Breaking News

အောင်မော်ဦး - "နှစ်ထောင့်ဆယ့်ကိုး"


အောင်မော်ဦး  - "နှစ်ထောင့်ဆယ့်ကိုး"

(မိုုုုုုးမခ) ဇန်််််နဝါရီ ၅၊ ၂၀၂၀

လူသားဆန်မှုအရ ပြောရရင်
“Do the right thing” means
“Tell the truth”တဲ့
ရုပ်မြင်သံကြားကို ဖွင့်လိုက်တော့
သင်္ဘောဟာ နစ်လို့နေပါပြီ။

ဘယ်တော့မှ
လည်ပြန်မကြည့်တတ်တဲ့ ရိုစ့်ဟာ
ရှေ့ကိုရော မြင်နိုင်သေးရဲ့လား
ရုံးတော်ရဲ့ပြင်ပမှာတော့
“We stand with you” ဆိုတဲ့ လူအုပ်ကြီးဟာ
တရားမျှတမှုကို မသိကျိုးကျင်ပြုလို့
ကိုယ့်တရားကိုယ် စီရင်နှင့်ခဲ့ကြပါပြီ။

တကယ်တော့
"နိုင်ငံတော်" ဆိုတာ
ယင်းထအောင် ထည့်ထားတဲ့ ဂျင်းပါပဲ
အငွေ့ပျောက် တချက်သာရှိုက်လိုက်
ခင်ဗျား ရင်ဘတ်ဟာ
အမျိုးသားရေးစိတ်ဆိုတာနဲ့ ဖောင်းကားလာလိမ့်မယ်။

ဒီလိုပါပဲ
ရွေးကောက်ပွဲနဲ့ ထူထောင်နေတဲ့
အာဏာရှင်စနစ် ဆိုတာမှာလည်း
လူထုကို မလှည့်ဖြားဘဲ
ဘယ်သူကများ ထင်တိုင်းကြဲနိုင်လေလိမ့်မလဲ
ဒီတော့... ရိုစ့်က ပြောတယ်
ရှင်တို့ တော်လှန်ရေးကို ကျမ မယုံကြည်ဘူးတဲ့။

ခွင့်လွှတ်ပါ "ဝေလ"ရေ...
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်လို့
ယုံကြည်ခဲ့ကြတဲ့ ကျနော်တို့ဟာ
အနီးဆုံးရန်သူအပေါ် ကြွေခဲ့ကြသူတွေပါ
ကြွေ... ဆို
ရိုစ့်ကလည်း အားလုံးကို ကြွေစေချင်သူမို့လား။

ဟောဟိုမှာတော့
ဆည်းဆာဟာ ကျနေကို ထုပ်သိမ်းနေပါပြီ
လွမ်းသလိုလို ရှိလှပေမယ့်လည်း
လမ်းခွဲကြပါစို့လား ရိုစ့်ရေ...

နာနာကျင်ကျင်နေခဲ့ရတဲ့နှစ်တွေမှာ
နာနာကျင်ကျင်ဆိုခဲ့ရတဲ့ တေးတွေဟာ
ကမ္ဘာဆန်တဲ့ ကဗျာတပုဒ်များဖြစ်လေမလား
ကာလပေါ် ကဗျာတွေထဲမှာတော့
ရိုစ့်ရဲ့ နိုင်ငံတော်ဟာ
ဘယ်ခေတ်ကမှ မကျခဲ့ဖူးတဲ့နှင်းတွေနဲ့
ဥရောပတမျှ ဝေဆာလို့
ရိုစ့်သာ အမှတ်တရရှိလိမ့်ဦးမယ်ဆိုရင်
အဲသည်နေ့ဟာ
ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပါပဲ။


အောင်မော်ဦး
၃၊ ဇန်၊ ၂ဝ၂ဝ။