စစ်အာဏာသိမ်း ၂ နှစ်ခွဲပြည့်မယ့် သြဂုတ် ၁ ရက်နေ့ မတိုင်မီ စစ်ကောင်စီရဲ့ ခြေလှမ်းများ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၃
စစ်အာဏာသိမ်း ၂ နှစ်ခွဲပြည့်မယ့် သြဂုတ် ၁ ရက်နေ့ မတိုင်မီ စစ်ကောင်စီရဲ့ ခြေလှမ်းများ
အန်အယ်လ်ဒီ ပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အကြောင်းပြုပြီး စစ်အာဏာသိမ်းခဲ့တာ ခုရက်ပိုင်းအတွင်း ၂ နှစ်ခွဲပြည့်တော့မှာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ အနိုင်ရတာကို ကြည်ကြည်သာသာ ခွင့်ပြုခဲ့ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုတော့ ဒီအတိုင်းလက်မခံပဲ မဲစာရင်းလွဲမှားတယ်ဆိုတဲ့ အကြောင်းပြချက်ကို ပြပြီး အနိုင်ရပါတီ နဲ့ အဲကာလအာဏာရထားတဲ့ အစိုးရကို ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အပြောင်းအလဲ လုပ်ဖို့ တနည်းအားဖြင့် ဒီအတိုင်းလက်မခံနိုင်တဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲ အကြိမ်ရေ ၁ဒါဇင်ကျော် လုပ်ပြီး ဖိအားပေး နောက်ပိုင်းမှာ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အဖြစ်အပျက်တွေကတော့ အများသိကြတဲ့ အတိုင်း ဆန္ဒပြမှု၊ ဖြိုခွဲပစ်ခတ်မှု၊ ဖမ်းဆီးမှု၊ ခုခံတိုက်ခိုက်မှု၊ လက်နက်ကိုင် လမ်းစဥ်ရွေးချယ်ကာ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းမှု နဲ့ ပီဒီအက်ဖ်လို့ ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေပေါ်ထွက်လာတဲ့ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မြို့ပေါ်မှာ အလစ်အငိုက် ပစ်ခတ်မှု၊ လက်လုပ်ဗုံးခွဲမှု၊ သတင်းပေးလို့ သတ်မှတ်သူ၊ သံသယရှိသူ၊ စစ်ကောင်စီအုပ်ချုပ်ရေးရဲ့ ဒေါက်တိုင်လို့ ခေါ်ဆိုသတ်မှတ်တဲ့ အုပ်ချုပ်ရေး၊ အရပ်ဘက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုကို လုပ်ကြံသတ်ဖြတ်မှုတွေ၊ တိုက်ပွဲတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေပါ မရှောင် သတ်ဖြတ်မှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့မှုတွေနဲ့ သောင်းနဲ့ ချီတဲ့ ဖမ်းဆီးမှု၊ တရားစီရင်ခြင်းမရှိဘဲ သတ်ဖြတ်ခံရမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီလို နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြစ်ရပ်တွေအပြင် ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေအပြင် ယခင်မကြုံဖူးတဲ့ နှုန်းထားတွေနဲ့ ငွေကြေးဖောင်းပွမှု၊ တိုက်ပွဲတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေမလုပ်ကိုင်နိုင်ပဲ ရိက္ခာအခက်အခဲ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ အခြေအနေမှာ ကျန်းမာရေးပြဿနာ စတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေး အခက်အခဲ ဆုတ်ယုတ်ပျက်ယွင်းမှု များစွာ ဖြစ်ပေါ်ခဲ့တဲ့ ၂ နှစ်ခွဲကာလလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
စစ်ကောင်စီအနေနဲ့ ယမန်နှစ်ကုန်အထိ ရွေးကောက်ပွဲ မကြာခင် ကျင်းပတော့မယ့် ဟန်ပြခဲ့ပေမယ့် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် တရက်မှာတော့ နောက်ထပ် ၆ လ သက်တမ်းတိုးပြီး ရွေးကောက်ပွဲ အကြောင်းထက် စစ်အုပ်ချုပ်ရေးကြေညာကာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တိုက်ခိုက်ဖို့ ဘက်ကိုဦးတည်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး တိုးချဲ့ကြေညာပြီး ၆ လခန့်အကြာ အခုနေပြန်ကြည့်မယ်ဆိုရင် စစ်ရေးအရ အသာစီးရလာတဲ့ အနေအထားမရှိပဲ စစ်ကောင်စီအနေနဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဧရိယာ ပိုမိုကျယ်ပြန့်လာတာ၊ ဆက်သွယ်ရေး ကားလမ်းတွေကို စိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုလျော့ကျလာတဲ့ ရလဒ်သာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆိုလို့ တဖက်မှာ အန်ယူဂျီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ဒေသအလိုက် ဖွဲ့စည်းပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ အနေနဲ့ နယ်မြေအရ ပိုမိုထိန်းချုပ်လာနိုင်ပေမယ့်လည်း နိုင်ငံရေးအရ စုစည်းမှုအပိုင်းမှာ အားနည်းနေဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ၂ နှစ်ခွဲတာကာလမှာ သံတမန်ရေး၊ စစ်ရေး၊ စီးပွားရေး၊ စစ်ကောင်စီတပ်အင်အား ပြန်လည်ဖြည့်တင်းနိုင်ရေး စတာတွေမှာ အကျဘက်တွေဆီ ဦးတည်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် နေ့ချင်းညချင်း စစ်ကောင်စီ ပြိုကွဲကျဆုံးသွားမယ်လို့ မျှော်လင့်ရင်တော့ အလွယ် ကောက်ချက်ချရာကျပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ သူ့ရဲ့ မဟာဗျူဟာကို ပြောင်းလဲဖို့ စဥ်းစားနေတဲ့ အရိပ်လက္ခဏာတွေကို ၂ နှစ်ခွဲ မပြည့်ခင် သီတင်းပတ်အနည်းငယ် အလိုမှာတွေ့လာရတာ ဖြစ်ပါတယ်။
ပထမဆုံး လက္ခဏာကတော့ ဇူလိုင်လ ၉ ရက်မှာ ထိုင်းနိုင်ငံရေး ဝန်ကြီးရဲ့ နေပြည်တော်ကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ခွဲလုံးလုံး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေ ချိုးဖောက်လို့ အမှုရင်ဆိုင်နေရသူ၊ ပြစ်ဒဏ်ကျခံနေရသူအဖြစ် ပုံဖော်ခဲ့ပြီး ရုတ်တရက် နိုင်ငံတကာက အစိုးရအဖွဲ့ဝင် တဦး၊ အာဆီယံနိုင်ငံတနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးလိုက်ခြင်းက စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာကို နိုင်ငံရေး နယ်ပယ်မှာ အသုံးပြုချင်တာ၊ တနည်းအားဖြင့် ၄င်းရဲ့ စစ်ရေးအရ နှိမ်နှင်းတဲ့လမ်းစဥ် မအောင်မြင်တာကို ဝန်ခံလိုက်တာလို့ ကောက်ချက်ချရမယ့် အနေအထားဖြစ်ပါတယ်။
အဲဒီနောက် သီတင်းပတ် အနည်းငယ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကနေ ဒုဝန်ကြီးတွေ နေတဲ့ နေအိမ်တအိမ်ကို ပြောင်းရွှေ့လိုက်ခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျ အကျဥ်းသားတဦး ဆိုတာကို ဖယ်ရှားလိုက်တဲ့ သဘောသက်ရောက်တယ်လို့ ကောက်ချက်ချမယ်ဆို ချနိုင်ပါတယ်။
တဖန် ခုရက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အထူးသံတမန် နေပြည်တော်ခရီးစဥ်ကလည်း မကြာခင် စစ်ကောင်စီရဲ့ ၆ လ သက်တမ်းတိုးကာလမှာ အပြောင်းအလဲ ခြေလှမ်းတခုခုနဲ့ ဆက်စပ်နေနိုင်လားဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
မကြာခင်ရက်ပိုင်း အတွင်း နိုင်ငံရေး အခင်းအကျင်း အပြောင်းအလဲတွေ၊ အရွှေ့ တွေ ၊ အရွေ့တွေ ခပ်သွက်သွက် ပေါ်ထွက်လာနိုင်ခြေလည်း ရှိနေတဲ့ သဘောဖြစ်ပါတယ်။
ဒီလိုကာလမှာ နိုင်ငံရေး အင်အားစုတွေ အနေနဲ့ အပြောင်းအလဲကို ချဥ်းကပ်ကြရာမှာ အများပြည်သူပေါ် သက်ရောက်မယ့် ရေတို၊ ရေရှည်အကျိုးရလဒ်၊ မိမိအဖွဲ့ရဲ့ အခြေခံရပ်တည်ချက်တို့ နဲ့ တိုင်းတာ တုံ့ပြန်ကြရမယ့် အခြေအနေလို့ ထင်မြင်မိပါတယ်။
အခုလို စစ်ကောင်စီက စစ်ရေးထိုးစစ်တွေ လျှော့ချခြင်း မရှိသေးဘဲ တိုက်ပွဲဖော်နေဆဲ ဖြစ်ပြီး နိုင်ငံရေးမျက်နှာစာမှာလည်း အကွက်တွေ ရွှေ့လာသလို မြန်မာပြည်သူတွေကြားထဲမှာ ဝါဒဖြန့်သတင်းတွေ ဆိုရှယ်မီဒီယာပေါ်က သွေးခွဲ သွေးကွဲစေတဲ့ အမှားသတင်းတွေ ဖြန့်ချိမှုတွေ တိုးပြီး လုပ်ကိုင်လာတာကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar