Breaking News

ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၉)



ဥုံဖွ - ပတ္တနိက္ကုဇ္ဇန (၉)

ရွှေပဟိုရ်စည်ကြီး မည်ဟီးသည့်နှယ်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၀

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးစတဲ့ မြို့ကြီးတွေနဲ့ နယ်မြို့တွေပါ ကံဆောင်သပိတ်မှောက်ပြီးကြပြီဆိုတဲ့အသံတွေ၊ သပိတ်ကံဆောင်ခွင့်မသာလို့ မဆောင်ဖြစ်ပေမယ့် တခြားမြို့တွေ နယ်တွေမှာ ဆောင်ထားကြတဲ့ သံဃာတွေနည်းတူ လက်နက်ကိုင် အဖွဲ့အစည်းတွေကို သပိတ်မှောက်ကြပြီဆိုတဲ့ သတင်းတွေကိုပါ ကြားလာရတယ်။
အစိုးရပိုင်းကတော့ ဘယ်သူတွေ သပိတ်မှောက်မှောက် သူတို့ကို ထောက်ခံတဲ့ ဘုန်းကြီးတွေ ရှိပါသေးတယ်ဆိုတာကို ပြချင်တဲ့အတွက် သူတို့လုပ်တဲ့ အခမ်းအနားပွဲတွေမှာ တပ်ဦးကျောင်းတို့၊ တပ်တွင်းကျောင်းတို့က ဘုန်းကြီးတွေ ပင့်ပြီး ဓာတ်ပုံရိုက်၊ သတင်းစာတွေထဲ ထည့်၊ တီဗီက လွှင့် လုပ်လာတယ်။
အစကတော့..ဒေသနာလာတဲ့အတိုင်း နည်းလမ်းတကျ ကံဆောင် သပိတ်မှောက်ပြီး သာရေး နာရေးဖြတ်တောက်တာကို အလေး မမူ၊ ဂရု မထားပေမယ့် ကြာလာတော့ "ဟာ...သံဃာတွေဘက်က ကံဆောင်သပိတ်မှောက်လာပြီဆိုရင် ဒီလိုကြီး အပယ်ခံရတာပါလား၊ အကျဉ်ခံရတာပါလား" ဆိုပြီး ဖြစ်လာကုန်ပြီ။ ဒါနဲ့..သူတို့ကလဲ ဒီသပိတ်ကြီးကို ဖြိုခွင်းမှ ဖြစ်တော့မယ်ဆိုတဲ့ အကြံနဲ့ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ် မဟုတ်ပဲ နီးသထက်နီးအောင်ဆိုပြီး ဦးပေစိဘုရားဝင်းကနေ တိုက်သစ်မြောက်ဘက် တံတားအရှေ့ဘက်က ပိတောက်မြိုင်အိမ်(ယခု စာအုပ်တန်း)မှာ လူခွဲ ချထား လာပြန်တယ်။ တိုက်သစ်ဘက်မှာ ဒီလို အနီးကပ် ချထား ခံရသလို၊ အိမ်တော်ရာဘက်မှာလဲ အိမ်တော်ရာဘုရားထဲ တပ်စွဲလာရာက မိုးကောင်းစတဲ့ ကျောင်းတိုက်တွေနားမှာ တပ်တွေ ခွဲချလာတယ်။ မတည့်သူနှစ်ယောက် ထိပ်တိုက်တွေ့မိရင် ဖြစ်တတ်တဲ့ သဘာဝအတိုင်း ဖြစ်လာတော့မယ်ဆိုတာတော့...
မကြာခင်မှာပဲ ဆရာတော်ဦးရာဇနဲ့ ဘုရားကြီးတိုက်၊ ဓမ္မာဂါရဆရာတော်အပါအဝင် မြို့ပေါ်ကျောင်းတိုက်ကြီးတွေက ဆရာတော်တွေကို ပင့်ပြီး တိုင်းမှူးဦးထွန်းကြည်က "အစိုးရကိုယ်စားတပည့်တော် တောင်းပန်ပါ့မယ်ဘုရား။ ဓမ္မာရုံတစ်ခုခုမှာပဲ ဖြစ်ဖြစ်၊ တပ်တွင်းမှာပဲ ဖြစ်ဖြစ် စီစဉ်ခွင့် ပြုတော်မူပါဘုရား။ တောင်းပန်ပွဲ လုပ်တဲ့အချိန်မှာ မြို့ပေါ်က သံဃာငယ်ခေါင်းဆောင်တွေကိုပါ ပင့်ခွင့် ပြုပါဘုရား" လို့ လျှောက်တော့ ဆရာတော်တွေ တိုင်ပင်ကြတယ်။ တိုင်ပင်အပြီးမှာ ဆရာတော် ဦးရာဇက.....
"ဒီမှာ..ဒကာတော်မောင်ထွန်းကြည်၊ အခုကိစ္စက တစ်ဦးတစ်ယောက်ထဲ လုပ်ထားတဲ့ကိစ္စ မဟုတ်ဘူး။ အဆင့်ဆင့် ဩဝါဒခံ၊ ဆန္ဒ တောင်းခံပြီး အများနဲ့ တိုင်ပင် လုပ်ထားတာ။ တကယ်တန်း လှန်ရတော့မယ်ဆိုရင် အားလုံးကို ပြန်ချပြရဦးမှာ။ ထင်သလောက် အမြန်ကြီးတော့ ဖြစ်မှာ မဟုတ်ဘူး။ အေး..အားလုံး သဘောတူလို့ တောင်းပန်ပွဲ လုပ်တော့မယ်ဆိုရင်လဲ မြို့ပေါ်က ခေါင်းဆောင်တွေကို သူတို့ လုံခြုံရေးအတွက် ငါ ခေါ်လာပေးမှာ မဟုတ်ဘူး။ ဒီမှာ..ဒကာတော်မောင်ထွန်းကြည်၊ မဖြစ်နိုင်တဲ့ အရာတစ်ခုကိုတော့ ခေါင်းထဲ ထည့်ထား။ အဲဒါက ဘာလဲဆိုတော့ သံဃာတွေ တညီတညွတ်တည်း အခမ်းအနားတွေ လုပ်ပြီး တောင်းဆိုတဲ့အချက်က "ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် တောင်းပန်ရမယ်။ ဒီသတင်းကို သတင်းစာတွေ၊ ရေဒီယို၊ တီဗီတွေကနေ တရားဝင် ထုတ်ပြန်ပေးရမယ်ဆိုတဲ့အချက်ဘဲ”။
“အခု ဒကာတို့ဘက်က တောင်းတော့ တောင်းပန်မယ်။ ဒါပေမယ့်..ဦးစောမောင်ကိုယ်တိုင် မဟုတ်ဘူး၊ တရားဝင် မထုတ်ပြန်ပေးဘူးဆိုတဲ့သဘော။ ဒီမှာ..ဒကာတော်၊ မင်းကျင့်တရား(၁၀)ပါးထဲမှာ "အဝိရောဓန" ဆိုတာ ပါတယ်။ သူ့ရဲ့အဓိပ္ပာယ်က..တိုင်းပြည်အုပ်ချုပ်တဲ့သူတွေဟာ တိုင်းသူပြည်သားတွေရဲ့ လိုအင်ဆန္ဒကို မဆန့်ကျင်ပဲ လိုက်လျောရမယ်တဲ့။ အခု..ဒကာတို့ လုပ်နေတဲ့ပုံက သူတို့ တောင်းဆိုတာကို
အလေးမထားပဲ ကိုယ်လုပ်ချင်ရာလုပ်မယ့်သဘော ဖြစ်နေသလို၊ ဒို့ ဘုန်းကြီးတွေကိုပါ ဒါကို..ဒီလို ဖြစ်ချင်တယ်၊ အရှင်ဘုရားတို့ ဖြစ်အောင် လုပ်ပေးပါလို့ ဥပဒေတွေ ထုတ်ပေးခိုင်းသလို ဖြစ်နေပြီ။ ဒကာတို့ လိုချင်သလို လိုက်လုပ်ပေးနေရရင် မောင်းထောင်ခေတ်က ရှင်ဘုရင့်အလိုကို လိုက်မိလို့ သာသနာပိုင် လူထွက်ရတယ်ဆိုတဲ့ အဖြစ်နဲ့ တထပ်ထဲ ကျသွားလိမ့်မယ်" လို့ စလိုက်ပြီး
“ဒကာတော်... "မောင်းထောင်သာသနာ နှစ်တစ်ရာ" ဆိုတဲ့ စာအုပ်ကို ကြားရော ကြားဘူးလား၊ ဖတ်ရော ဖတ်ဘူးလား" ဆိုပြီး မေးတော့ စကားပြန် မရတာနဲ့ "ဖတ်မယ့်သူတွေလဲ မဟုတ်ပါဘူးကွာ။ မဖတ်ဘူးရင် သေချာ နားထောင်။ မောင်းထောင်ခေတ်မှာ ရှင်ဘုရင်အကြိုက်ကို လိုက်လုပ်ပေးတတ်တဲ့ သာသနာပိုင်တစ်ပါး ရှိခဲ့ဘူးတယ်။ ရှင်းအောင်ပြောရရင် ရှင်ဘုရင့် အလိုကို လိုက်ပေးတယ်ပေါ့။ ဘုရင်က "ဆရာတော်..ဦးဇင်း၊ ကိုရင်တွေ မွန်းလွဲချိန်ကစလို့ ရပ်ထဲ ရွာထဲသွားတာ လူမြင် မတင့်ဘူး ထင်တယ်ဘုရာ့၊ အဲဒါကို ဆရာတော့်အနေနဲ့ မွန်းလွဲချိန်က စလို့ သာရေးနာရေး အကြောင်းမရှိပဲ ရပ်ထဲ ရွာထဲ မသွားရ" ဆိုတဲ့ ဥပဒေလေး ထုတ်ပေးရင် မကောင်းဘူးလားဘုရာ့လို့ လျှောက်တော့ "ဒကာကြီး ကောင်းမယ်ထင်လို့ လျှောက်တာပဲ၊ အခုပဲ ထုတ်လိုက်တာပေါ့လို့ ခေါင်းလဲငြိမ့်၊ ရှင်ဘုရင့် အလိုကိုပါ လိုက်ပြီး ထုတ်ပေးသတဲ့။ နောက်ပြီး..ရဟန်းတော်တွေနဲ့ အပ်စပ်တဲ့ ယာဉ်ဟာ ဥပါဟနံယေဝ ဘိက္ခုဿ ယာနံဆိုပြီး ဖိနပ်လို့ မှတ်သားဘူးတယ်ဘုရာ့။ အဲဒါကြောင့် ရဟန်းသံဃာတွေ အကြောင်းကြီးငယ်ရှိလို့ ခရီးဘာညာသွားကြတဲ့အခါ လှည်းယာဉ်၊ မြင်းယာဉ်စတာတွေနဲ့ မသွားခိုင်းပဲ ဘိနပ်စီးပြီး ခြေလျှင် ကြွခိုင်းတဲ့ ဥပဒေလေးရော မသင့်ဘူးလားဘုရာ့" လို့ လျှောက်ပြန်တော့လဲ ရှင်ဘုရင့်အလိုကို လိုက်ပြီး ထုတ်ပေးလိုက်ပြန်သတဲ့။ အဲဒီလို ရှင်ဘုရင်လျှောက်တိုင်း ဥပဒေတွေထုတ်ပေးလာလိုက်တာ ကြာလာတော့ သူထုတ်ခဲ့တဲ့ ဥပဒေတွေအတိုင်း မနေနိုင်တော့လို့ လူထွက်သွားရသတဲ့”
“အခုလဲ သံဃာအများ ညီညွတ်ပြီး လုပ်ထားတဲ့ ကိစ္စကြီးကို ဒကာတို့ဘက်က တိတိကျကျ မလိုက်နာပဲ တော်ရိ ရော်ရိလောက်နဲ့ ဖြစ်စေချင်တဲ့ ဥပဒေကို ထုတ်စေချင်တဲ့သဘော ဆောင်လာပြီ။ ဒကာကြီးကို ပြောလိုက်မယ်၊ ဘုန်းကြီးလဲ လူမထွက်ချင်သလို၊ သံဃာအများရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး သံဃာတွေ အကျပ်ရိုက်စေမယ့် ဥပဒေမျိုးကို ဘယ်တော့မှ ထုတ်ပေးမှာ မဟုတ်ဘူး။ ကဲ..ပြောစရာ စကား ကုန်ပြီ။ ပြန်ကြွတော့မယ်" လို့ မိန့်ခဲ့တဲ့အကြောင်းကို ကျောင်းပြန်အရောက်မှာ ပြောပြခဲ့တယ်။
တကယ် လမ်းကြောင်းချပေးတာ ဘုန်းကြီးကော ဖြစ်ပေမယ့် ဘုန်းကြီးကောက အစိုးရပင့်တဲ့ မင်းပွဲ စိုးပွဲမှန်သမျှကို ဘယ်သောခါမှ ကြွလေ့ မရှိဘူး။ ဆရာတော်ဦးရာဇပဲ ကြွရတာ။ တွေ့ဆုံဆွေးနွေးပွဲပြီးလို့ ပြန်ကြွလာပြီဆိုရင်တော့ ဘုန်းကြီးကောကို အကြောင်းစုံ ပြန်လျှောက်တယ်။ လိုအပ်ရင် နှစ်တိုက်ခေါင်းဆောင်တွေကိုပါ ခေါ်ပြီးတော့ပေါ့။ ဒီနေ့ လျှောက်ထားတဲ့ ကိစ္စကို ဘုန်းကြီးကောနဲ့ နှစ်တိုက် သံဃာတွေကို ရှင်းပြပြီး ဘုန်းကြီးကောဆန္ဒကို မေးကြည့်တော့...
"ဦးဇင်း..တပည့်တော်တို့ တောင်းဆိုထားတာ အမြင့်ဆုံးလူ၊ တာဝန်အရှိဆုံးလူ တောင်းပန်ရမယ်လို့ ပြောထားတာလေ။ တိုင်းမှူးလောက်နဲ့ ဘယ်ကျေနပ်လို့ ရမလဲ။ တိုက်မယ့်တိုက် အဆုံးထိ တိုက်မှာပေါ့" လို့ ခပ်ပြင်းပြင်းစိတ်ဓာတ်နဲ့ ပြောခဲ့တယ်ဆိုတဲ့အကြောင်းကို ပြန်ပြောင်း ဖောက်သည်ချရင်း....