Breaking News

ဧရာ(မန္တလေး) - မလုပ်သင့်တာ မလုပ်ဘို့ သတိ

photo - Myanmar Times


ဧရာ(မန္တလေး) - မလုပ်သင့်တာ မလုပ်ဘို့ သတိ

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၂၀

☘ ပါချုပ်ဆရာတော် က “ငြိမ်းချမ်းရေးနဲ့ ချမ်းသာသုခကို ရဖို့အတွက် သတိသမ္ပဇဉ်တရားကို တိုးမြှင့် လေ့ကျင့်ပြီး မလုပ်သင့်တာတွေကို ရှောင်ရှားကာ၊ လုပ်သင့်တာတွေကို အကောင်းဆုံး လုပ်ဆောင်ကြဖို့” ၂၀၂၀ နှစ်ကူးဩဝါဒ အဖြစ် တိုက်တွန်းထားပါတယ်။ ☘

တကယ်တော့ ဒီအဆုံးအမက ၂၀၂၀ နဲ့သာဆိုင်တာ မဟုတ်ပေမယ့်၊ ၂၀၂၀ မှာ မလုပ်သင့်တာတွေ မလုပ်ကြဖို့, လုပ်သင့်တာတွေကို အကောင်းဆုံး လုပ်ကြဖို့အတွက် “သတိသမ္ပဇဉ်” တရား အထူး လိုအပ်ကြောင်း မီးမောင်းထိုး ပြလိုက်တာပါပဲ။

တခါတလေမှာ မလုပ်သင့်ဘူး ဆိုတာကို သာမာန်အားဖြင့် သိနိုင်ပေမယ့်၊ “သတိသမ္ပဇဉ်” ကင်းမဲ့သွားတဲ့ အခါမှာ -


★ ငါ့မိသားစု, ငါ့လူမျိုး, ငါ့ပါတီ, ငါ့ဘာသာ စတဲ့ အတ္တမာန အစွဲတွေ ဖုံးလွှမ်းသွားပြီး ဆန္ဒစွဲနဲ့ သင့်မသင့် မဆင်ခြင်ဘဲ လုပ်မိတတ်ကြတယ်။
★ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အမုန်းတရားတွေနဲ့လည်း အမှားတွေကို ကျူးလွန်မိတတ်ကြတယ်။
★ မလိုလားအပ်တဲ့ အကြောက်တရားတွေနဲ့ ဥသျှစ်သီး ကြွေတာကို မိုးပြိုသလို ထင်မိထင်ရာ လုပ်တတ်ကြတယ်။
★ အမှားအမှန် မခွဲခြားနိုင်ဘဲ တွေဝေပြီးဖြစ်စေ, အမှားအမှန်ကို ခြင့်ချိန်ဖို့တောင် မကြိုးစားဘဲ ဖြစ်စေ မလုပ်သင့်တာကို လုပ်မိကြတယ်။

ဒီဆန္ဒ, ဒေါသ, ဘယာ, မောဟ ဆိုတဲ့ အဂတိတရား လေးပါးက မလုပ်သင့်တာတွေကို လုပ်မိတဲ့ အခြေခံ အကြောင်းတရားတွေ ပါပဲ။

အချို့ကလည်း မလုပ်သင့်တာတွေကို မလုပ်ဘူး ဆိုပေမယ့် လုပ်သင့်တာတွေ လုပ်ဖို့ကိုကြ မခိုင်လုံတဲ့ အကြောင်းတွေကို ယိုးမယ်ဖွဲ့ပြီး တုန့်ဆုတ် ဝန်လေး နေတတ်ကြပြန်ပါတယ်။ သိင်္ဂလောဝါဒသုတ်မှာ မလုပ်သင့်တာတွေကို လုပ်မိတဲ့ အကြောင်းတရား လေးပါး အဖြစ် အဂတိတရားလေးပါးကို ဟောထားသလို၊ လုပ်သင့်တာ မလုပ်ဖြစ်တဲ့ အကြောင်းတွေအဖြစ် စောလွန်းခြင်း, နောက်ကျလွန်းခြင်း, စသဖြင့် ပျင်းရိခြင်း ခြောက်ပါးကို ဟောထားပါတယ်။

မလုပ်သင့်တာတွေကို မလုပ်မိဖို့, အဂတိတရားတွေနောက် မလိုက်မိဖို့အတွက် ဆိုရင် အသေးအဖွဲလေးက အစ အလေးဂရုပြုနိုင်ဖို့အတွက် “သတိသမ္ပဇဉ်” တရား ရှိဖို့ လိုအပ်ပါတယ်။ ‘သတိ’ အမှတ်ရခြင်းဆိုတဲ့ အနက်ရှိပေမယ့် ဒီနေရာမှာတော့ ပေါ့ပေါ့ဆဆ မဖြစ်စေဘဲ အစဉ်စောင့်ကြည့်နေတဲ့ နိုးကြားသတိမျိုး (vigilance) ကို ဆိုလိုပါတယ်။

‘သမ္ပဇည’ တရားဆိုတာ ယေဘုယျအားဖြင့် ဆင်ခြင်တုံတရားကို ဆိုလိုပါတယ်။ ဒါပေမယ့် သာမန် ကွက်ကွက်လေး သိခြင်းမျိုးတော့ မဟုတ်ပါဘူး။ သိခြင်း (ပဇာနာန) ဆိုတဲ့ ပုဒ်ရဲ့ ရှေ့မှာ ‘သံ’ ဆိုတဲ့ prefix ထည့်ထားတဲ့ အတွက် အဖက်ဖက်ကနေ ခြုံငုံဆင်ခြင်ပြီး သိနိုင်တဲ့ (comprehensive) ဆင်ခြင်သိမျိုးကို ဆိုလိုပါတယ်။

★ ကိုယ်ရဲ့ ပြုမူပြောဆိုမှုတွေက ဘယ်လို အဓိပ္ပါယ် သက်ရောက်သွားပြီး ဘယ်လို အကျိုးဆက်မျိုးတွေ ရလာနိုင်တယ် ဆိုတာကို ဆင်ခြင်ရပါတယ် (သာတ္ထသမ္ပဇည)။
★ မှန်ပင် မှန်ငြားသော်လည်း သင့်တော်၏ မသင့်တော်၏ ဆိုတာကို ဆင်ခြင်ရပါတယ် (သပ္ပါယသမ္ပဇည)။
★ သိမ်းငှက်နဲ့ ဘီလုံးငှက်ငယ် ပုံပြင်ထဲကလို သူ့နယ်ကို မကျော်မိစေဘဲ၊ ကိုယ့်ရည်ရွယ်ချက်တွေ အထမြောက်ဖို့ သင့်တော်တဲ့ နယ်, ကိုယ့်အစွမ်းအစကို အပြည့်အဝ အသုံးချနိုင်မယ့် နယ်က ဘာလဲဆိုတာကို ဆင်ခြင်ရပါတယ် (ဂေါစရသမ္ပဇည)။
★ မတွေဝေဘဲ အမှန်ကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်နိုင်အောင် ဆင်ခြင်ရပါတယ် (အသမ္မောဟသမ္ပဇည)။

၂၀၂၀ မှာ ဒီလို သတိသမ္ပဇဉ်တရားတွေကို တိုးမြှင့် လေ့ကျင့်ပြီး မလုပ်သင့်တာတွေကို ရှောင်ရှားကာ၊ လုပ်သင့်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေလို့ မိမိအတွက်ရော… အားလုံးအတွက်ပါ ထပ်ဆင့် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။