Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - Who’s There - ဘယ်သူလဲ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -  Who’s There - ဘယ်သူလဲ

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၉

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ


ကျွန်တော်သည် အာကာသစခန်းတခုတွင် အလုပ်လုပ်ပါသည်။ ကျွန်တော် အလုပ်လုပ်သော နေရာမှ လှမ်းကြည့်လိုက်လျှင် မိုင်ပေါင်း နှစ်သောင်း အဝေးတွင်ရှိသော ကမ္ဘာကို မြင်ရပါသည်။ ကမ္ဘာသည် အာကာသထဲတွင် မျောနေသော ဘောလုံးကြီးပမာ ဖြစ်ပါသည်။ သူ၏အရောင်မှာ တခါတရံ အစိမ်း၊ တခါတရံတွင် အပြာရောင် ဖြစ်ပါသည်။

ကျွန်တော်သည် စခန်းကြီးကြပ်ရေးမှူး ဖြစ်ပါသည်။ ကျွန်တော့်အလုပ်ကို ကျွန်တော် နှစ်သက် ပါသည်။ သို့သော် တခါတရံတွင် စခန်းထဲတွင် ပျင်းစရာကောင်းပါသည်။

တနေ့တွင် ကျွန်တော်သည် အာကာသစခန်း၏အပြင်ဘက်၌ အလုပ်သမားများ အလုပ်လုပ်နေ ကြသည်ကို လှမ်း၍ ကြည့်နေပါသည်။ သူတို့သည် စခန်းကို တိုးချဲ့နေကြပါသည်။ မကြာမီ ကျွန်တော့်ကို စက်တယ်လိုက် ထိန်းချုပ်ရေးရုံးခန်း၏ ရေဒီယိုမှ ခေါ်သံ ကြားရပါသည်။

“ရေဒါပေါ်မှာ အလင်းပြန်တဲ့ အရိပ်ကလေးတခု တွေ့တယ်။ နှစ်မိုင်အကွာမှာ ဖြစ်တယ်။ သိပ် လှုပ်တာလည်း မတွေ့ရဘူး။ အဲဒါ ဘာလဲ၊ ကြည့်ပေးနိုင်မလား”

ကျွန်တော်သည် မှန်ဘီလူးဖြင့် ကောင်းကင်ကို ကြည့်လိုက်သည်။ စက်တယ်လိုက်လေး တခုကို တွေ့ရသည်။ ၎င်းသည် ကျွန်တော်တို့၏ စခန်းတည့်တည့်ကို လာနေသည်။ တော်တော် ဟောင်းနွမ်းနေသော စက်တယ်လိုက်တခု ဖြစ်သည်။

ကျွန်တော် တွေ့သည့်အတိုင်း သတင်းပြန်ပို့လိုက်သည်။ ထိုအခါ ရုံးခန်းမှ ဤသို့ ပြန်ဖြေလိုက် သည်။

“ဒါဆိုရင် အန္တရာယ်ရှိနိုင်တယ်။ ဒီကို လာနေတဲ့ ဒုံးပျံတွေရဲ့လမ်းမှာ ရှုပ်နေနိုင်တယ်။ အဲဒီကို သွားပြီး စက်တယ်လိုက်ကို သယ်ခဲ့နိုင်မလား”

ကျွန်တော်သည် ရုံးခန်းမှာ ထိုင်နေရတာ ပျင်းတာနဲ့ အတော်ပဲဟု ခံစားမိသည်။ ကျွန်တော်၏ နေရာသည် ရှုမျှော်ခင်းအနေနှင့်တော့ တော်တော်ကောင်းပါသည်။ သို့သော် အပြင်ထွက်ဖို့ အခွင့်အလမ်းတော့ သိပ်မရှိပါ။ ယခု အပြင်ထွက်ဖို့ အခွင့်အလမ်းရသည့်အတွက် ဝမ်းသာနေ သည်။

ကျွန်တော် ဖတ်နေသော စာရွက်စာတမ်းများကို သိမ်းလိုက်ပြီး၊ အာကာသဝတ်စုံကို သွားယူပါ သည်။ အာကာသဝတ်စုံများကို ဗီရိုကြီးများထဲတွင် ထားသည်။ အသွားတွင် ကျွန်တော်တို့ မွေး ထားသောကြောင်တွန်မီကို တွေ့သည်။ တိရစ္ဆာန် တော်တော်များများသည် အာကာသထဲတွင် မနေချင်ကြပါ။ သို့သော် တွန်မီက အာကာသထဲမှာ ပျော်ပုံရသည်။ လူအားလုံးက တွန်မီကို ချစ်ကြသည်။ တွန်မီက ကျွန်တော့်ခြေထောက်များကို ပွတ်သည်။ ကျွန်တော်သည် သူ့ကို စကား ပြောဖို့ အချိန်မရှိပါ။

ကျွန်တော်သည် အာကာသဝတ်စုံထဲသို့ ဝင်လိုက်သည်။ ယင်းအာကာသဝတ်စုံ (Space Suit) သည် သာမန် အဝတ်အစားနှင့် မတူပါ။ ၎င်းသည် လူတယောက် ချောင်ချောင်ဝင်နိုင်သော ဒုံးပျံယာဉ် အသေးစားလေး ဖြစ်ပါသည်။ ထို့ကြောင့် ဝတ်စုံကို ဝတ်သည်ဟု မပြောဘဲ ဝတ်စုံ ထဲသို့ ဝင်လိုက်သည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။ ဝတ်စုံထဲတွင် လောင်စာဆီ၊ အောက်ဆီဂျင်၊ ရေဒီယို၊ ဓာတ်ခဲတို့ ပါဝင်သည်။ ၎င်းပြင် စားစရာထည့်သော အကန့်များလည်း ပါသည်။ ဒီ တခါမှာတော့ ခဏသာ သွားပြီး ပြန်လာမည်ဖြစ်၍ စားစရာ အကန့်များကို စစ်ဆေးဖို့ မလိုအပ် ပါ။ လောင်စာဆီ၊ အောက်ဆီဂျင်၊ ရေဒီယိုနှင့် ဓာတ်ခဲတို့ကိုသာ သေချာစစ်ဆေးလိုက်သည်။

မကြာမီ ကျွန်တော်သည် အာကာသထဲသို့ ရောက်သွားသည်။ အာကာသထဲတွင် မျက်လုံးကို နေရောင်ခြည် မထိအောင် ကာကွယ်ရသည်။ နေရောင်ခြည် ထိမိလျှင် တစက္ကန့်အတွင်း မျက်စိ ကန်းသွားနိုင်သည်။ ထို့ကြောင့် အာကာသဝတ်စုံတွင် နေရောင်ခြည်မှ အကာအကွယ်ပေးထား သော နေကာမျက်မှန် တပ်ထားရသည်။

ကျွန်တော် စက်တယ်လိုက်ကို လှမ်းတွေ့ရသည်။ သူ့ကို ဆွဲယူရန် အနားသို့ ကပ်သွားသည်။ ဒါ သိပ်ကြာစရာ အကြောင်းမရှိဟု ထင်သည်။

ထိုအချိန်တွင် အသံတခုကို ကြားရသည်။ အသံမှာ တခုခုကို ခြစ်နေသော အသံမျိုး ဖြစ်သည်။ ဘာပါလိမ့်။ အာကာသဝတ်စုံကို တခုခုက ခြစ်နေသည်။

ကျွန်တော်သည် အာကာသထဲတွင် မကြာမီက သေဆုံးသွားသော လုပ်ဖော်ကိုင်ဖက်ကို သတိရမိ သည်။ သူ့အမည်မှာ ဘာနီစန်းမား (Bernie Summers) ဖြစ်သည်။ သူသည် အာကာသထဲတွင် ရှိနေစဉ် အာကာသဝတ်စုံသည် ကွဲထွက်သွားပြီး သေဆုံးသွားသည်။ အာကာသဝတ်စုံ ဟူသည် သာမန်အင်္ကျီ အဝတ်အစားများကဲ့သို့ ဟောင်းသွားလျှင် ချွတ်ပစ်ရသော အရာများ မဟုတ်ပါ။ အာကာသဝတ်စုံ တစုံသည် မော်တော်ကားတစီးထက်ပင် တန်ဖိုးကြီးပါသည်။ ထို့ကြောင့် အာကာသဝတ်စုံတခု ပျက်သွားလျှင် ပြန်လည်ပြုပြင်၍ သုံးလေ့ရှိပါသည်။

ဒီဝတ်စုံဟာ ဘာနီစန်းမား ဝတ်ခဲ့တဲ့ ဝတ်စုံဖြစ်နေသလား။

သူ့ရဲ့ သရဲက ဒီဝတ်စုံထဲကို ပြန်ဝင်ဖို့ ကြိုးစားနေသလား။ ယခုကဲ့သို့ သိပ္ပံတိုးတက်နေသော ခေတ်တွင် သရဲတစ္ဆေများကို လူများ ဆက်လက်၍ ယုံကြည်နေကြသည်မှာ အံ့ဩစရာဖြစ်သည် ဟု ဆိုကြမလား မသိပါ။ သို့သော် ကျွန်တော်သည် အခြားကမ္ဘာများဆီကို ရောက်သည့်အခါ တိုင်း ထိုအရပ်ဒေသများမှ သရဲတစ္ဆေများအကြောင်း ဘာမှမရှိဟု ထင်ရသော အာကာသထဲမှ သရဲတစ္ဆေများ အကြောင်းကို ပြောသံ ကြားဖူးပါသည်။

ကျွန်တော် ကြောက်၍ ဇောချွေးများပင် ပြန်လာပါသည်။

ကျွန်တော်သည် စခန်းကို ဆက်သွယ်ရန် ရေဒီယိုကို ဖွင့်လိုက်ပြီး လှမ်းပြောလိုက်သည်။

“ဒီမှာ ကျွန်တော် ဒုက္ခရောက်နေတယ်၊ ဒီအာကာသဝတ်စုံက…”

ကျွန်တော်သည် ဘာနီးစန်းမား ဝတ်ခဲ့တာလားဟု မေးမည်ဟု ဟန်ပြင်နေစဉ် ကျွန်တော့်ကျော ကို တခုခုက လာ၍ပုတ်လိုက်သည်။ ထိုအခါ ကျွန်တော်သည် ပြန်၍ ရုန်းလိုက်သည့်အချိန်တွင် နဖူးနှင့် တခုခု ဆောင့်မိပြီး သတိမေ့သွားလေသည်။

ကျွန်တော် သတိပြန်ရသောအခါ အာကာသစခန်းတွင် ပြန်ရောက်နေပြီ ဖြစ်သည်။ ကျွန်တော့် နဖူးတွင် တိုက်မိသော ဒဏ်ရာတခု ရှိသည်။ ဆရာဝန်များသည် ကျွန်တော့်ဘေးတွင် ရှိနေကြ သည်။ သို့သော် သူတို့သည် ကျွန်တော့်ကို ဂရုမစိုက်ကြပါ။ သူတို့ ကြည့်နေကြသောအရာမှာ ကြောင်လေး သုံးကောင် ဖြစ်သည်။

ထိုအခါကျမှ ကျွန်တော် တွန်မီကို သတိရသည်။ တွန်မီသည် ကျွန်တော်တို့ ထင်သလို ကြောင်ထီး မဟုတ်ပါ။ ယခု သူသည် ကြောင်လေး သုံးကောင်၏ မိခင် ဖြစ်နေသည်။

သူသည် အာကာသဝတ်စုံထဲမှ အကန့်တခုထဲတွင် ကလေး မွေးထားခြင်း ဖြစ်သည်။ ကျွန်တော် ကြားရသော အသံမှာ ထိုကြောင်လေးများ လှုပ်ရှားသော အသံများ ဖြစ်သည်။ ကျွန်တော်က ဘာနီရဲ့ သရဲလို့ ထင်နေတာ။ တကယ်တော့ ကြောင်လေးတွေပဲ။