Breaking News

အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း - ၅

Photo - Nyein Aye Eain


အောင်ဝေး - သေနင်္ဂဗျူဟာမြောက်အလွမ်း - ၅

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
​သေသူကို ရှင်သူက မနာလိုသသူ ကို၊ ရွင္သူ မနာလို
အိုင်ဗင်ဟို * ၀တ္ထုထဲမှာ ဆိုတယ်
မမခင်ဦးစံပယ်။

"People envy those who died,
under the tyrant kings." တဲ့
မမခင်ဦးစံပယ်ရယ်
မင်းဆိုးမင်းညစ်တွေ လက်အောက်မှာတဲ့။
မမခင်ဦးစံပယ်ရယ်
မင်းဆိုးမင်းညစ်တွေ လက်အောက်မှာပေါ ့
သေသူအပေါ်၊ ရှင်သူ ဝန်တို
ဒီလို အဖြစ်မျိုး ကြုံခဲ့ရိုးရှိမယ်
ဟုတ်တယ်မဟုတ်လား မမခင်ဦးစံပယ်။
ဟုတ်တယ်မဟုတ်လား
ကျနော်တို့ အဖြစ်က
ဝတ္ထုထဲ မဟုတ်
ဘဝထဲမှာ တကယ်ပါ။
ကျနော်တို့က
မင်းဆိုးမင်းညစ်
ဖက်ဆစ်သံဖနောင့် စစ်ဖိနပ်အောက်မှာပါ
မမခင်ဦးစံပယ်။
သေသူကို၊ ရှင်သူ တ သတဲ့
တကယ်က
သေသူကို ရှင်သူက တ ပြီး
ငိုတာပါ။
ဒီလို အဖြစ်မျိုး
ခေတ်ဆိုးကြီးထဲ
မီးလောင်နေတဲ့ အသည်းနှလုံးဟာ
ဒီလို အဖြစ်ဆိုး
ခေတ်မျိုးကြီးကို
ခါးစည်းခံရ
ရင်စည်းခံရ။
ငိုလို့ မဆုံးတဲ့
ဘဝတွေ ဘဝတွေ
ကျကွဲ ကြေမွ ရတဲ့အခါ။
ဖက်ဆစ်သံဖနောင့် စစ်ဖိနပ်အောက်က
အသက်မပါဘဲ လွတ်မြောက်
မြေကြီးအောက်မှာ
ထာဝရ လဲလှောင်း အိပ်စက်
အသက်မဲ့၊ ပူပန်မဲ့ ပေါ့။
ပူပန်ပြီး ကျန်ရစ်
မသေမရှင် စစ်စစ်ကြီးတွေက
ဟစ်ဟစ်ပြီး ငို
မနာလို ဝန်တိုတဲ့ အဖြစ်။
ဒါဟာ
တကယ်ဖြစ်ခဲ့။
ဒါတွေ
မြန်မာပြည်မှာ
တကယ်ဖြစ်ခဲ့ပါတယ် မမခင်ဦးစံပယ်။
ကျနော်တို့ဟာ
မသေမရှင်တွေပါ မမခင်ဦးစံပယ်။
သေရင် ရေဝေး
ရှင်ရင် ရေကြည်အိုင်။
သေရင် ရေဝေး
ရှင်ရင် ရေကြည်အိုင်ပါ
မမခင်ဦးစံပယ်။
ဒီလို နိုင်ငံမှာ
ကျနော်တို့ဟာ
ခေတ်ကိုပြိုင်ခဲ့သူတွေပါ
မမခင်ဦးစံပယ်။
ရိုင်းရိုင်းစိုင်းစိုင်း မုန်တိုင်းထဲ
တဘိုင်းဘိုင်း လဲပြိုရတဲ့
သစ်ပင်တွေလို။
ကျနော်တို့ ဘဝတွေ
အပိုင်းပိုင်း လဲပြိုခဲ့ရ။
တောရိုင်းမုဆိုးလက်ထဲ
ချိုးလင်းပြာငှက်
အိပ်မက်စွန့်ရသလို။
ကျနော်တို့ဟာ
ဘဝနဲ့ အနာဂတ်ကို စွန့်ရ။
အဲဒီလို စွန့်ရတဲ့ညတွေ
ကျနော်လွမ်းတယ် မမခင်ဦးစံပယ်။
ဥပမာ
သမဂ္ဂအဆောက်အအုံပေါ်မှာ
မြောင်းမြသားကြီး ကိုကျော်ဝင်း စွန့်ခဲ့။
ဥပမာ
ကျုံပျော် ပန်းတောကြီးတိုက်ပွဲမှာ
ကိုဗဆွေလေး စွန့်ခဲ့။
ဥပမာ
စက်မှုတက္ကသိုလ်ရင်ပြင်နီမှာ
ဘုန်းမော် စွန့်ခဲ့။
ဥပမာ
ဥပမာ
ဝင်းမော်ဦး စွန့်ခဲ့
ဦးတင်မောင်ဝင်း(ခရမ်း) စွန့်ခဲ့
ဦးခင်မောင်မြင့် စွန့်ခဲ့
ဦးမောင်ကို စွန့်ခဲ့
သက်ဝင်းအောင် စွန့်ခဲ့
ဥပမာ
ဥပမာ။
မမခင်ဦးစံပယ်
ဒီလိုစွန့်ခဲ့တဲ့ လွမ်းစရာတွေ
ကျနော်လွမ်းပရစေ။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
စစ်အာဏာသိမ်းတာနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
စစ်အာဏာရှင်စနစ်ဆန့်ကျင်တာနဲ့။
ဘဝဟာ
ထာဝရတိုက်ပွဲပါပဲ
စစ်အာရှင်တွေကို အမြဲတိုက်နေရတယ်လေ။
ဘဝဟာ
ထာဝရအရေးတော်ပုံပါပဲ
အမေကမွေး၊ ထောင်ကကျွေး
ကျနော်တို့ဟာ
ထောင်ထဲမှာကြီးလို့
ထောင်နဲ့ သွေးသားတော်စပ်တယ်လေ။
လွမ်းပ
မမခင်ဦးစံပယ်
လွမ်းပ။
လွမ်းတော့
မမခင်ဦးစံပယ်
လွမ်းတော့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
အလုပ်သမားအရေးအခင်းနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ဦးသန့်အရေးအခင်းနဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
ရွှေတိဂုံအထွေထွေသပိတ်နဲ့။
ကျနော်တို့ခေတ်မှာ
ကျနော်တို့ဟာ
မှိုင်းရာပြည့်အရေးအခင်းနဲ့။
လွမ်းတယ်
မမခင်ဦးစံပယ်ရယ်။
မမခင်ဦးစံပယ်ရော
မလွမ်းဘူးလား။
ထောင်နံရံ၊ ကြိုးုစင်နဲ့
အုတ်ဂူတွေပေါ်
လူထုရဲ့ရာဇဝင်ရေးထွင်း
ကျနော်တို့ ၇၄-၇၅-၇၆ မျိုးဆက်ဟာ
မျိုးဆက်ဟောင်းကိုလည်း တမ်းခဲ့ပါရဲ့။
ကတ္တရာလမ်းတွေပေါ်
နေဝင်း-စန်းယုဖြုတ်ချရေး
သံပြိုင်တေးကြော်ခဲ့ကြ
ကျနော်တို့မျိုးဆက် အိပ်မက်ဟာ
မျိုးဆက်သစ်ကိုလည်း ထမ်းခဲ့ပါရဲ့။
မမခင်ဦးစံပယ်ရယ်
ကျနော်တို့ဆိုနေတဲ့
အလွမ်းတေး အတောပိုဒ်ကလေးမှ မဆုံးခင်
အုန်းခနဲ၊ ဘုန်းခနဲ
ဝုန်းဒိုင်းကြဲ ဝင်လာတဲ့
မုန်တိုင်း၊ မုန်တိုင်း။
မမခင်ဦးစံပယ်ရေ
တိုင်းပြည်က ရိုင်းတော့
စိန်ပန်းတွေတောင်
မုန်တိုင်းနဲ့မှ ပွင့်ရသတဲ့။
စိန်ပန်းနီနီ
ခွပ်ဒေါင်းအလံနီနီ
ပြည်သူထဲမှာ
သူရဲကောင်းတွေ ချီလာပေါ့။
နေရာင်ရဲရဲ
မိုးထဲ လေထဲ
ယမ်းငွေ့တွေထဲ
အသည်းနှလုံးတွေ နီလိုက်ကြပုံက
အရုဏ်ဦးနီနီ
နွေဦးနီနီ။
မမခင်ဦးစံပယ်ရယ်
မစ်ရှီဂန်မဲဇာမှာ
အဝေးရောက်နှလုံးသားဟာ
ဟိုတုန်းက
ကျဆုံးလေပြီးသောပန်းပွင့်များ
လွမ်းအားပိုတယ်။
လွမ်းအားပိုပို
မစ်ရှီဂန်ရိပ်သာလမ်းမကြီးပေါ်မှာ
ကျနော် လွမ်းနေတုန်း။
တက္ကသိုလ်ရိပ်သာလမ်းမှာ
လီလီပန်းများ ပွင့်နေတုန်းလား။
တက္ကသိုလ်ရိပ်သာလမ်းမှာ
လီလီပန်းများ ပွင့်မဆုံးတော့ဘူးလား။
လွမ်းနေတုန်း
မစ်ရှီဂန်ရိပ်သာလမ်းမကြီးပေါ်မှာ
ကျနော် လွမ်းနေတုန်း။
"ဆန်တစ်ပြည် ၁၅ ကျပ်
စိန်လွင့်ခေါင်းကိုဖြတ်"
"သစ်ပုပ်ပင် သံတိုင်ခတ်
ခင်ညွန့်ခေါင်းကိုဖြတ်"
မမခင်ဦးစံပယ်ရေ
အိမ်မပြန်နိုင်သေးပေမဲ့
ကျနော့်နားတွေ ပြန်ခဲ့ကြပါပြီ။
လွမ်းတယ်ဆိုတာလည်း
နာကြည်းစရာရှိမှ
ကောင်းတာ မဟုတ်လား မမခင်ဦးစံပယ်ရေ။ ။

(ဖေဖော်ဝါရီ ၈၊ ၂၀၂၀)
* Sir Walter Scott's "Ivanhoe" (1819)