Breaking News

Amber Fraley - Gen X တွေက အေးအေးသေမယ့် မျိုးဆက်မဟုတ်


Amber Fraley - Gen X တွေက  အေးအေးသေမယ့် မျိုးဆက်မဟုတ်

(နိုင်ငံတကာသာဂိ ဘာသာပြန်)
မိုးမခ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၀

(ဘာသာပြန်သူ၏ အမှာ - ဂျင်းအိတ်စ်၊ ဂျင်းဝိုင်၊ ဂျင်းဇက် ဆိုပြီး generation X, Y, Z တွေအကြောင်း ရေးကြလှပြီ။ ဂျင်းအိတ်စ် Gen X  ရှေ့က Baby Boomer တွေအကြောင်းလည်း တလောက လှုပ်လိုက်ကြသေးတယ်။ ဒေါ်နယ်ထရန့်မျိုးဆက်ဟာ အခု ကမ္ဘာကို ခလောက်ဆန်ပြီး ထားရစ်ခဲ့မယ် ဆိုကြတယ်။ သည်တော့ သူတို့နောက်က မျိုးဆက် - ဂျင်းအိတ်စ် Gen X တွေက ငြိမ်ခံနေကြတော့မလား ဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဂျင်းအိတ်စ်တွေတော့ မသိဘူး။ မီလီနီယံတွေ - ၂၁ရာစုမျိုးဆက် - ဂျင်းဝိုင်တွေကတော့ မခံဘူး၊ တချိန်းချိန်းဆန္ဒပြနေကြလေရဲ့။ ဂျင်းဇက်ဆိုတာကကော ဘာလဲ ... သူတို့က မီလီနီယံ တွေနောက်ပိုင်း (၁၉၉၇နောက်) မွေးတဲ့ကလေးတွေ အခုမှ အသက် ၂၂-၂၃အောက်တွေပေါ့။ သူတို့အတွက် သမိုင်းရေးစရာ စတိုရီမရှိသေး။ သို့သော် အခု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဥရောပက တက်ကြွသူကလေး Greta Thunberg  ကတော့ အဲသည်နောက်ဆုံးမျိူးဆက်ထဲ ပါလိမ့်မယ်။)

Amber Fraley - Gen X တွေက အေးအေးနေမည့် မျိုးဆက်မဟုတ်

ငါတို့တွေက ဆူဆူပူပူအမျိုးတွေ။ ငါတို့ ပြင်လိမ့်မည် မဟုတ်။

ဂျင်းအိတ်စ်တွေဆိုတာ ဂုဏ်သိက္ခာနဲ့ အသက်ထွက်မယ့်အစားထဲ မပါ။ Grace Jones တို့ Poison တို့လို စိတ်ဓာတ်နဲ့ သေသွားမယ် သူတွေ။ (ပြောချင်တာက ဂျင်းအိတ်စ်တွေရဲ့ ဖွားဖက်တော်ဂီတတွေ ဖြစ်တဲ့ rock, hard rock, metal ကြိုက်တဲ့ မျိုးစိတ်လိုမျိုးကို ဆိုလိုတာ)။

ငါတို့က ငါတို့ထင်တာ ငါတို့ထုတ်ပြောတာပဲ။ ပုဆိုးနဲ့တိုက်ပုံ ဝတ်ချင်လည်းဝတ်မယ်။ တကိုယ်လုံး တက်တူးထိုးချင်လည်း ထိုးလိုက်မှာပဲ။

ငါတို့မိဘတွေလိုမျိုး အသက်နဲ့ လိုက်ဘက်အောင် အဝတ်ဝတ်ကြတဲ့ အမျိုးတွေ မဟုတ်။ ဆောင်းပါးတွေမှာ ဝေဖန်ကြသလိုမျိုး - လျာထိုးဘိနပ်တွေ၊ လည်ရှည်ရှူးတွေ၊ စစ်ဘိနပ်တွေ၊ စကပ်တိုတို၊ ဂျင်းပင်ဖင်ကြပ်၊ ပြီးတော့ အပေါက်အပြဲတွေလည်း ပါတဲ့ ဝတ်ပုံစားပုံတွေကို ကိုယ့်အသက်ကိုအားနာပြီး မဝတ်ကြပါနဲ့တော့လားလို့ လာ မပြောကြနဲ့။ လဲသေလိုက်ကြ။

ငါတိုတသက်လုံး ကိုယ်ကြိုက်တာ ကိုယ်ဝတ်ဆင်ခဲ့ကြ၊ မင်းတို့ကြိုက်အောင် ဘယ်တုံးက လိုက်လျောခဲ့ဖူးလို့လဲကွ။

ငါတို့က ၈၀ခုနှစ်တွေမှာ အရွယ်ရောက်ခဲ့ကြတာ။ မီးပန်းတွေ အရောင်စုံတွေ၊ ပန့်ခ် မက်တယ် ဟစ်ဟော့တွေနဲ့ ဘ၀စခဲ့ကြတာ။ ငါတို့က အသံအကျယ်ကြီး ဆူပူပေါက်ကွဲ ကြီးပြင်းခဲ့တာ အကျင့်ပါနေပြီ။ ဒါကိုတော့ လျော့ပေးမှာ မဟုတ်ဘူး။

ငါတို့ ဂီတက ဆူညံသလိုမျိူး ငါတို့ ဝတ်စားပုံတွေကလည်း ဆူညံနေမှာပဲ။ သည်လိုပဲ ငါတို့ သဘောထားတွေကို မင်းတို့ကို ထုတ်ပြောဖို့ကိုလည်း ကြောက်နေမယ့် အစားထဲ မပါရေးချ မပါ။

ငါတို့တွေက မိဘဆရာအသင်းမှာ ပါကြမယ်။ တီးဝိုင်းအေးအေးဆေးဆေးလေးမှာ ဘေ့စ်ဂီတာ သွားတီးချင် တီးနေမယ်။ ပြီးတော့ ငါတို့ကလေးတွေနဲ့ ငါးများထွက်ချင် ထွက်မယ်။ အပြင်လောကထဲ သဘာ၀ထဲ ထွက်ရတာကို သင်ပြပေးကြမယ်။

ငါတို့တွေက ရီဂင်တို့ စစ်အေးတိုက်ပွဲကြီးတို့ ကာလမှာ ကြီးပြင်းခဲ့ကြတာ။ ငါတို့တွေမျက်စိနဲ့ နံရံတွေ ပြိုကျကုန်တာကို မြင်ခဲ့ကြတာ။ ငါတို့တွေက ငါတို့သူငယ်ချင်း အခြောက်တွေအတွက် ရပ်တည်ပေးခဲ့ကြတယ်။ ငါတို့တွေက လိင်တူလိင်ကွဲ တန်းတူလက်ထပ်ခွင့်ရှိဖို့ မဲပေးခဲ့ကြတယ်။ ငါတို့လက်ထက်မှာ စိုစိုခြောက်ခြောက် တန်းတူဆက်ဆံဖို့အရေး တိုက်ပွဲဝင်ခဲ့ရတယ်။ အေအိုင်ဒီအက်စ်ကိုလည်း တိုက်ခဲ့ရတယ်။ ရုရှားနဲ့ အမေရိကန်ဆိုတာ တသက်လုံးရန်သူဆိုတဲ့ သမ္နတမျိုးတွေနဲ့လည်း ဆုံခဲ့ရတယ်။

ငါတို့တသက်လုံး သောက်တလွဲတွေ မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ကြပြီးပြီဆိုတော့ အခု မင်းတို့က ငါတို့ကို လွယ်လွယ်နဲ့ ဂျင်းထည့်လို့ ရလိမ့်မယ် မထင်ကြနဲ့ ဟိတ်။ Gen X ဆိုတာ သေးသေးလေးပါလို့ ဆိုကြလိမ့်မယ်။ ငါတို့တွေမှာက ငါတို့ကလေးတွေကို ပြုစုရ၊ ငါတို့မိဘတွေကို စောင့်ရှောက်ရနဲ့ ဖိဆီးနေရလို့ အဆိုးမြင်တွေချည်းလို့ ထင်ကြမယ်။

ဒီတခေါက် ဒီတိုင်းပြည်ကြီး ဒေါ်နယ်ထရန့်ဒဏ်တောင် ခံနိုင်ပါဦးတော့မလားလို့ သံသယရှိမိသော်လည်း ရော်နယ်ရီဂင်၊ ဘီကလင်တန်နဲ့ ဂျော့ဘွတ်ချ်တို့ ဒဏ်ကို ငါတို့တိုင်းပြည်က ကောင်းကောင်းကြီး ကျော်လွှားနိုင်ခဲ့တာတော့ မြင်ခဲ့ရတယ်။ သည်တော့ ထရန့် ၄နှစ်မကလို့ ကံဆိုးပြီး ၈ နှစ် ဒဏ်ခံရပြီးရင်လည်း တိုင်းပြည်ကတော့ တခုခုတော့ ကျန်ရစ်ဦးမှာပါပဲ။ သည်တောင်ကို ကျော်နိုင်ဦးမှာပဲပေါ့။

ငါတို့က ရော့ခ်တွေ ဟဒ်ရော့ခ်တွေ ကြိုက်သလို၊ ပေါ့ပ်တွေလည်း ကြိုက်ကြတာပါပဲ။ ကျေးလက်တေးသီချင်းတွေလည်း ဆိုင်းဝိုင်းတွေလည်း ကြိုက်ကြတာပါပဲ။ ငါတို့တွေက ပီဇာတို့ ဘာဂါတို့ တာကိုတို့ စားပြီး ကြီးလာကြတာ။ ပြီးတော့ ငါတို့တွေက ဆူရှီတွေ၊ ပယ်ရိုဂီးစ်တွေ၊ ဘူဂိုဂီစ်တွေလည်း ကြိုက်တတ်လာခဲ့ကြတာပါ။

အခုတော့ ငါတို့တွေမှာက ငါတို့ကလေးတွေရဲ့ ကြီးကောင်ဝင်စိတ်ပိုင်းဆိုင်ရာကို ဖြေရှင်းနေဆဲမှာ ငါ့ပါတနာရဲ့ မိဘတွေ သူဂရုစိုက်နိုင်ဖို့ အချိန်ပေးရ၊ ငါ့မိဘတွေ ဆေးခန်းပြနိုင်ဖို့လည်း အားစိုက်ရ လုံးခြေလည်လို့ ဆိုတော့ ငါတို့လည်း ပင်ပန်းနွမ်းနယ်ရသပေါ့။ သို့ပေမယ့် ငါတို့တွေက တခါတလေလေး အပြင်ထွက်ပြီး သောက်လိုက် စားလိုက် ကာရာအိုကေလေး ဆိုလိုက်နဲ့ နေချင်သလိုလေး နေရသေးတာပေ့ါ။

ငါတို့တွေ မျိးဆက်တွေက အလုပ်မဖြစ်တဲ့ အိမ်ထောင်ရေးကို သီးခံနေတာကို စိတ်ကုန်နေကြပြီ။ သည်တော့ ငါတို့တွေ ကိုယ့်တာဝန်ကိုယ်ယူပြီး ကွာရှင်းတတ်ကြတယ်။ ငါတို့ကလေးတွေ အဓိကဆိုပြီး ပြင်ဆင်ကြတယ်။ ဘာကြောင့်ဆိုတော့ အရင်ခေတ်က ငါတို့မိဘမျိုးဆက်တွေ ကွာရှင်းကြတုန်း ကလေးတွေလမ်းဘေးရောက်ကုန်ကြတာမျိုး ငါတို့ အဖြစ်မခံနိုင်ဘူး မဟုတ်လား။

ငါတို့တတွေက မီးဖိုချောင်ဝင်တယ်၊ ငွေချေးပြီး အိမ်ဝယ်တယ်၊ ဘိုင်စကယ်လေထိုးတယ်၊ စကိတ်ဘုတ်လည်း စီးတတ်ကြတယ်။ အခုတော့ စကိတ်ဘုတ်လည်း သိပ်မစီးဖြစ်တော့ပါဘူး။ အခုတော့ ငါတို့ ယောဂကျင့်တယ်၊ တရားထိုင်ကြတယ်။

သည်ထက်ပိုပြီး ငါတို့ အိုမင်းလာတဲ့အခါ ၊ ဆံပင်တွေက ဖြူသည်ထက်ဖြူလာ၊ ခါးတွေကလည်း ကိုင်းပြီးရင်း ကိုင်း၊ သွက်သွက်လည်း မသွားနိုင်တော့ ... ငါတို့စီးနေတဲ့ ကင်းဗတ်ဘိနပ်အစား လူနာစီးဖိနပ်ပြောင်းစီးချင် စီးရမပေါ့။ အေး ဒါပေမယ့် ငါတို့ နားကြပ်ထဲမှာ Gun N' Roses သီချင်းတွေချည်း အကျယ်လောင်ဆုံး မြည်ဟီးနေမှာကွ။ ပြီးတော့ ငါတို့ အသုဘကျရင် Prince ရဲ့ သီချင်းတွေ ဖွင့်ပြီးသာ ငါတို့ကို သဂြိုလ်လိုက်ကြ။