Breaking News

နန္ဒမောင်(LLB) - အမေရိကန်တရားစီရင်ရေးစံဆိုပြီး CMP လုပ်သော်လည်း သဲထဲရေသွန် မဖြစ်စေလို

Photo - Myanmar Times


နန္ဒမောင်(LLB) -  အမေရိကန်တရားစီရင်ရေးစံဆိုပြီး CMP လုပ်သော်လည်း သဲထဲရေသွန် မဖြစ်စေလို

(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၀
တရားရုံးများ တရားခွင်များအသီးသီးတို့တွင် မလိုအပ်ဘဲ လေးပင့်ကြန့်ကြာ ချည့်နဲ့တုံ့နှေးနေသည့် ပြဿနာများကို ဖြေရှင်းရန်အလို့ငှာ တရားသူကြီးများ ဥပဒေအရာရှိများ၊ ရှေ့နေများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တရားလို၊ တရားခံနှင့် တရားပြိုင်များ စုံလင်စွာပါဝင်တွေ့ဆုံဆွေးနွေးကာ အမှုအခင်းများကို ကျေအေးရုပ်သိမ်းလိုပါသလား သို့မဟုတ် ဆက်လက်သွားလိုပါသလားဆိုသည့် ဆုံးဖြတ်ချက်များနှင့် ဖြစ်ပွားသောအမှုအခင်း ပြစ်မှုပြစ်ဒဏ်ပုဒ်မများနှင့် သင့်လျော်ညီညွတ်သည့် ရိုးရှင်းသောအမှု၊ ရှုပ်ထွေးသောအမှု စသည်တို့ကိုပါ ဆုံးဖြတ်သတ်မှတ်ကာ ရက်ပေါင်း ကိုးဆယ်အတွင်း၊ ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်အတွင်း၊ ရက်ပေါင်းနှစ်ရာ့ခုနစ်ဆယ်အတွင်း အပြီးသတ်စီရင် စစ်ဆေး ဆုံးဖြတ်ကာ အပြီးသတ်အမိန့်ချမှတ်ရန်ကိစ္စများနှင့် တရားလိုများ၊ တရားခံများ၊ သက်သေများ ထွက်ဆိုလာရောက် ရမည့်ရုံးချိန်းများ တရားလိုဘက်ရက်ပေါင်းမည်မျှ တရားခွင်အတွက်ရက်ပေါင်းမည်မျှ တရားခံအတွက် ရက်ပေါင်းမည်မျှ စသည်တို့ကိုပါ သတ်မှတ်ချိန်းဆိုပြီး အမှုအခင်းများကို လွယ်ကူ၊ ရှင်းလင်း၊ လျှင်မြန်၊ မှန်ကန်စွာဆုံးဖြတ်နိုင်ကြရန် CMP (Case Management Program)  ပရိုဂရမ်များကို နိုင်ငံတော်က လမ်းညွှန်ပြုလုပ်ခဲ့သည်ဟုထင်ပါသည်။

သို့ပါသော်လည်း ရဲရီမန်တစ်လ၊ ယင်း CMP အစည်းအဝေးပြုလုပ်ကာ လက်မှတ်ရေးထိုးညှိနှိုင်းခြင်းက ရီမန်လေးနှစ်ချိန်း သို့မဟုတ် ရီမန်ကြီးနှစ်ချိန်း ဆယ့်လေးရက် သို့မဟုတ် တစ်လ၊ တရားလိုဘက်က ရှေ့နေပါဝါတင် တစ်ချိန်း၊ တရားခံများဘက်က ရှေ့နေပါဝါတင်တစ်ချိန်း၊ တရားလိုမလာ၍ ပျက်ကွက်ဖြစ်ကာ မစစ်ဆေးဖြစ်၊ တရားလိုတို့သည် နှစ်ချိန်း၊ သုံးချိန်း ပျက်ကွက်သောကြောင့် ဆင့်စာထုတ်ကာခေါ်ယူရပြန်ပြီး လဝက်၊ တစ်လခန့်ကြာ သွားပြန်သည်။

 ဆေးစာများ၊ ထောက်ခံစာများ၊ ခွင့်တိုင်စာများတင်ပြကာ တရားဝင်ပျက်ကွက်ပြန်သည်။ ယင်းအတိုင်းပင် သက်သေများကလည်း ပျက်ကွက်ကြ ဆင့်စာထုတ်ရ ထိုအခါမှ တရားဝင်ခွင့်တိုင်စာများဖြင့် ထပ်မံပျက်ကွက်ကြနှင့် အမှုအခင်းတော်တော်များမျာသည် CMP ပရိုဂရမ်၏ သတ်မှတ်ရက်များကို ကျော်လွန်ကုန်ကြသောအခါ ရှုပ်ထွေးအမှု အဖြစ်သို့ပြောင်းလိုက်ခြင်း သို့မဟုတ် သုံးလကို ခြောက်လတိုး၊ ခြောက်လကို ကိုးလတိုး၊ CMP အစည်းအဝေး ထပ်မံပြုလုပ်ခြင်းဖြင့် CMP စံကိုကျော်လွန်သည့်အမှု သို့မဟုတ် CMP စံပျက်အမှုအဖြစ် စာရင်းသွင်းကာ ဆက်လက် ချီတက်ကြသည်ဖြစ်ရာ ကုလားကြီးနှင့် အရာကြီး၊ မာမူနှင့် ဘာဘူ ဘာထူးတော့အံ့နည်း။
ယင်းသို့ဖြစ်နေရခြင်း၏ အဓိကပြဿနာရင်းမြစ်မှာကား တရားလိုများသည် အမှုစတင်ဖွင့်စဉ်ကသာ တက်ကြွ လှုပ်ရှားစွာပါဝင်ခဲ့ပြီး တရားရုံးပေါ်သို့ရောက်ရှိပြီးနောက်ပိုင်းတွင် ကြောက်ခြင်း နားမလည်ခြင်း စိတ်ပါဝင်စားမှုမရှိတော့ခြင်း ငွေကုန်ကြေးကျများခြင်း၊ အလုပ်အကိုင်များပျက်ကာ ရှုပ်ထွေးပွေလီခြင်း၊ အာမခံမရနိုင်သော တဘက်တရားခံများအား တမင်တကာ အချိန်ဆွဲကာအမှုများကို မပြီးပြတ်စေလိုခြင်း၊ (ယင်းလောကစကားဖြင့် နေလှန်းခြင်း)တို့ပင်ဖြစ်သည်။
ယင်းတို့အပြင် နောက်ပြဿနာတစ်ချက်မှာကား တရားလိုပြသက်သေများ ရဲသက်သေများ ရပ်ကွက်လူကြီးနှင့် ရာအိမ်မှူး ဆယ်အိမ်မှူးသက်သေများ ရှာဖွေပစ္စည်းအပ်နှံမှုတွင် လက်မှတ်ထိုးသူနှင့် မျက်မြင်သက်သေများစသည်ဖြင့် တရားလိုပြသက်သေများစွာတို့အပြင် မှုခင်းဆရာဝန်များ၊ စည်ပင်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးစသည်ဖြင့် နိုင်ငံဝန်ထမ်းသက်သေများလည်းပါဝင်နေသေးသည်ဖြစ်ရာ အမှုအခင်းများသည် ရဲရမန်တစ်လ၊ တရားလိုတစ်လ၊ သက်သေနှစ်ဦးလျှင် တစ်လနှုန်းမျိုးဖြင့်သွားနိုင်သည်ဖြစ်ရာ မလိုအပ်ဘဲကြန့်ကြာနှောင့်နှေးေနကြရသည့် အမှုအခင်းများ များစွာပင်ရှိကြလေသည်။ 

ယခုအချိန်အထိပင် တစ်နှစ် တစ်နှစ်ခွဲ၊ (၂)နှစ် (၂)နှစ်ခွဲ၊ (၃)နှစ်ပြည့်လုနီးပါးဖြင့် မပြီးပြတ်သေးသည့် သာမန်အမှုအခင်းများစွာတို့သည် ရှိနေဆဲပင်ဖြစ်သည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စာရင်းဇယားများကို စစ်ဆေးခြင်း၊ လေ့လာခြင်း၊ ၎င်းရှာဖွေခြင်း၊ မေးမြန်းခြင်း၊ တင်ပြအစီရင်ခံစေခြင်းနည်းလမ်းတို့ဖြင့် သိရှိနိုင်မည် ဖြေရှင်းနိုင်မည် ဖြစ်ပေသည်။
အမှန်တကယ် လက်ရှိမြေပြင်တွင် အချို့သောဥပဒေအရာရှိများ၊ ရှေ့နေများနှင့် တရားသူကြီးများပူးပေါင်းကာ အဖြေရှာဖြေရှင်းနေကြသည်ကိုလည်း တွေ့ရှိရပြန်သည်။ အချို့တရားရုံးများနှင့် တရားခွင်များတွင် သမ္မကြီးဦးဝင်းမြင့်နှင့် CMP ထုံးကို နှလုံးမူပြီး အဓိကမကျသော၊ အရေးမကြီးသော၊ ရုံးချိန်း တက်ရောက်ရန် ခွင့်တိုင်ရန် ပျက်ကွက်သော သက်သေများကို  (၂) ဦးနှစ်ဘက် ကျေနပ်မျှတအောင် ညှိနှိုင်းအဖြေရှာကြစေခြင်း နစ်နာကြေး လျော်ကြေးများပေးကာ ကျေအေး ရုပ်သိမ်း အမှုပိတ်သိမ်းခြင်းစသည်ဖြင့် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင် စိတ်ကောင်း စေတနာကောင်းများဖြင့် စီရင်ဆောင်ရွက်နေကြသည့် ရှေ့နေများ ဥပဒေအရာရှိများ တရားသူကြီးများကိုလည်း တွေ့ရပြန်လေသည်။ သို့သော် ရှိတော့ရှိသည် ရှားတယ်ဆိုသလိုလည်း ဖြစ်နေပြန်လေသည်။
တချို့တရားရုံးများ တရားခွင်များတွင်ဆိုလျှင် တရားခံများက ရုံးတင် ရက်ချိန်းပေး ထောင်သို့ပြန်၊ ရုံးမတင်ရက်ချိန်းပေး ထောင်ပြန်၊ မျက်ကွယ်ရီမန်ပေး ထောင်ပြန်စသည်ဖြင့် တရားခံလောကစကားဖြင့် နေပူလှန်းခံရတာ များလာကာ စိတ်ပျက်လာကြပြီး ပြစ်မှုကျူးလွန်သူများရော ပြစ်မှုမကျူးလွန်ဘဲ စွပ်စွဲခံရသူ၊ အမှုဆင်ခံရသူ၊ မှားယွင်း စွပ်စွဲခံရသူများကပါ မြန်မြန်စစ်ဆေးပေးပါ အမိန့်ချပေးပါ ဝန်ခံဆိုလည်းဝန်ခံပါ့မယ် ထောင်သာမြန်မြန်ချပေးပါဟု တောင်းဆိုကြတော့သည်။ သို့သော် ဆရာဝန်သက်သေ ဝန်ထမ်းသက်သေ ရဲသက်သေ တရားလိုသက်သေတွေမှ မလာတာ အမိန့်ချပေးလို့မရဘူး ငါတို့ကသက်သေတွေကို တစ်အိမ်တက်ဆင်း လိုက်ခေါ်ပေးရမှာလားစသည်ဖြင့် ပြောဆိုခံရသည့် တရားခံများပင် များစွာရှိလာနေတာပင်ဖြစ်သည်။
အမှန်တကယ်တွင်မူ အမှုအခင်းတစ်ခုအား တရားလိုကတိုင်ချက်ဖွင့်ခြင်း ဦးတိုက်လျှောက်ခြင်း ရဲစခန်းများက တိုင်ချက်ဖွင့်ပေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ရှာဖွေသက်သေသိမ်းဆည်းခြင်း၊ ရှာဖွေစစ်ဆေးခြင်း၊ ပုဒ်မတပ်ခြင်း ဥပဒေအကြံတောင်းခံခြင်း၊ ဥပဒေအရာရှိများက ဥပဒေအကြံပေးခြင်း၊ ပုဒ်မများကိုအတည်ပြုပေးခြင်း၊ ပြောင်းလဲပေးခြင်း တရားရုံးတင်ခြင်း၊ တရားရုံးများကလက်ခံကြားနာစစ်ဆြေးခင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းြဖစ်ပြီး သက်သေများ အလွန်များပြားက အမှုကြန့်ကြာခြင်းများဖြစ်လာသောအခါတွင်မူ မည်သူကမျှ တာဝန်ယူမဖြေရှင်းနိုင်တော့ဘဲ ဘောလီဘောပုတ်ကာ ရှောင်တိမ်းကြခြင်းမျိုးသာဖြစ်၏။ 

ထိုအခါ ကြားထဲမှာ ခါးနာသူများသည်ကား တရားခံ စွပ်စွဲခံရသူများနှင့် နိုင်ငံတော်သာဖြစ်၏။ နိုင်ငံတော်တွင် တရားရုံးစရိတ်၊ တရားခံထိန်းသိမ်းစရိတ်၊ သယ်ယူပို့ဆောင်စရိတ် စားသောက်စရိတ်နှင့် တရားခံနှင့်သက်ဆိုင်ပြီး အခြားသောဌာနဆိုင်ရာဝန်ထမ်းများကို ပေးအပ်ရသော ထောက်ပံ့စရိတ် များစွာ ကုန်ကျကာ အခွန်နစ်နာလာသည်။ 

တရားခံများတွင်လည်း သက်သေမခိုင်လုံသော အမှန်တကယ်ပြစ်မှုမကျူးလွန် သော မှားယွင်းစွပ်စွဲခံရသော ကျေအေးရုတ်သိမ်းနိုင်သော အမှုများဖြစ်ကာ အမြန်လွတ်မြောက်ရမည့်အရေးက နှောင့်နှေးကြန့်ကြာလျက် ဆုံးရှုံးနစ်နာမှုများစွာ ရင်ဆိုင်တွေ့ကြုံလာကြ၏။

