Breaking News

ဖိုးသံ(လူထု) - ကျွန်တော်နဲ့ အားကစား(၂)



ဖိုးသံ(လူထု) - ကျွန်တော်နဲ့ အားကစား(၂)

(မိုးမခ) မတ် ၂၁၊ ၂၀၂၀

ကျွန်တော်နဲ့အားကစားဆိုလို့ ကျွန်တော်ငယ်ငယ်က အကြောင်းတွေထဲမှာ မပြောမဖြစ်၊ မချန်ရစ် ချင်တဲ့ အကြောင်းအရာလေးတခုကိုပြောပြချင်ပါတယ်။

ကျွန်တော်တို့ကျောင်းသားငယ်ခေတ်တုန်းက ပညာရည်ချွန်နေ့ဆိုတာရှိပါတယ်။ အစိုးရကသတ် မှတ်ထားတဲ့ ကျောင်းပိတ်ရက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့မန္တလေးမှာက အဲဒီလိုအခါကျရင် အစိုးရ ကျောင်းတွေကသပ်သပ်၊ ကိုယ်ပိုင်ကျောင်းတွေကသပ်သပ် ကျောင်းပေါင်းစုံပညာရေးပြိုင်ပွဲတွေလုပ် ပါတယ်။ ကျွန်တော် ငါးတန်းမှာလား၊ ခြောက်တန်းမှာလားမသိဘူး၊ တနှစ်မှာ စိန်ပီတာကျောင်းကိုယ်စား ပညာရည်ချွန်စာမေး ပွဲဝင်ဖြေဖို့အရွေးခံရပါတယ်။ မြန်မာစာစာစီစာကုံးနဲ့ အထွေထွေဗဟုသုတ ဆိုတဲ့ နှစ်မျိုးမှာဝင်ပြိုင်ရတာပါ။ နှစ်မျိုးစလုံးအတွက် စာမေးပွဲကို ဒိုင်အို(ခ)သံတဲကျောင်းမှာသွားဖြေရတာမှတ်မိ နေပါတယ်။ မြန်မာစာ စာစီစာကုံးအတွက် ရေးရတဲ့ခေါင်းစဉ်က “ကျောင်းသားနဲ့အားကစား”ပါ။ ကျွန်တော့်အကြိုက်တန်းတိုးတာပါပဲ။

ကျွန်တော်တို့အိမ်က ရန်ကုန်-မန္တလေးကသတင်းစာတွေကို နေ့ တိုင်းမှာယူထားတာမို့ ကျွန်တော်က ငယ်ငယ်ကလေးနဲ့သတင်းစာတွေဖတ်၊ ဆောင်းပါးတွေဖတ်ပြီး ငယ် ငယ်ကတည်းက စကားကြီးစကားကျယ်တွေ ပြောတတ်နေပါတယ်။ ကျွန်တော်မပျက်မကွက်ဖတ်တဲ့ ဆောင်းပါးတွေထဲမှာ မဏ္ဍိုင်သတင်းစာထဲက တနင်္ဂလာနေ့တိုင်းပါတဲ့ အားကစားသတင်းဆောင်းပါး တွေက ထိပ်ဆုံးပါ။ (အဲဒီတုန်းက အားကစားဂျာနယ်“တံခွန်”မထွက်သေးပါဘူး) နောက်ပြီး ဦးလေး ကျားဘငြိမ်းရဲ့ လူထုဂျာနယ်ထဲက ဆောင်းပါးတွေကိုလည်း ကျွန်တော်ကအလွတ်မပေးခဲ့ပါဘူး။ အဲဒီဆောင်းပါးတွေထဲက ကမ္ဘာကျော်တဲ့ ဘော့လုံးနဲ့လက်ဝှေ့သမားတွေ၊ အားကစားသမားတွေကို ကျွန်တော်က အင်မတန်မှအထင်ကြီးလေးစားခဲ့တာကိုး။

ဒီလိုနဲ့ အဲဒီ“ကျောင်းသားနဲ့အားကစား” ဆိုတဲ့စာစီစာကုံးကိုရေးရတော့ အားကစားကပညာရေးကိုဘယ်လို အထောက်အကူဖြစ်တယ် စတာ မျိုးတွေမရေးဘဲ ဟန်ဂေရီလက်ရွေးစင် ရှေ့တန်းထိပ်သီးပွတ်ရှ်ကပ်စ်ဟာ တနှစ်မှာဝင်ငွေ ဒေါ်လာ ဘယ် နှသန်းရတာ၊ ဘရာဇီးက ပီလီကိုကမ္ဘာမှာမသိသူမရှိဖြစ်ခဲ့တာ၊ လက်ဝှေ့သမားရော့ကီး မာစီယားနိုးဟာ ဘယ်လိုတော်တာ- ဝင်ငွေကောင်းတာ စတဲ့အချက်တွေကိုပဲ ကိန်းဂဏန်းတွေနဲ့ရေး ထည့်ခဲ့ပါတယ်။ စာစီ စာကုံးအတွက်ကျွန်တော် ဘာဆုမှမရခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့အဖြေလွှာတွေကို ကိုယ့်ကျောင်းကိုပြန် ပေးတဲ့အခါမှာ ကျွန်တော့်ကို ရွေးလိုက်တဲ့ မြန်မာစာဆရာဦးဘသောင်းက ဖတ်ကြည့်ပြီး “မင်းဟာကအထွေထွေဗဟုသုတ စာမေးပွဲဝင်ပြိုင်ဖို့ကောင်းတာကွ”လို့မှတ်ချက်ပြုပါတယ်။ ဆရာ ပြောတာမှန်ပါတယ်။ အဲဒီနှစ်ကကျောင်းပေါင်းစုံ အထွေထွေဗဟုသုတစာမေးပွဲမှာ ကျွန်တော်ပထမရ ပါ တယ်။

စာစီစာကုံးဆိုလို့ တပါတည်းမှာကျွန်တော်ငယ်ငယ်က သူများတွေပြောစမှတ်ပြုရတဲ့ မြန်မာစာအသိ ပညာအကြောင်းလည်းရေးပြချင်ပါတယ်။ ကျွန်တော် သုံးတန်းတက်နေတုန်းကပါ။ ၉နှစ်-၁ဝနှစ်အရွယ် လောက်ဖြစ်ပါလိမ့်မယ်။ အတန်းပိုင်ဆရာမကြီးက Mrs. Klinsmann ဆိုတဲ့ကပြားမကြီးဖြစ်ပြီး မြန်မာစာ သင်တာကတော့ ဒေါ်တင်အုန်းဆိုတာ ဗမာလူမျိုးဆရာမကြီး ဖြစ်ပါတယ်။ တနေ့မှာတော့ ဆရာမကြီးက ကဲ ... မင်းတို့တတွေ ဗမာစကားပုံ ဆယ်ခုစီရေးကြစမ်းလို့ ပါးစပ်ကလည်းပြော၊ ကျောက်သင်ပုန်းမှာလေည်း ရေးပြလိုက်ပါတယ်။ ဆယ်နှစ်သာသာ စိန်ပီတာသာသနာပြုကျောင်းသားတွေအတွက် ဒါဟာမလွယ်လှ ပေမယ့် ကျွန်တော့်အတွက်ကတော့ အပျော့ပါ။ သူများတွေထက်စာရင် ကျွန်တော်ကမြန်မာစာ ပိုဖတ် တယ်လို့ဆိုနိုင်သူကိုး။ ကျွန်တော့်စာအုပ်ကို ကျွန်တော်အရင်ဆုံးပဲ ဆရာမကြီးစားပွဲပေါ်တင်လိုက်ပါ တယ်။

စာအုပ်တွေကို ဆရာမကြီးက သူအိမ်ပြန်တဲ့အခါမှာစစ်ပြီးနောက်တနေ့ပြန်ယူလာတဲ့အခါမှာတော့ ခုနက ကျွန်တော်တင်လိုက်တဲ့ကျွန်တော့်စာအုပ်ကိုပြပြီး (ကျွန်တော်တို့ကတခါတလေစာအုပ်အဖုံးပေါ် မှာကိုယ့်နာမည်မရေးဘဲ ခုံနံပတ်ပဲရေးလေ့ရှိပါတယ်) “ဒီဟာဘယ်သူ့စာအုပ်လဲ”လို့ ပြုံးပြုံးကြီးမေး တော့ ကျွန်တော်က ကိုယ့်နေရာကနေမတ်တပ်ရပ်ပြလိုက်ရပါတယ်။ အတန်းထဲမှာအငယ်ဆုံးမို့ ကျွန်တော်ကရှေ့ဆုံးတန်းမှာ ထိုင်ရသူပါ။ ကျွန်တော့်ကို မြင်တော့ဆရာမကြီးက တခစ်ခစ်ရီပြီး မင်း အသက်ဘယ်နှနှစ်ရှိပြီလဲ၊ ဒါတွေဟာ မင်းရေးတာ-ဟုတ်လား။ ကဲ-ကဲ၊ အားလုံးပဲနားထောင်ကြည့်ကြ စမ်းပါဦးလို့ဆိုပြီး ကျွန်တော်ရေးတဲ့စကားပုံတွေ ကိုဖတ်ပြပါတယ်။ “ချစ်တိုင်းလည်းမညား-ညားတိုင်း လည်းမချစ်။ အချစ်ရေးမှာမျက်စိမပါဘူး။ ဝေးတသက်သက်၊ နီးတကျက်ကျက်- - - ”တတန်းလုံး တဝေါဝေါဖြစ်သွားတာပါပဲ။ ကျွန်တော်လည်းဒီအကြောင်းကို ကိုယ့်အိမ်သားတွေကိုတောင် ပြန်ပြောမပြရဲ အောင်ဖြစ်သွားပါတယ်။

ကျွန်တော့်ဘော့လုံးသမားဘဝကို ပြောရင် မန္တလေးဘော့လုံးလောကနဲ့ သံဃာတတော်များရဲ့ အကြောင်းလည်း ပြောပြဖို့လိုပါတယ်။ မန္တလေးက ဘော့လုံးပွဲမှန်သမျှ- ကြီးကြီးငယ်ငယ်-မှာ ပရိသတ် တွေအကြားသင်္ကန်းရောင်တထိန်ထိန်မြင်ရလေ့ရှိတာကို သတိထားမိကြပါလိမ့်မယ်ထင်ပါတယ်။ ၁၉၅ဝ စုနှစ်များနောက်ပိုင်းမှာ ခေတ်စားခဲ့တဲ့ တွဲပွဲတွေမှာ သံဃာတော်တွေ တွဲပွဲထိုးကြတာကို မှတ်မိသူတွေမှတ် မိကြပါလိမ့်မယ်။ ဘော့လုံးသမားတွေအကြားမှာ ဘော့လုံးကို ရည်မှန်းချက် အတိအကျမရှိဘဲ အမြင့်ကြီး ကန်ပစ်တာကို ဘုန်းကြီးကြိုက်ကန်တယ်လို့တောင် ပြောလေ့ရှိကြပါတယ်။

မမှားသောရှေ့နေ၊ မသေသောဆေသမားမရှိဆိုတဲ့စကားနဲ့အညီ ကျွန်တော်တို့ဘော့လုံးလောက မှာ မမှားသောဒိုင်လူကြီးမရှိလို့ ဒိုင်လူကြီးများအပေါ်နားလည်ယူကြပါတယ်။ တခါမတော့၊ ဘယ်အသင်း နဲ့ဘယ်အသင်းကစားတဲ့ပွဲလဲမမှတ်မိတော့ပါဘူး။ ဗထူးကွင်းမှာကစားတဲ့ပွဲတပွဲပါ။ အဲဒီပွဲမှာ ဘော့ပွဲ ကြည့်သံဃာတောတပါးက ဒိုင်လူကြီးကိုမကျေနပ်လို့ ဓားမြှောင်တချောင်းနဲ့ ကွင်းထဲကိုဆင်းလိုက်တာ ဒိုင်လူကြီးခမျာ ဘော့လုံးကွင်းလူကြီးတွေရှိတဲ့ အထူးတန်း (grand stand)ထဲကို ဝင်ပြေးပြီး မလွတ်သေး တဲ့အတွက် ကွင်းပြင်အထိထွက်ပြေး၊ တန်းစီရပ်ထားတဲ့ စက်ဘီးတွေကို လွှားကနဲကျော်သွားရတာကို နောက်တနေ့ လက်ဖက်ရည်ဆိုင်မှာ အဲဒီဒိုင်လူကြီးကရီ (ရယ်)ပြီး ပြောပြနေတာကိုမှတ်မိနေပါတယ်။ “ငါဖြင့် ဘယ်လိုလုပ်ကျော်လိုက်မိမှန်းတောင်မသိပါဘူးကွာ၊ ငါ့ကိုအခု အဲဒီစက်ဘီးတွေ ထပ်ကျော်ခိုင်းရင် ကျော် နိုင်မှာမဟုတ်ဘူး”တဲ့။ အဲဒီခေတ် ဘော့လုံးလောကရဲ့ ပြောစမှတ်တခုပါ။.

မန္တလေးဘော့လုံးလောကမှာ ဒီလိုကိစ္စတွေအပြင် ဘော့လုံးလောကကို ကြီးမားစွာအကျိုးပြုခဲ့တဲ့ ဆရာတော်သံဃာတော်များ အကြောင်းကို မပြောရင်လည်းမဖြစ်ပါဘူး။ ကျွန်တော်လူကြီးအသင်းတွေထဲမှာ ပါဝင်ကစားတဲ့ကာလဟာ (ကိုယ်ကသာ ဘာမှမစွမ်းတာ) ဗမာနိုင်ငံရဲ့အားကစားဟာ အာရှတိုက်မှာထိပ် တန်းအသင်း၊ မန္တလေးတိုင်းဟာလည်း တိုင်းနဲ့ပြည်နယ်ပွဲတွေမှာ အကြိမ်ကြိမ်ဒိုင်းရနေတဲ့ခေတ်ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မန္တလေးမှာဆိုရင် ဘော့လုံးကွင်းတွေမြို့အနှံ့အပြားမှာရှိပြီး ပြိုင်ပွဲ တွေကလည်း များလိုက်တာမှာ(မှ) တစ်နှစ်-တစ်နှစ် ဆယ်ပွဲနီးပါးလောက်ရှိပါတယ်။ ကျွန်တော်ဆိုရင် အဲဒီလို ပွဲတွေမှာလိုက်ကစားရာကနေ တစ်နှစ်ကိုဘော့လုံးကန်အင်္ကျီ ၇ ထည် ၈ ထည်ရပါတယ်။ အစိုးရ အား/ကာ က ဘော့လုံးပွဲကျင်းပတဲ့ကွင်းက ဗထူးကွင်းနဲ့ မလွန်ကွင်းပဲရှိတာပါ။

ဒါပေမဲ့ ကျန်တဲ့ သူရဲဈေးကွင်း၊ ဘုရား ကြီးကွင်း၊ ချမ်းမြသာစည်ကွင်း၊ (မန္တလေး) တောင်ခြေကွင်း၊ ဘုံကျော်(ကျောင်း)ကွင်း. စတဲ့ကွင်းတွေမှာ ဆရာတော်၊ သံဃာတော်များကကြီးမှူးကျင်းပကြပါတယ်။ ဘော့လုံးကွင်းစည်းအနား ကပ်ပြီး ထိုင်နေကြတဲ့ပရိသတ်ကို သံဃာတော်တွေက ကြိမ်လုံးတဝင့်ဝင့်နဲ့ ထိန်းနေတဲ့မြင်ကွင်းကို အခုအထိပြန် မြင်ယောင်နေမိပါတယ်။ အဲဒီလိုပြိုင်ပွဲတွေကနေ မန္တလေးတိုင်းလက်ရွေးစင်တွေထွက်ပေါ်ခဲ့သလို “ဘုန်း ကြီးအသည်းကျော် လေးတွေ”လည်းပေါ်ထွက်ခဲ့ပါတယ်။ သံဃာတော်များက သူတို့သံယောဇဉ်ရှိတဲ့ ဘော့လုံးသမားကို သူရုံထားတဲ့ သင်္ကန်းနဲ့ ချွေး(သုတ်)ပေးနေတဲ့ မြင်ကွင်းမျိုးလောက်ကတော့ ဘာမှမဆန်းဘူး လို့တောင် ပြောနိုင်ပါတယ်။ တချို့ဆရာတော်များ (ဥပမာ မန္တလေးတောင် က ဆရာတော်ဦးကုသလ) ဆိုရင် ကိုယ်တိုင်တောင် ဘော့လုံးအသင်းတွေ ထောင်ထားပါတယ်။ ဆရာတော်ဦးကုသလရဲ့ ဘော့သင်းတွေ (နာမည်တွေက ကျား-၁၊ ကျား-၂၊ ကျား-၃ ဆိုထင်ပါရဲ့) ကောင်းလွန်းလို့ ဘော့လုံး သမားချင်းတောင် မနာလို- အားကျရတဲ့အခြေအနေရောက်ခဲ့ပါတယ်။ ဘာပဲပြောပြော ဒီဆရာတော်၊ သံဃာတော်များကျေးဇူးကြောင့် မန္တလေးဘော့လုံးလောကတိုးတက်ခဲ့တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ဖိုးသံ(လူထု)