Breaking News

ဧရာ(မန္တလေး)​ - “ဆွေမျိုး ပေါက်ဖော်”


ဧရာ(မန္တလေး)​ - “ဆွေမျိုး ပေါက်ဖော်”

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

တရုတ်သမ္မတ မြန်မာပြည် ရောက်နေတော့ “ဆွေမျိုး ပေါက်ဖော်” ဆိုတဲ့ စကားလုံးက ဆိုရှယ်မီဒီယာပေါ် ခဏခဏ တက်လာတယ်။ “ပေါက်ဖော်” လို့ဆိုရင် politically or diplomatically correct ဖြစ်တဲ့ စကားလုံးလို့ လက်ခံထားကြတယ်။

ဒါပေမယ့် “ကုလား” လို့ပြောရင်တော့ နှိမ်ချခေါ်တဲ့ စကားလုံး, မသုံးသင့်တဲ့ စကားလုံးလို့ ယူဆပြီး အများစုက ရှောင်တတ်ကြတယ်။ ပြောမယ့်ဆိုရင် ‘ကုလား’ ဆိုတာကလည်း “အမျိုးအနွယ်” လို့ အဓိပ္ပါယ်ရတဲ့ ‘ကုလ’ ကနေ ဆင်းသက်လာတယ်လို့ ပြောချင် ပြောလို့ရတယ်။ ရှေးမြန်မာ ရာဇဝင်တွေမှာ ဆိုရင် မြန်မာဆိုတာ သာကီနွယ်ဖွား တကောင်း အဘိရာဇကနေ ဆင်းသက်လာကြတယ်လို့ ယူဆကြတယ် မဟုတ်လား။


အချို့ကလည်း ကုလားဆိုတာ ကာလ (ကာဠ) ဆိုတဲ့ စကားက ဆင်းသက်လာပြီး အသားမည်းတဲ့ လူမျိုးလို့ အနက်ကောက်ကြတယ်။ ဘောလီဝုဒ် ရုပ်ရှင်တစ်ကားမှာ အာဖရိကလူမည်းတွေကို “ကလား” လို့ ခေါ်တာ သတိထားမိတယ်။ ဒီတော့ ကုလားဆိုတာ အသားမည်းလို့ ခေါ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မဇ္ဈိမဒေသက လာတဲ့သူတွေ မဟုတ်ဘဲ အာရပ်တွေ, ပါရှန်းတွေအပြင် ဥရောပက လူဖြူတွေကိုပါရောပြီး အနောက်ဖက်က လာတဲ့ တိုင်းတပါးသားတွေ အားလုံးကို ‘ကုလား’ စာရင်းသွင်းထားတော့... အထက်က အဓိပ္ပါယ် နှစ်ခုလုံးနဲ့ ချော်နေပြန်တယ်။ မြန်မာတွေနှယ် တွေ့သမျှ အနောက်တိုင်းသားကို ကုလား ခေါ်ရသလားလို့ စဉ်းစားမိပေမယ့်၊ နောက်မှ “အော်... ကိုလံဗတ်က အမေရိကကို တွေ့တော့ အိန္ဒိယထင်ပြီး ဌာနေအမေရိကန်တွေကို အင်ဒီယန်းတွေ လို့ ခေါ်ခဲ့ကြသေးတာပဲ” လို့ ဖြေမိတယ်။

‘တရုတ်’ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကိုတော့ “တရုတ်တရက်တို့ နှောက်ယှက်လေသောကြောင့် ...” ဆိုပြီး အစောပိုင်း ရာဇဝင်ကျမ်းတွေမှာ သုံးနှုန်းထားတာတွေ့ရပြီး၊ ‘တ’ ဆိုတာက အလွန်အမင်း, ‘ရုတ်ရက်’ ဆိုတာက ‘ရှုပ်ထွေးအောင်နှောက်ယှက်ခြင်း’ လို့ အဓိပ္ပါယ်ရတဲ့ တိဗက်စကားတွေက ဆင်းသက်လာတယ်လို့ မြန်မာစာပညာရှင်တစ်ဦး ပြောသွားတာကို ဘီဘီစီ အသံလွှင့်ဌာန အလင်္ကာပုလဲပန်း ဆိုတဲ့ အစီအစဉ်တစ်ခုမှာ နားထောင်ဖူးတယ်။ ဒါပေမယ့် တရုတ်လို့ ခေါ်တဲ့သူတွေက ဒီအဓိပ္ပါယ်မျိုးနဲ့ ခေါ်တာ မဟုတ်သလို၊ အခေါ်ခံရသူတွေကလည်း စိတ်မငြိုငြင်ကြဘူးလို့ ထင်ပါတယ်။ ဝေါဟာရဆိုတာ ပညတ်တွေပဲ မဟုတ်လား။

ပညတ်ဆိုပေမယ့်လည်း တကယ့်ကို လိုက်မမီတာက ၂၀၀၈-ခုနှစ်က တောင်အာဖရိကနိုင်ငံက တရုတ်လူမျိုးတွေကို လူမည်းအဖြစ် သတ်မှတ်လိုက်တဲ့ ကျေညာချက်ပါ။ တောင်အာဖရိကမှာ အခြေချနေထိုင်ခဲ့တဲ့ တရုတ်လူမျိုးတွေကလည်း အာဖရိကလူမည်းတွေလိုပဲ အသားအရောင်ခွဲခြားမှု ဒဏ်ကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနေကြရတယ်, ဒါကြောင့် အခုလို အသားအရောင်ခွဲခြားမှုကိ ပယ်ဖျက်ပြီး နစ်နာသူတွေကို အခွင့်အရေးပြန်ပေးတဲ့ အခါမှာ တရုတ်တွေကိုလည်း လူမည်းတွေ နည်းတူ အကျိုးခံစားခွင့် ရစေဖို့လို့ ဆိုပါတယ်။ တရုတ်တွေကို လူမည်းလို့ မသတ်မှတ်ဘဲ ဒီအခွင့်ရေးတွေကို ပေးလို့ မဖြစ်တော့ဘူးလား…။

တဖက်က ကြည့်ပြန်တော့်လည်း ပညတ် ဆိုပေမယ့် ဒီပညတ်တွေကြောင့်ပဲ မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်နေကြရတာ မဟုတ်လား။ ဒီအထဲမှာ ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ ဝေါဟာရ ပြဿနာလည်းပါတယ်။

ထားပါတော့ တရုတ်သမ္မတ မြန်မာပြည်ရောက်လာတာက “တရုတ်တရက် နှောက်ယှက်ဖို့...” မဟုတ်ဘဲ “ဆွေမျိုး ပေါက်ဖော်” အဖြစ်ရောက်လာတာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရပါတယ်။