စစ်တပ်လက်အောက်ခံ ကျောင်းတွေနဲ့ မဆက်သွယ်ဖို့ ချင်းပြည်အစိုးရ သတိပေး
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၅ မြင်ကွင်း
(မိုးမခ) ၊ စက်တင်ဘာ ၂၆ ၊ ၂၀၂၆
စစ်တပ်လက်အောက်ခံ ကျောင်းတွေနဲ့ မဆက်သွယ်ဖို့ ချင်းပြည်အစိုးရ သတိပေး
ချင်းအမျိုးသားတပ်ဦး CNF က ဦးဆောင်ပြီး ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက စစ်တပ်လက်အောက်ခံ ကျောင်းတွေ၊ ရုံးတွေနဲ့ ချိတ်ဆက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စက်တင်ဘာ ၂၄ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်လိုက်တယ်လို့ သတင်းတရပ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ချင်းပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ချင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေ မှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်တပ်ထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေဆီက ချိတ်ဆက်ဆောင်ရွက်လာတာကို လက်မခံဖို့ သတိပေးလိုက်ပြီး ချိတ်ဆက်ဆောင်ရွက်တာမျိုးတွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ CNF က ကမကထလုပ်ပြီး ချင်းပြည်အစိုးရ အဖွဲ့ကို ဖွဲ့စည်းထားသလို ချင်းပြည်နယ်တောင်ပိုင်း အခြေစိုက် ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အချို့ ပါဝင်တဲ့ ချင်းညီနောင် Chin Brotherhood လို့ခေါ်ဆိုတဲ့ မဟာမိတ်အစုအဖွဲ့လည်း ရှိနေတာ ဖြစ်ပါတယ်။ ချင်းပြည်အစိုးရအောက်က တော်လှန်ရေးလက်နက်ကိုင်တပ်တွေအနေနဲ့ ချင်းပြည်နယ်ဧရိယာရဲ့ ၄၀ ရာနှုန်းဝန်းကျင်ကို ထိန်းချုပ်ထားတယ်လို့ ၂၀၂၅ ခုနှစ် နှစ်လယ်က ထုတ်ပြန်ခဲ့တဲ့ ISP-Myanmar အစီရင်ခံစာအရ သိရှိရပါတယ်။
အခုလို ချင်းပြည်အစိုးရ အနေနဲ့ ၄င်းတို့ ထိန်းချုပ်နယ်မြေမှာ ဖွင့်လှစ်ထားရှိတဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်ဘက်က စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ခြင်းမပြုဖို့ ပြင်းထန်စွာ တားမြစ်ခြင်းဟာ နိုင်ငံရေး သဘောအရ ဘယ်လို အဓိပ္ပာယ်သက်ရောက်ပါသလဲ။
ချင်းပြည် အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အရပ်ဘက် စာသင်ကျောင်းတွေ အချင်းချင်းအကြား ဆက်ဆံတယ်ဆိုတာ ဘယ်လို သဘောမျိုးကို ဆိုလိုသလဲ တိတိကျကျ ရှင်းလင်း ရေးသားမထားပါဘူး။ ဥပမာအားဖြင့် လွတ်မြောက်နယ်မြေက စာသင်ကျောင်းမှာ တက်ရောက်နေတဲ့ကျောင်းသားတွေ အနေနဲ့ စစ်ကောင်စီထိန်းချုပ် နယ်မြေဘက်က ကျောင်းကို ပြောင်းခဲ့ရင် စာသင်ကျောင်းတကျောင်းနဲ့ တကျောင်းအကြား ဘယ်အတန်းထိ သင်ယူပြီးမြောက်ကြောင်း ပညာရေးထောက်ခံစာလိုမျိုးကို အသိအမှတ်ပြုခြင်း၊ မပြုခြင်းလို အကြောင်းအရာတွေ ပါဝင်သလား ရှင်းရှင်းလင်းလင်းတော့ မသိရပါဘူး။
