက်
မိုးမခ ၊ မေ ၊ ၁၉ ၊ ၂၀၂၆
မောင်လူမွှေးတို့ ရဲဘော်ရဲဘက်တစ်စု ညအချိန်ကြီး ကားလမ်းဘေးတစ်နေရာမှာ အလုပ်ရှုပ်နေကြပါတယ်။ ကားနှစ်စီးဟာ ဖင်ချင်းကပ်လျက် ရပ်ထားပြီး ကားထဲမှာပါတဲ့ ရဲဘော်ရုပ်အလောင်း နှစ်လောင်းထဲက တစ်လောင်းကို နောက်ကားတစ်စီးပေါ် တင်လိုက်တယ်။ ပြီးတော့ အိတ်ကလေးနှစ်လုံးကို လမ်းပေါ်မှာချပြီး အိတ်ကလေးတွေ ပိုင်ရှင်ရဲဘော်ဆီ ပါသွားဖို့အရေး ခွဲကြရပါတယ်။
ကျဆုံးရဲဘော်နှစ်ယောက်ရဲ့ အိတ်နှစ်လုံးမှာ တစ်လုံးက ကျောပိုးအိတ်၊ နောက်တစ်လုံးက ကျွတ်ကျွတ်အိတ်ပါ။ အထဲမှာ သူတို့အဝတ်အစားတွေ ပါတယ်။ သွေးစွန်းနေတဲ့ ကျောပိုးအိတ်ကို ဖွင့်ကြည့်ကြတယ်။ ယူနီဖောင်းကလွဲလို့ ရိုးရိုးအင်္ကျီလက်ရှည်တစ်ထည်သာ တွေ့ရတယ်။ မီးခြစ်ကလေးတစ်လုံးနဲ့ ဆေးပေါ့လိပ်ထုပ်လေးလည်း တွေ့ရတယ်။ မုတ်ဆိတ်ရိတ်ဓားလေးကိုလည်း တွေ့ရတယ်။
နောက်ကျွတ်ကျွတ်အိတ်ကြီးကို ဖွင့်ကြပြန်တယ်။ အိတ်က အောက်ခြေမှာ ပေါက်ပြဲနေပါပြီ။ ဒီကျွတ်ကျွတ်အိတ်ထဲမှာ အနီရောင်အနွေးထည်တစ်ထည်ကလွဲရင် ကျန်တာ ယူနီဖောင်းဝတ်စုံတွေပါပဲ။ ပြီးတော့ သွားတိုက်တံအသစ်၊ မဝတ်ရသေးတဲ့ အောက်ခံဘောင်းဘီလေးတစ်ထည်၊ မိုင်းထောင်တဲ့ ကြိုးခွေကလေးတစ်ခွေ...။
ရှေ့တန်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ အိတ်တွေထဲမှာ အရပ်သားတွေဝတ်တဲ့ အင်္ကျီတစ်ထည်စီကိုသာ တွေ့ရတယ်။ ဇိမ်ခံပစ္စည်းအဖြစ် ဆေးပေါ့လိပ်လေး ဆယ်လိပ်လောက်ပါတယ်။ အသက်မဲ့တဲ့ ခန္ဓာကိုယ်နှစ်ခုဟာ ဒီလိုအိတ်ကလေး တစ်လုံးစီနဲ့ အိမ်ပြန်လာခဲ့ကြတာပါ။ မောင်လူမွှေးတို့ လူစုလည်း အိတ်တစ်အိတ်စီကို ရဲဘော်တစ်ယောက်စီရဲ့ ကားပေါ် တင်ပေးလိုက်ကြတယ်။ ပြီးတော့ ဟောင်းနွမ်းနေတဲ့ ပွိုင့်ဖိနပ်ကလေး နှစ်ရံကိုလည်း ကားတစ်စီးစီပေါ် ခွဲတင်လိုက်ကြတယ်။
ညဟာ ပိုမှောင်လာပြီ။ ရွာထဲမှာထက် သုသာန်ဟာ ပိုမှောင်တယ်။ အမှောင်ထဲမှာ ရဲဘော်မိခင်ရဲ့ ကြေကြေကွဲကွဲ ငိုကြွေးသံ၊ ညီမဖြစ်သူရဲ့ ငိုကြွေးသံတွေဟာ အမှောင်ထဲမှာ စူးစူးနင့်နင့်ကြီး ထွက်လာတယ်။ သူ့သူငယ်ချင်းရဲဘော်အတွက် လူငယ်တွေရဲ့ ရှိုက်သံ၊ အံကြိတ်သံတွေ၊ ကြေကွဲခံပြင်းမှုနဲ့ တောက်လောင်နေတဲ့ မျက်လုံးတွေကို မြင်ရတယ်။ သေနတ်ပြောင်းဝကနေ မီးတွေပွင့်ထွက်၊ အမှောင်ထဲမှာ ထွက်လာတဲ့ သေနတ်သံတွေနဲ့ ကျဆုံးရဲဘော်ကို ဂုဏ်ပြုကြတယ်။
မောင်လူမွှေး အိမ်ကို ညကိုးနာရီကျော်မှ ပြန်ရောက်တယ်။ မျက်စိမှိတ်ထားပေမယ့် ရဲဘော်လေးနှစ်ယောက်နဲ့ အိတ်ကလေးနှစ်လုံးကိုပဲ မြင်ယောင်နေတယ်။ အိတ်ကလေးတွေထဲက အင်္ကျီလေးနှစ်ထည်ဟာ ခပ်နွမ်းနွမ်းနဲ့ တွန့်ကြေလို့။ ရဲဘော်နှစ်ယောက်လုံးဟာ သူတို့လူငယ်ဘဝကို အတွန့်အကြေခံပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြတာပါ။
နောက်တစ်နေ့မနက်မှာ မောင်လူမွှေး ဆွေမျိုးတွေနဲ့ ဖုန်းပြောဖြစ်တယ်။ ငါတို့တူတော်မောင် တိုက်ပွဲမှာကျခဲ့တယ်တဲ့။ မောင်လူမွှေးတို့ အခြားကားတစ်စီးပေါ် တင်ပေးလိုက်တဲ့ ရဲဘော်လေးဟာ မောင်လူမွှေး အစ်ကိုဝမ်းကွဲရဲ့ သားဖြစ်နေတယ်။ ပေါက်ပြဲနေတဲ့ ကျွတ်ကျွတ်အိတ်နဲ့ အဝတ်အစားတွေ ထည့်ထားတဲ့ ရဲဘော်လေးပေါ့။ မောင်လူမွှေး ကျဆုံးရဲဘော် တူတော်မောင်ရဲ့ အိမ်ကို သွားခဲ့တယ်။
"ငါတို့တွေက ဂုဏ်ယူတယ်" တဲ့။ ကျဆုံးရဲဘော်ရဲ့ ဖခင်၊ မောင်လူမွှေးရဲ့ အစ်ကိုကြီးက ပြောတယ်။ နာရေးမမီလိုက်တဲ့ မောင်လူမွှေးကို ဖုန်းနဲ့ရိုက်ထားတဲ့ အသုဘအခမ်းအနား ဗွီဒီယိုလေးတွေကို ပြကြတယ်။ "ကမ္ဘာ...မကျေဘူး" တဲ့။ အသုဘအခမ်းအနားမှာ သီချင်းတွေဆိုကြတာ တွေ့ရတယ်။
အိတ်ကလေးနှစ်လုံးနဲ့ ရဲဘော်နှစ်ယောက်။ ပေတရာပေါ်က သွေးတွေမခြောက်သေးဘူး။ ကမ္ဘာမကျေဘူး။ စစ်အာဏာရှင်ကို ကမ္ဘာမကျေမှ စစ်ကျွန်ဘဝက လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar