Breaking News

မောတောင် နဲ့ တွန်းဇံမြို့ စစ်တပ်ပြန်သိမ်းယူ၊ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေဆီက တပ်ပြေးနဲ့ လက်နက်ချ အလင်းဝင်သူတွေ

မြန်မာနွေဦးခရိုနီကယ် - မေ ၁၉ မြင်ကွင်း

(မိုးမခ) မေ ၂၀ ၊ ၂၀၂၆


မောတောင် နဲ့ တွန်းဇံမြို့ စစ်တပ်ပြန်သိမ်းယူ၊ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေဆီက တပ်ပြေးနဲ့ လက်နက်ချ အလင်းဝင်သူတွေ  

လွန်ခဲ့တဲ့ ၆ လ ခန့်က KNU/KNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တဲ့ တနင်္သာရီတိုင်းထဲက ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းမြို့ ဖြစ်တဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က မေလ ၁၉ ရက်နေ့မှာ ပြန်လည် သိမ်းယူခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်စစ်ကောင်စီက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ မောတောင်မြို့ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်ပြီး မေလ ၅ ရက်နေ့ကနေ စတင်ထိုးစစ်ဆင်ခဲ့ရာမှာ သီတင်း ၂ ပတ်အကြာ မေလ ၁၉ ရက်နေ့မှာ မြို့အလုံးစုံကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 

အမှန်တကယ်တော့ အာဏာသိမ်းစစ်တပ်က မောတောင်မြို့ကို နိုဝင်ဘာလလယ်မှာ လက်လွှတ်ခဲ့ရပြီးနောက် တလခန့်အကြာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းက မောတောင် နယ်စပ်မြို့ကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းထဲက မောတောင်မြို့ဟာ မြိတ်-တနင်္သာရီမြို့_ ထိုင်းနယ်စပ်မှာ တည်ရှိပြီး မြိတ်-တနင်္သာရီ-သိန်းခွန်ကနေ မောတောင် နယ်စပ်မြို့ထိ ကားလမ်းအကွာအဝေး ၁၂၃ မိုင်ခန့်နဲ့ မောတောင်မြို့နဲ့ နယ်စပ် ဟိုဘက် သည်ဘက် ဖြစ်တဲ့ ထိုင်းနိုင်ငံ ဆင်းခွန် နယ်စပ်ဂိတ်ဟာလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ၇၅ မိုင်သာသာ ခန့်သာကွာဝေးတာ ဖြစ်တာကြောင့် တနင်္သာရီတိုင်း မြိတ်မြို့က ရေထွက်ပစ္စည်းတွေ ထိုင်းနိုင်ငံကို တင်ပို့ရာမှာ အနီးဆုံး လမ်းကြောင်း တခုဖြစ်ပါတယ်။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ တပ်မဟာ (၄) အခြေစိုက်တဲ့ တနင်္သာရီတိုင်းမှာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသတွေထက်စာရင် ထိုးစစ်တွေ၊ တိုက်ပွဲတွေ နည်းပါးတာ ဖြစ်ပေမယ့် အခု မောတောင်နယ်စပ်မြို့ သိမ်းတိုက်ပွဲပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က တနင်္သာရီတိုင်းထဲမှာ လူအင်အား၊ ဒရုန်း၊ လက်နက်ကြီးအင်အား အများအပြားသုံးပြီး ထိုးစစ်ပြန်ဆင်လာတဲ့နောက် KNLA တပ်ဘက်က မောတောင်မြို့ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရတာ ဖြစ်တယ်လို့ တနင်္သာရီဒေသအခြေစိုက် သတင်းဌာနတွေက ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်အကြာမှာ မောတောင်နယ်စပ်စခန်းကို KNU/KNLA လက်ကနေ နဝတ စစ်တပ်တွေက သိမ်းယူခဲ့ပြီး မြို့တမြို့အဖြစ် ထူထောင်ခဲ့ကာ နောက်ပိုင်းကာလတွေမှာ နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ 

တနင်္သာရီတိုင်းမှာ ထိုင်းနယ်စပ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေအနေနဲ့ ထားဝယ်မြို့ကနေ ထိုင်းနယ်စပ်ကို ဆက်သွယ်ထားတဲ့ ထီခီး နယ်စပ်စခန်း၊ မောတောင်နယ်စပ်စခန်း နဲ့ တောင်ဘက်အစွန်ဆုံး ကော့သောင်မြို့ ရေလမ်းကုန်သွယ်ရေး နယ်စပ်စခန်းတွေ ရှိတာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်အနေနဲ့ မောတောင်မြို့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်သိမ်းယူတဲ့ ရည်ရွယ်ချက်ထဲမှာ KNU/KNLA တပ်ဖွဲ့တွေ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်အကောက် ရရှိနိုင်တဲ့ လမ်းကြောင်းကို ဖြတ်တောက်လိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိက ကျတဲ့အကြောင်းရင်းတချက် ဖြစ်နိုင်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ မြဝတီမြို့ကို ၄င်းတို့ အုပ်ချုပ်မှုနဲ့ တပ်ထိန်းချုပ်မှုအောက် အပြည့်အဝပြန်ရောက်ရှိလာပြီး မကြာသေးခင်လပိုင်းက ကော့ကရိတ်-မြဝတီ အာရှလမ်းကိုလည်း ထိန်းချုပ်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် လေးကေ့ကော် လို နယ်စပ်ဒေသက နယ်မြေအချို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်တွေက လက်လွှတ်ခဲ့ရတဲ့ နယ်ခြားတလျှောက်မှာရှိတဲ့ စစ်ခြေကုပ်စခန်းတချို့ကို ပြန်လည် ရယူဖို့ ထိုးစစ်ဆင်တာတွေ လုပ်နေတာလည်း တွေ့ရပါတယ်။ မြဝတီ မြို့တောင်ဘက် နယ်စပ်မျဥ်းတလျှောက် ဟိုနားသည်နားမှာ တိုက်ပွဲတွေ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

ခုလို တနင်္သာရီတိုင်းက မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းယူခဲ့တဲ့နေ့မှာပဲ ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့ကိုလည်း ပြန်လည်သိမ်းယူခဲ့တဲ့ အကြောင်း သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ Chinland Council ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် မေလကတည်းက တိုက်ခိုက် သိမ်းယူထားတဲ့ တွန်းဇံမြို့ကို ၂ နှစ်အကြာမှာ အာဏာသိမ်းစစ်တပ်က ပြန်လည်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က တွန်းဇံမြို့ မသိမ်းမီ ချင်းပြည်နယ်ထဲက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို လနဲ့ချီထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ဖလမ်းမြို့က တဆင့် တွန်းဇံမြို့ကို ဆက်လက် ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ တွန်းဇံမြို့ကို သိမ်းယူဖို့ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ZRA လို့ အတိုကောက် ခေါ်ဆိုတဲ့ ဇိုမီးတော်လှန်ရေးလက်နက်ကိုင်တပ်လည်း စစ်တပ်နဲ့အတူ ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်အနေနဲ့  စစ်မျက်နှာ အများအပြား တပြိုင်နက်ရင်ဆိုင် တိုက်ခိုက်နေရချိန် ချင်းပြည်နယ်က တော်လှန်ရေး လက်နက်ကိုင် တပ်တွေအနေနဲ့ မြို့အများအပြားကို သိမ်းယူခဲ့ကာ ချင်းပြည်နယ်ဝင်ရောက်တဲ့ ကားလမ်းတွေကိုလည်း စိုးမိုးထိန်းချုပ် ထားနိုင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာ အရှေ့မြောက်ဒေသက ညီနောင်မဟာမိတ် လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ MNDAA နဲ့ TNLA တို့နဲ့ အပစ်ရပ်သဘောတူညီချက် ရပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ ကြိုးစားလာရာမှာ ချင်းပြည်နယ်က မြို့အချို့လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုက တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေကနေ တပ်နဲ့ ကင်းကွာတာ၊ တဖက်အာဏာသိမ်းစစ်တပ်ဘက်ကို လက်နက်ချသွားတာတွေကို တပ်ပြေးအဖြစ် အမည်၊ နေရပ်နဲ့ ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ကြေညာတာတွေ တွေ့လာရသလို အာဏသိမ်းစစ်တပ်ဘက်ကလည်း အလင်းဝင်ရောက်လာသူတွေကို မိဘထံ ပြန်လည်အပ်နှံတယ်ဆိုတဲ့ ဝါဒဖြန့်ချိတဲ့ သတင်းတွေ ခုလပိုင်းတွေမှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ ၆ လ ဝန်းကျင်အတွင်းမှာပဲ မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ လက်နက်ချ၊ မိဘထံအပ်နှံတယ်ဆိုတဲ့ အခမ်းအနား ၃ ကြိမ် လုပ်ခဲ့ပြီး တကြိမ်မှာ အရေအတွက် ၅၀၀ ကျော် ၂ ကြိမ်နဲ့ တတိယအကြိမ်က ၃၀၀ ကျော် ပါဝင်တာတွေ့ရပါတယ်။ 

အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ကြေညာတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကနေ လက်နက်ချလာသူ အရေအတွက် ကိန်းဂဏန်းတွေက ယုံကြည်စရာ မရှိပေမယ့် အရေအတွက် ပမာဏ တခုကတော့ တော်လှန်ရေး လက်နက်ကိုင်တပ်တွေကနေ စွန့်ခွာကာ လက်နက်ချခဲ့သူတွေ ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယအကြိမ် လက်နက်ချ အခမ်းအနားအပြီးမှာ မန္တလေးတိုင်း အထက်ပိုင်းမှာ အခြေစိုက်တဲ့ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့အချို့က ၄င်းတို့ တပ်ဖွဲ့မှ စွန့်ခွာသွားသူ၊ တဖက်ကို လက်နက်ချပြီးနောက် မိမိတို့ တော်လှန်ရေးရဲဘော်တွေကို ဆက်သွယ်ကာ လက်နက်ချဖို့ စည်းရုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်နေသူတွေ အဖြစ် အမည်၊ အဖအမည်၊ ဓါတ်ပုံတွေနဲ့ တကွ ထုတ်ပြန်တာမျိုးတွေ လုပ်ဆောင်ခဲ့တာ တွေ့ကြရပါတယ်။ 

အထက်မှာလို အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ချတဲ့ အခမ်းအနားကျင်းပပြီးနောက် တော်လှန်ရေးတပ်ဖွဲ့အချို့က အခုလို တပ်ပြေးအဖြစ် ထုတ်ပြန်ချက်တွေ ထွက်လာတာကို ကြည့်ရင် သို့မဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ စွန့်ခွာမှု တချို့ရှိနေတဲ့ အချက်ဖြစ်ပါတယ်။ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေထံမှ စွန့်ခွာကြတဲ့ အကြောင်းရင်းတွေ အမျိုးမျိုး ရှိနိုင်ပြီး တပ်ဖွဲ့တွေ အတွင်း၊ အထက်နဲ့ အောက်လက်ငယ်သားတွေအကြား ခွဲခြားဆက်ဆံမှု၊ မကျေနပ်မှုတွေလို အကြောင်းအချက်တွေ ဖြစ်နိုင်သလို ရံပုံငွေ မလုံလောက်မှု၊ နကိုက ယူဆထားကြတာထက် တော်လှန်ရေးကာလက ပိုမိုကြာရှည်လာနေခြင်း စတဲ့ အကြောင်းအချက်တွေ ဖြစ်နိုင်ပါတယ်။ 

တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ မိမိတို့ တပ်အင်အားကို အခုလို အာဏာသိမ်းစစ်တပ်ဆီ လက်နက်ချသွားတဲ့ နည်းလမ်းမျိုးနဲ့ ထပ်ပြီး မပြုန်းတီးဖို့ ပြန်လည်သုံးသပ်တာတွေ ပြင်ဆင်သင့်တာတွေပြင်ဆင်ဖို့ လိုအပ်နေပြီလို့လည်း နှိုးဆော်လိုတာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar