Breaking News

ဘိုးညီတင့် - ဓာတ်ပုံဥပဒေ

ဘိုးညီတင့်
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၀

ဦးညီပုကြီးတို့လင်မယား ထီပေါက်တဲ့သတင်းက ဥယျဉ်သာရွာထဲ ပျံ့နှံ့သွားတယ်။ အုပ်ချုပ်ရေးမှူး ဘိုးညီတင့်နားထိပေါက် သွားတယ်ဆိုပါတော့။ ဟ ဦးညီပုတို့လင်မယား ထီတကယ်ပေါက်တာဆိုရင်  ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ အလှူခံစားအုံးမှပဲလို့ ဘိုးညီတင့်အတွေးပေါက်မိတယ်။ 
ဒါနဲ့ ထီတကယ်ပေါက်တာဟုတ်မဟုတ်သိရအောင် ဦးညီပုကြီအိမ်ဖက်ထွက်လာတယ်။ ဘိုးညီတင့်ရောက်သွားတော့ ဦးညီပုကြီးလင်မယားနဲ့ဆွေမျိုးသားချင်းတစု တီဗွီကြော်ငြာထဲက ဖော်ကျွန်းဖော်ဝမ်းအက အိမ်ကိုလှည့်ပတ်ကနေကြတာတွေ့လိုက်ရတယ်။ ဘိုးညီတင့်လာတယ်ဟေ့ လို့တယောက်ကအော်လိုက်မှ ဦးညီပုကြီးလည်း ပြုံးဖြီးဖြီးနဲ့မျက်နှာပိုးသတ် ဘိုးညီတင့်ရှေ့ရောက်လာတယ်။

"အုပ်ချုပ်ရေးမှူးကြီး ဘာကိစ္စများပါလိမ့်"

"ခင်ဗျားတို့လင်မယားထီပေါက်တယ်သတင်းကြားလို့ ဟုတ်မဟုတ်လာမေးကြည့်တာပါ"
"ဟုတ်တယ် ဘိုးညီတင့်ရ။ ဟီး ဟီး"

ဦးညီပုကြီးက သူ့ဝမ်းသာမှုကိုဖုံးမထားနိုင်ရှာဘူး။

"နို့ ဘာထီပေါက်တာတုန်း ဦးညီပုကြီးရ"
"ထီဆိုမှတော့ အစိုးရထီ သိန်းတသောင်းခွဲပေါ့ဗျ။"

"သိပါဘူးဗျာ။ ဗမာပြည်မယ်ထီတွေကအများသားမို့။ချဲထီ။ ထိုင်းထီ။ နှစ်လုံးထီ။ စင်ကာပူထီ ကွဲအောင်မေးရသာ။ ဒါဖြင့်တထောင်ကျပ်တန်ထီပေါက်တာပေါ့"

"ဘိုးညီတင့်ကလဲ စာရွက်ပေါ်သာတစ်ထောင်ကျပ်လို့ရေးထားတာ။ ရွာလာရောင်းတော့ထောင့်သုံးရာပေးရတယ်လေ။ ထောင့်သုံးရာတန်ထီပေါ့။ တချို့လဲသုံးစောင်လေးထောင်တဲ့။ ဒီမိုကလေစီအစိုးရတက်လာတော့ထီတင်ဒါအသစ်တွေပြန်ခေါ်တယ်လေ။ ပြည်သူတွေအလွယ်တကူထိုးနိုင်အောင်နဂိုအတွေ့အကြုံရှိပြီးသားခရိုနီ အဲလေ လုပ်ငန်းရှင်တွေကိုပဲ ဦးစား ပေးပြန်ချပေးတာဆိုပဲဗျ။"

"အေးလေ အစိုးရထီပေါက်တာတော့ဟုတ်ပါပြီ။ထီလက်မှတ်တော့ထီဆိုင်သွားမအပ်လေနဲ့နော်။ တော်ကြာ ဆိုင်ကလိမ်ထုတ်သွားလို့ ရှေ့နေမောင်ကဘာရဲ့ငှားပြီးပြန်တောင်းခိုင်းနေရလိမ့်မယ်။"

