Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂ ရက် မြောက်နေ့ မြင်ကွင်း




မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၂၁

ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာထဲက မြန်မာ့အရေး
မြန်မာ့နိုင်ငံရေးဟာ ဒေသတွင်းနိုင်ငံတွေရဲ့ အခင်းအကျင်း၊ ဒိုင်းနမစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း ဒိုင်းနမစ်တို့ အပေါ်အတိုင်းအတာတခုထိ မူတည်နေတယ်လို့ဆိုရင် ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ ဒီဟာတွေက အဆုံးအဖြတ်တော့မဟုတ်ဘူးလို့လည်း ထပ်မံဖြည့်စွက်ဆိုချင်ပါတယ်။ ဒီဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်း အခြေအနေပေါ်မူတည်ပြီး ဘယ်လိုလမ်းစဥ်နဲ့ သွားကြမလဲဆိုတာမျိုး စဥ်းစားချမှတ်ကြရတာမျိုးလို့ ဆိုချင်ပါတယ်။

ခေတ်သစ်မြန်မာနိုင်ငံသမိုင်းကိုကြည့်ရင် လက်နက်ကိုင်နည်းလမ်းတွေနဲ့ အာဏာဟောင်းကို ဖြိုချ အာဏာသစ်ကို တည်ဆောက်နိုင်ခဲ့တာတွေရှိခဲ့တာ မှန်ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ခါစ ဂျပန်တပ်တွေနဲ့ အတူဝင်လာတဲ့ ဘီအိုင်အေက အင်္ဂလိပ်ကိုလိုနီအစိုးရကို အိန္ဒိယထိ မောင်းထုတ်နိုင်ခဲ့ပြီး ဂျပန်အင်ပိုင်ယာရဲ့အောက် ဒေါက်တာဘမော်အစိုးရကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အလားတူ နှစ်အနည်းငယ်အကြာမှာ အင်္ဂလိပ်တပ်တွေနဲ့ အတူ ဘီဒီအေက ဂျပန်ကို ပြန်တိုက်ထုတ်ခဲ့ကြပြန်ပြီး အင်္ဂလိပ်အစိုးရက ပြန်လည်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအုပ်ချုပ်မှုအာဏာ ၂ ခုလုံးကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြုတ်ချပြောင်းလဲခဲ့တာမှန်ပေမယ့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ အင်အားချိန်ခွင်လျှာ အခြေအနေအပေါ်မူတည်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအင်အားစုက ပါဝင်လှုပ်ရှားခဲ့ကြတာလို့ဆိုရမယ် ထင်ပါတယ်။

မြန်မာ့သမိုင်းတွေကို စာသင်ကျောင်းတွေမှာ သို့မဟုတ် စာသင်ကျောင်းပြင်ပစာအုပ်တွေမှာ ပြုစုကြတဲ့အခါ ဂျပန်ကို စစ်ပညာသင်သွားကြတဲ့ အဖြစ်အပျက်၊ ရဲဘော်သုံးကျိပ်ဖွဲ့တဲ့အဖြစ်အပျက်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံတောင်ပိုင်းကို ဂျပန်တပ်တွေနဲ့ အတူဝင်ရောက်လာပြီး ကိုလိုနီအင်္ဂလိပ်တပ်တွေကို မြန်မာနိုင်ငံအထက်ပိုင်းအထိ တိုက်ခိုက်ပြီး မြန်မာနိုင်ငံကို သိမ်းယူခဲ့ကြတာကို သင်ကြားခဲ့ ဖတ်ရှုခဲ့ကြတာ ဖြစ်ပါတယ်။ အလားတူ ၁၉၄၅ မတ်လမှာလည်း မဟာမိတ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားချိန်ခွင်လျှာ အသာရမှု အခြေအနေနဲ့ အညီ မြန်မာနိုင်ငံက ဝင်ရိုးစွန်းဖက်ဆစ် နိုင်ငံတွေကို ပြန်လည်တိုက်ထုတ်တဲ့ မဟာဗျူဟာ အောက်မှာ မတ်လတော်လှန်ရေးကစတင်လို့ ဂျပန်တပ်တွေကို ချေမှုန်းပြီး ပြန်လည်တိုက်ထုတ်ခဲ့တာပါ။
ဒီသမိုင်းအဖြစ်အပျက်တွေကို သင်ခန်းစာယူကြရမှာ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာနဲ့အခင်းအကျင်းကို ထည့်သွင်းမဖေါ်ပြခဲ့ကြဘူးလို့ ခံစားမိပါတယ်။

ဒီနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို ချည်းကပ်စဥ်းစားကြရာမှာလည်း ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းကို ထည့်မတွက်လို့မဖြစ်၊ ဒေသဆိုင်ရာ အခင်းအကျင်းကိုလည်း ထည့်မတွက်လို့ မဖြစ်ဘူးလို့ မြင်ပါတယ်။

ယခင်နေ့တွေက နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေသူ၊ ကိုယ်တိုင်လည်း ဆယ်စုနှစ်အတော်များများ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုထဲပါဝင်ဖူးသူ ဦးမောင်မောင်စိုးက မြန်မာ့နိုင်ငံရေးမှာ တရုတ်နဲ့ ရှရှားရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးရေးသားခဲ့ပါတယ်။

တရုတ်က သူ့ရဲ့ စီးပွားရေး အကျိုးစီးပွား၊ နိုင်ငံရေးအရ အိမ်နီးချင်း၊ ပထဝီနိုင်ငံရေး အချက်အချာကျမှုတွေ စတဲ့ အကြောင်းတွေကြောင့် မြန်မာ့အရေးမှာ သူ့ရဲ့ ပါဝင်မှုကို ဘယ်သူမှ အငြင်းမပွားကြပေမယ့် ဘယ်လောက်ပါဝင်နေတယ်၊ ဘယ်လို ဖြစ်စေချင်တယ်ဆိုတဲ့ အချက်တွေမှာ‌ေတာ့ အမြင်ကွဲပြားကြတာ ရှိနိုင်ပါတယ်။
နောက်တနိုင်ငံက ရုရှားဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်နှောင်းပိုင်းတွေကတည်းက စစ်တပ်အရာရှိတွေ ရုရှားမှာ ပညာသင်သွားနေခဲ့တာ၊ အခု ၂၀၁၀ နောက်ပိုင်း ဒိထက်ပိုတဲ့ ဆက်ဆံရေးတွေ စစ်တပ်ဘက်က တိုးချဲ့ခဲ့တာတွေကို ကြည့်ပြီး ဦးမောင်မောင်စိုးက တရုတ်နဲ့ရုရှားတို့ရဲ့ မြန်မာ့အရေး ပါဝင်မှု၊ အကျိုးစီးပွား၊ စိတ်ဝင်စားမှု၊ နိုင်ငံတကာအခင်းအကျင်း စတာတွေနဲ့ နှိုင်းယှဥ်တွက်ချက်ပြီး ညွှန်းဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာမှာ အခု သီတင်းပတ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတပုဒ်က သြဂုတ်လနှောင်းပိုင်းက တရုတ်အစိုးရရဲ့ အထူးသံတမန် ဆွန်ကော့ရှန်ရဲ့ မြန်မာနိုင်ငံခရီးစဥ် ဖြစ်ပါတယ်။ တပတ်ကြာနေထိုင်ခဲ့တဲ့အတွင်း ဘယ်သူတွေနဲ့ တွေ့ခဲ့တယ်ဆိုတာ တိတိကျကျ ထုတ်ဖေါ်မပြောဆိုထားပါဘူး။ အဓိကကျတဲ့သူတွေနဲ့ တွေ့ခဲ့တယ်လို့သာ ဖေါ်ပြထားပြီး တရုတ်ရဲ့ “ခါးပတ်တကွင်း လမ်းတစင်း” စီမံကိန်း၊ အနောက်တောင် တရုတ်နိုင်ငံရဲ့ အိန္ဒိယပင်လယ်ထွက်ပေါက် စတာတွေက တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးကို ပါဝင်ရတဲ့အကြောင်းတွေဖြစ်ပြီး ကမ္ဘာ့အရေးမှာ နီးတဲ့ အင်အားကြီးနဲ့ ဝေးတဲ့ အင်အားကြီးနိုင်ငံတွေ ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဥ်းစားဖို့ ညွှန်းထားတာတွေ့ရပါတယ်။