 ပြစ်မှုကျူးလွန်ထားသူ ထောင်ကျလျှင် လျော့ရက်ခံစားခွင့်ရမည့် တရားခံအနေနှင့်လည်း ထိုသို့ကြန့်ကြာနေသဖြင့် အချုပ်သားဘဝတွင် လျော့ရက်မရဘဲ ရက်အပြည့်ဖြင့်နှစ်ချီကာ တရားရင်ဆိုင်ရခြင်း မိသားစုတွင်လည်း တရားရုံးတွင် တစ်ခါကုန် ထောင်ဝင်စာတွင်တစ်ခါကုန် နှင့် ငွေကုန်ကြေးကျများကာ များစွာဆုံးရှုံးနစ်နာလာခြင်း၊ မိသားစုမရှိသူ တရားခံများအနေဖြင့် တရားရုံးထွက်တိုင်း စားရမဲ့သောက်ရမဲ့ဖြစ်ကာ အကျဉ်းထောင်တွင်နေလျှင်ထမင်းစားရပြီး တရားရုံးထွက်လျှင် ထမင်းငတ်သဖြင့် ထမင်းငတ် ရေငတ် အစားအသောက်ငတ်ပြတ်ကာ တရားရုံးထွက်ရမှာကိုပင် ပင်ပန်းနွယ်နယ်လွန်းသဖြင့် ကြောက်စရာ ခရီးဆိုးကြီး တစ်ခုကဲ့သို့ ထင်မြင်ယူဆလာခြင်းများ ဖြစ်ပွားလျက်ရှိပေသည်။
ယင်းကဲ့သို့ ပြဿနာများမှာ မြေပြင်တရားရုံးများ တရားခွင်များတွင် အမှနိတကယ်ပင် ရှိနေ၊ ဖြစ်နေ နစ်နာနေကြတာဖြစ်တဲ့အတွက် သက်ဆိုင်တာဝန်ရှိသူများအနေဖြင့် လေ့လာခြင်း ရှာဖွေခြင်း၊ သုတေသနပြုခြင်း၊ စာရင်းဇယားများပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဆာဗေးပြုလုပ်ခြင်း၊ ကွင်းဆင်းကြည့်ရှုခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ ဖြေရှင်းနည်းလမ်းများစွာရှာဖြွေခင်းတို့ဖြင့် ပြည်သူတို့၏အခွင့်အရေးများ၊ လူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ တရားခံအခွင့်အရေးများနှင့် နိုင်ငံတော်၏နစ်နာထိခိုက်မှုများကို သက်သာလျော့ပါးအောင် ကြိုးစားဆောင်ရွက်ကြသင့် ပေသည်။ 

တည်ဆဲဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်အောင် အခွင့်အရေးများရရှိအောင် သက်သာခွင့်များ ရရှိအောင် ဖြစ်သင့်သည့်အတိုင်းဖြစ်အောင် အမှုအခင်းများကို မှန်ကန်၊ မြန်ဆန်၊ တိကျ၊ ခိုင်လုံစွာ စီရင်စစ်ဆေး ချမှတ်နိုင်အောင် သက်ဆိုင်သူများအားလုံးက ကိုယ်တာဝန်ကျရာ အခန်းအလိုက် တာဝန်ယူခြင်းဖြင့် ယင်းပြဿနာများကို လွယ်ကူစွာပင် ဖြေရှင်းဆောင်ရွက်နို်မည်ဖြစ်သည်။
ထိုင်စရာမရှိ၍ မတ်တပ်ရပ်နေရလောက်အောင် အချုပ်သားများပြီး တရားခွင်လည်းများသော လှိုင်သာယာ တရားရုံးများတွင်ဆိုလျှင် အချုပ်သားများသည် အနည်းဆုံးတစ်ရာနှင့် အများဆုံး နှစ်ရာကျော်ခန့်ရှိနေပြီး အမှုစစ်နိုင်သူဦးရေမှာ ဆယ်ရာခိုင်နှုန်း၊ ရဲရီမန်ရှိသူမှာ သုံးဆယ်ရာခိုင်နှုန်းနှင့် မျက်ကွယ်ရီမန်မှာ ခြောက်ဆယ်ရခိုင်နှုန်းခန့် ရှိနေခြင်းမျိုးကို အလျှင်အမြန်ပင် ဖြေရှင်းဆောင်ရွက်သင့်ပါကြောင်း အသိပေးတင်ပြအပ်ပါသည် ခင်ဗျား။ ။
နန္ဒမောင်(LLB)

ဆက်စပ်သတင်း - https://myanmar.mmtimes.com/news/131015.html (အမေရိကန်တွင်ကျင့်သုံးခဲ့သည့် ဖြောင့်မတ်သည့်တရားရေးပေါ်ထွက်ရေးစနစ်ကို မြန်မာနိုင်ငံ၌စတင်ကျင့်သုံးနေ)