"ဒီလောက်တော့ ပေါက်ပြီးသားပါ။ ကျုပ်တို့လင်မယားရန်ကုန်သွား ဆုငွေကိုယ်တိုင်ထုတ်မှာပါ။ ထီဆိုင်က ကျုပ်ကိုသင်ဇာနဲ့တွဲမလား။ လုလုနဲ့တွဲမလားမေးနေတယ် ဟီးဟီး"

"ဒီလောက်များတဲ့ငွေတွေ ခင်ဗျားတို့လင်မယားဘာလုပ်မယ်စိတ်ကူးထားတုန်းဗျ။"

"အို အုပ်ချုပ်ရေးမှူးကြီးကလဲ မြန်မာပီပီလှူမှာပေါ့ဗျ။ ကျုပ်သားတော်မောင်လဲရှင်လောင်းလှနေဘီလေ"
"ကောင်းပါလေ့ဗျာ။ ကျုပ်အတွက် ရပ်ရွာဖွံ့ဖြိုးရေးရန်ပုံငွေလဲလှူအုံးဗျ။"

"လှူရမှာပေါ့အုပ်ချုပ်ရေးမှူးကြီးရယ်။ စိတ်ချချနေပါ"

ဒီလိုနဲ့ဦးညီပုကြီးတို့လင်မယားမြို့တက်ငွေသွားထုတ် အလှူရက်သတ်ကြတယ်။ အလှူလုပ်ဖို့စည်းဝေးတော့ အုပ်ချုပ်ရေးမှူးဘိုးညီတင့်ပါရတယ်ပေါ့။ နာမည်ကြီးဆိုင်း။ နာမည်ကြီးဘိသိက်။ နာမည်ကြီးဇာတ်ပြောစရာမလို။ လုပ်ရေးကိုင်ရေးအတွက်လည်း ရွာသူရွာသားတွေကိုဘိုးညီတင့်ကတာဝန်အသီးသီးချထားပေးတယ်။ အားလုံးစီစဉ်ပြီးဧည့်ခံကျွေးမွေးတာတွေ ဝိုင်းဝန်းစားသောက်ကြတယ်ပေါ့။ အဲဒီတော့မှ ဘိုးညီတင့်သတိရ။

"ဟ အလှူကြီးလုပ်တာတော့ဟုတ်ပါပြီ။ ပုပ္ဗ မုဉ္စ ပရစေတနာတဲ့။ အလှူအပြီးစေတနာပွားနိုင်အောင် မှတ် တမ်းတင်ဗွီဒယို ဓာတ်ပုံလေးလဲလိုသကွဲ့။" ဆိုတော့

"ဟာ ဟုတ်သားပဲ ။ ဓာတ်ပုံဆရာဇကလေးအစည်းအဝေးမမြင်ပါလား"တဲ့။

"အေးခါတိုင်းဆို ရွာမှာအလှူပွဲလမ်းရှိ သူရှေ့ဆုံးကရောက်တယ်။ နေများမကောင်းလို့လား"။ တယောက်တပေါက်ပြောကြတယ်။ဇကလေးကသူ့ကိုဓာတ်ပုံအနုပညာရှင်ခေါ်မှကြိုက်တယ်။ အုပ်ချုပ်ရေးမှူးဘိုးညီတင့်ကိုတော့သူနည်းနည်းရှိန်တယ်။ ဒီတော့ဓာတ်ပုံဆရာဇကလေးကိုငှားပေးဖို့တာဝန်ဘိုးညီတင့်ကျလာတယ်။ ဒါနဲ့ပွဲပြတ်သွားအောင်ဘိုးညီတင့်လဲ ရာအိမ်မှူးတင်ဇော်ထွန်းခေါ်ပြီး ဇကလေးအိမ်ဖက်ထွက်ခဲ့တယ်။ ဇကလေးအိမ်ရောက်တော့ ဇကလေးကိုအခန့်သင့်တွေ့ရတယ်။ထူးဆန်းတာက ဇကလေးအိမ်ရှေ့အမြဲတမ်းချိတ်ထားတဲ့ "ဓာတ်ပုံအနုပညာရှင်ဇကလေး"ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်ကမရှိတော့ဘူး။ 
ဘိုးညီတင့်က "ဇကလေးမင်းအလှူအစည်းအဝေးဘာလို့မလာတာလဲ"မေးတယ်။ ဇကလေးက ဘိုးညီတင့်နဲ့တင်ဇော်ထွန်းကိုနေရာ ထိုင်ခင်းပေးရင်း "မအားလို့ပါဘိုးညီတင့်ရယ်" လို့ဖြေတယ်။

"မင်းမလာတော့ ငါတို့လိုက်လာရတာပေါ့ကွာ။ အလှူမှာမင်းမှတ်တမ်းတမ်းတင်ဓာတ်ပုံရိုက်ပေးဖို့ ဦးညီပုကြီးကငှားခိုင်း လိုက်လို့"

ဇကလေးကပျာပျာသလဲ" ဟာ ဘိုးညီတင့်အဲဒီလိုမိုက်မဲတဲ့အလုပ်တွေ ကျနော်မလုပ်တာကြာပါပြီ။ မလုပ်ပါရစေနဲ့"

"ကိုဇကလေး ဘယ်လိုဖြစ်နေတာတုန်း။ ခါတိုင်းပွဲလမ်းရှိ ခင်ဗျားပဲဓာတ်ပုံရိုက်နေကျလေ။ ဒီပွဲမှာ ကျုပ်တို့အုပ်ချုပ်ရေးမှူးကြီးကိုလဲ မောင့်ကျက်သရေ တိုက်ပုံဝတ် ပုံအမျိုးမျိုးရိုက်ဗီနိုင်းထုတ်ရမယ်လေ။ ရွေ းကောက်ပွဲကနီးပြီမဟုတ်လား။ မဲဆွယ်ရအုံးမှာ။"

"မလုပ်ပါရစေနဲ့ ကိုတင်ဇော်ထွန်းရာ။ ကျနော်အဲဒီအလုပ်တွေ ငယ်တုန်းကမသိနားမလည်လို့လုပ်မိတာပါ။ဗွေမယူပါနဲ့"
ဇကလေးကတောင်းတောင်းပန်ပန်ပြောနေတော့ ဘိုးညီတင့်နားလည်ရခက်သွားတယ်။

"ဇကလေး ခါတိုင်းမင်းဒီလိုမဟုတ်ပါဘူး။ ခုကျမှဘယ်လိုဖြစ်နေတာလဲ"

ဇကလေးခေါင်းကုတ်ပြီးနေတယ်။ ပြီးမှမထူးတော့ပါဘူးဆိုတဲ့သဘောနဲ့။

"ဘိုးညီတင့်ဖေ့စ်ဘုတ်မှာမတွေ့ဘူးလား။ တောသားတယောာက်က ရာအိမ်မှူးကိုဓာတ်ပုံရိုက်မိလို့ထောင် ၂ နှစ်ကျသွားတယ်လေ။ စစ်ကြေားရေးလယ်သမားတယောက်သေသွားတာ ရာဇဝတ်မှုမမြောက်ဘူး။ လူ မြင်ကွင်းရဲက လယ်သူမကြီးတယောက် သေနတ်နဲ့ပစ်သတ်တာလဲရာဇဝတ်မှုမမြောက်ဘူး။ ကျုပ်တို့တော သားတွေ လူတယောက်ဓာတ်ပုံရိုက်မိရင်ရာဇဝတ်မှုမြောက်တယ်ဗျ။ ဒါကြောင့် ကျုပ်ဓာတ်ပုံအနုပညာရှင်ဘဝကိုစွန့်လွှတ်လိုက်ပြီ။ တခြားဓာတ်ပုံဆရာသာရှာငှားကြပေတော့။‌ ပြေသာပြောရတာ ရွာနီးချုပ်စပ်က ဘယ်ဓာတ်ပုံဆရာမှ ငှားရမယ်တော့မထင်ဘူး။ ဘိုးညီတင့်ကို အားတော့နာပါရဲ့"တဲ့။

ဒါနဲ့ဘိုးညီတင့်နဲ့တင်ဇော်ထွန်းလည်း ဇကလေးအိမ်ကပြန်ခဲ့ကြရတယ်။ ဦးညီပုကြီးအလှူအတွက် ဓာတ်ပုံ ဆရာ ဘယ်မှာရှာရပါ့။။ 
သဗ္ဗေသတ္တာ တောသူတောင်သားများကမ္မသကာ
ဘိုးညီတင့်