နောက် အကြောင်းအရာတခုကတော့ အညာဒေသမှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တဖွဲ့က ညွှန်ကြားချက်အမိန့် ထုတ်ပြန်သလို စစ်တပ်ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အကြောင်းကိစ္စမျိုးမှာ အခု ထုတ်ပြန်ချက်နဲ့ ဘယ်လို ဆက်စပ်မှု ရှိသလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေတဲ့သဘော ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ပအဖ အဖွဲ့က စစ်တပ် ထိန်းချုပ်နယ်မြေမှာ ကျောင်းသွားတက်နေတဲ့ ကျောင်းသားတွေကို ၄င်းတို့ရဲ့ မိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေကို ပြန်လည်ခေါ်ယူဖို့ အမိန့်ပေးတဲ့ ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ကျောင်းဖွင့်ရာသီမှာ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ အုပ်ချုပ်ရေး ထူထောင်ကြရာမှာ ပညာရေးလို ကဏ္ဍကိုလည်း အုပ်ချုပ်ရေးရဲ့ အောက်မှာ ပါဝင်လာတာဖြစ်လို့ စာသင်ကျောင်း ဖွင့်လှစ်တာ၊ ပညာရေးဝန်ထမ်းတွေ ခေါ်ယူတာ စတဲ့ စီမံခန့်ခွဲမှုတွေကို လက်နက်ကိုင်အဖွဲ့တွေကပဲ တာဝန်ခွဲဝေပြီး လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။
ဒီလို လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အရပ်ဘက် အုပ်ချုပ်ရေးတွေကို စီမံခန့်ခွဲကြတဲ့အခါမှာ ပညာရေးကဏ္ဍလိုမျိုးမှာ နိုင်ငံရေးရှုထောင့်က ရပ်ပြီး အမိန့်ထုတ်တာတွေ တားမြစ်တာတွေ လုပ်ဆောင်လာကြတဲ့ သဘာဝမျိုး တွေ့မြင်လာနေရတာပါ။ အညာဒေသမှာလည်း အခု ချင်းပြည်နယ်မှာ ထုတ်ပြန်ချက် ထုတ်သလို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေနဲ့ စစ်တပ် ထိန်းချုပ်နယ်မြေက ပညာရေးကို သီးခြားစီဖြစ်အောင် စည်းတားဖို့ စိတ်ကူးနဲ့ လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။
ပြည်သူလူထုတွေ အနေနဲ့ တော်လှန်ရေးအင်အားစုကို ထောက်ခံအားပေးကြတာက အငြင်းပွားစရာ သံသယဖြစ်စရာ မရှိပါဘူး။ သို့ပေမဲ့ နယ်မြေ ၂ ဖက်ကို စည်းတားပြီးဖြတ်ဖို့ မဖြစ်နိုင်တဲ့ မိသားစုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းမှု အခြေအနေ အစရှိတဲ့အခြေအနေတွေနဲ့ ကူးလူးနေထိုင်ကြရတာမျိုးလည်း ဖြစ်ပါတယ်။
ပညာရေးနဲ့ ပတ်သက်ရာမှာ ပညာသင်ယူခွင့်က လူတိုင်းအတွက် အခြေခံလူ့အခွင့်အရေး ဆိုတဲ့ အချက်ကိုလည်း တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မျက်ခြည်မပြတ်ဖို့ အရေးကြီးပါတယ်။ မိမိတို့ သားသမီးတွေကို ပညာသင်ယူခွင့်ရစေဖို့ နဲ့ ပြည်တွင်းစစ် မီးတောက်တွေကြားထဲ ကျပ်တည်းလှတဲ့ စီးပွားရေး အခြေအနေကြားမှာ မရှိမဲ့ ရှိမဲ့ ခြစ်ခြုတ်ပြီး ရုန်းကန်နေကြရတာကို တော်လှန်ရေး အင်အားစုတွေ နားလည်ကြဖို့လည်း အရေးကြီးလှပါတယ်။
ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာပါ စည်းရုံးရေးမဆန်တဲ့ မိမိတို့ဘက်နဲ့ ရန်သူ့ဘက် ဆိုတဲ့ ခွဲခြားမှုတွေနဲ့ တော်လှန်ရေးအင်အားစုကို ထောက်ခံနေတဲ့ ကူညီနေတဲ့ လူထုကို ဝန်ထုပ်ဝန်ပိုး ပိုလေးအောင် လုပ်ဆောင်တာမျိုးတွေ သတိပြုကြဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