မြန်မာ အာဏာသိမ်းစစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂမှာ နိုင်ငံတကာ သံတမန်ရေးမျက်နှာစာမှာ တရုတ်ကို အားကိုးနေရတာလည်း အမှန်ပဲဖြစ်ပါတယ်။ တဖက်မှာလည်း စစ်တပ်နဲ့ အစဥ်အမြဲ လက်နက်ကိုင် တိုက်နေတဲ့ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တရုတ်ဆက်ဆံရေး အပေါ်မှာလည်း ဘဝင်မကျတာ တွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ပတ်သက်လို့ဖြစ်စေ၊ ကိုးကန့်လက်နက်ကိုင်နဲ့ ပတ်သက်လို့ဖြစ်ေစ၊ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ဖြစ်စေ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတွေ၊ လက်နက်ရောင်းချတာ သို့မဟုတ် အကူအညီပေးတာတွေအပေါ် တပ်ကဘဝင်မကျခဲ့တာတွေ ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေက တပ်ခေါင်းဆောင်နဲ့ တရုတ်နိုင်ငံကိုယ်စားလှယ်တို့တွေ့ဆုံစဥ်မှာ လက်နက်ရောင်းချတဲ့ ကိစ္စကို သံသယရှိကြောင်း သိသာထင်ရှားစွာ မေးခွန်းထုတ်ပြောဆိုခဲ့ဖူးတာ ဖြစ်ပါတယ်။


တရုတ်အစိုးရက မြန်မာနိုင်ငံအရေးကို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာအောက်မှာ နောက်တချက်က သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်မှန်းချက် အောက်မှာ လုပ်ဆောင်ရာမှာ ယခုလက်ရှိ အချိန်ထိ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ ဘယ်သူမှ လက်ဝင်မပါရေးဆိုတာကို လူသိရှင်ကြားထုတ်ပြောထားတာလည်းတွေ့ရပါတယ်။

ပြန်ချုံ့ရရင်တော့ မြန်မာ့အရေးကို မြန်မာနိုင်ငံထဲက အင်အားစုတွေက အဆုံးအဖြတ် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မိမိတို့ဖြစ်စေချင်တဲ့ ဆန္ဒ၊ မိမိတို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အပေါ်မှာ ပြင်ပအားပေးကူညီမှုက ဘယ်လောက် ရရှိနိုင်မလဲ ဆိုတဲ့အချက်မှာတော့ ကမ္ဘာ့လုံးဆိုင်ရာ အခင်းအကျင်း မဟာဗျူဟာကို နားလည်သဘောပေါက်ဖို့က အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။

လက်ရှိအခြေအနေမှာ အာဖဂနစ္စတန်က အမေရိကန်စစ်တပ် ဆုတ်ခွာလိုက်တာနဲ့ တပြိုက်နည်းတည်း အာဖဂန်အရပ်သားအစိုးရ ပြိုလဲသွားပါတယ်။ တာလီဘန်တွေက အခု ရက်သတ္တပတ်အတွင်း တိုင်းပြည်ကို သိမ်းပိုက်လိုက်ပါပြီ။ ဆီးရီးယားမှာ စစ်အာဏာရှင်သမ္မတဘက်က ရုရှားက ရပ်တည်ပေးနေတာ နောက်ဆုတ်သွားမယ့်ပုံ မရှိပါဘူး။ အမေရိကန်မဟာမိတ် ဆီးရီးယားအတိုက်အခံတွေဟာလည်းပဲ အကူအညီမရတာနဲ့ ဆီးရီးယားတပ်ကိုလည်း ရှုံးတဲ့အပြင် အိုင်ဇစ်အကြမ်းဖက်တွေဆီက ထွက်ပြေးနေရတဲ့ အစဉ်အလာရှိပါတယ်။ ရုရှားနဲ့ တရုတ်တို့၏ ဩဇာချဲ့ထွင်မှု သက်ရောက်မှုဟာ ၂၁ ရာစုမှာ ကျဆင်းသွားတယ်ရယ်လို့ မရှိဘဲ အမေရိကန်ရွေးကောက်ပွဲတွေနဲ့ ဆိုရှယ်မီဒီယာတွေကိုပါ ထိခိုက်နစ်နာအောင် စွက်ဖက်ချယ်လှယ်မှုတွေ လုပ်နိုင်တာတွေ ဖြစ်လာပါတယ်။ သည်လို နိုင်ငံရေး စစ်ရေး ရပ်တည်မှု အာဘော် အကြပ်အတည်း အရှုပ်အထွေးကာလတွေမှာ မြန်မာပြည်လို ကျရှုံးလုလုနိုင်ငံတခုအနေနဲ့ကတော့ ကိုယ့်ပြည်သူတွေနဲ့ ကိုယ်နိုင်ငံရေးခေါင်းဆောင်တွေကိုယ်တိုင်က ကိုယ့်အားကိုယ်ကိုး ကိုယ့်အစွမ်းအစနဲ့ ဆက်ပြီး ချီတက်ကြဖို့သာ အရေးကြီးတယ်လို့ ထင်မြင်မိကြောင်းပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar